ကမ္ဘာမြေ၏၀င်ရိုးအတွင်းမှ နံရိုးများ

ဆရာရဲသျှမ်းရဲ့ ကမ္ဘာမြေ၏၀င်ရိုးတစ်ချောင်းစာအုပ်ကို ဖတ်ပြီးတာတော့ကြာခဲ့ပါပြီ။ဒါပေမယ့် ဒီစာအုပ်လေးအကြောင်းကို တော်တော်နဲ့မရေးဖြစ်ခဲ့။ ဆရာရဲသျှမ်းရဲ့ဝတ္တုတိုတွေကတော့ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက မဂ္ဂဇင်းပေါင်းများစွာမှာစဉ်ဆက်မပြတ်ဖတ်ခဲ့ရ နှစ်သက်ခဲ့ရတဲ့ဝတ္တုတိုတွေများပါတယ်။
ဆရာရဲသျှမ်းက မမ မိသားစု(မြန်မာ့မီးရထားမိသားစု)၀င်ဖြစ်သလို ကျွန်တော်ကလည်း မမ မိသားစုဝင်ဆိုတော့ စိတ်ထဲမှာ အလိုလိုရင်းနှီးမူ့ကရှိနေခဲ့ပါတယ်။
မမမိသားစုဝင်ဖြစ်တဲ့အတွက် မီးရထားအကြောင်းဆို စိတ်ဝင်စားပြီးသားဖြစ်သလို ဆရာရဲသျှမ်းကလည်း မီးရထားနဲ့ ပါတ်သက်တာတွေဘဲရေးတော့ အမြဲဖတ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီကမ္ဘာမြေရဲ့ဝင်ရိုးတစ်ချောင်းကတော့ မီးရထားအရာရှိတစ်ယောက်ရဲ့ ဘ၀မှာကြုံတွေ့ရတာတွေကို ရေးထားတဲ့ဘ၀အကြောင်းဘဲဖြစ်ပါတယ်။
မီးရထားလောကမှာနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူရေးတဲ့စာဖြစ်လို့ အကြောင်းအရာအဖြစ်အပျက်တွေက အားလုံးကွက်တိ။ စာတွေ့ မဟုတ် သူများပြောတာ မဟုတ်ဘဲ ကိုယ်တိုင်ထိတွေ့ပါတ်သက်ခဲ့သူရဲ့စာဖြစ်တဲ့အတွက် ဖတ်ရတာ အင်မတန်မှဘဲ အရသာရှိလွန်းပါတယ်။
၀န်ထမ်းအချင်းချင်း မလိုတမာစိတ်နဲ့ခပ်ပေါ့ပေါ့ပြောသူတစ်ယောက်ကြောင့်ကျခဲ့ရတဲ့မျက်ရည်တွေအတွက်ကတော့ အင်မတန်ဝမ်းနည်းစရာကောင်းသလို ၀င်ရိုးတစ်ချောင်းကို ဖတ်မိမှဘဲ မီးရထားတစ်စီးထွက်ဘို့အတွက်လုပ်ဆောင်ရတဲ့အခက်အခဲကိုသိလာရတဲ့အခါ မီးရထားအချိန်နောက်ကျတာကို ငြိုငြင်ခဲ့မိတဲ့စိတ်ကလေးအတွက်နောင်တတွေရမိပါတယ်။
မီးရထားဘူတာရုံကိုအမှီပြုပြီး ရှင်သန်ကြရတဲ့ ဘ၀များစွာရဲ့အကြောင်းတွေကိုဖတ်မိရတော့ “ ငါ့ကြုံရတဲ့ ဒုက္ခကဘာဟုတ်သေးလို့လဲ“ဆိုပြီးကိုယ့်ကိုယ်ကိုယ်ပြန်အားပေးမိပါတယ်။
နောက်ဝန်ထမ်းတစ်ယောက်ရဲ့ဘ၀မှာ ကြီးစဉ်ငယ်လိုက် အဆင့်ဆင့်ရှိနေကြပြီး မှန်ရာကိုပြန်ပြောခွင့်မရှိတဲ့ အကြောင်းအရာတွေကို ခေါင်းငုံ့ခံရတာ နှစ်များစွာကြာပေမယ့် မပြောင်းမလဲရှိနေလျက်ဆိုတာကို သိလိုက်ရချိန်မှာ အံကြိတ်ထားရုံထက်ဘာမှ ပိုလုပ်ခွင့်မရ။ အကြောင်းကိစ္စတစ်ခုပေါ်ပေါက်လာခဲ့ရင် တိုင်ကြ တောကြ တကယ့်တာဝန်ရှိသူတွေကခေါင်းရှောင်ပြီးနေကြ နောက်ဆုံးတော့ အင်အားနည်းသူအပေါ်ပုံချလိုက်ရတဲ့အကြောင်းတွေဖတ်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဘူတာရုံတစ်ခုကိုအခြေခံပြီးဖြစ်ပျက်တဲ့အကြောင်းအရာတွေက ပြောမဆုံးပေါင်တောသုံးတောင်ပါဘဲ။
ဒီစာအုပ်လေးက စိတ်ပျက်စရာကောင်းသောအကြောင်းတွေကိုဘဲရေးဖွဲ့ထားတယ်ထင်ရင်မှားပါလိမ့်မယ်။ ဆရာရဲသျှမ်းတစ်ယောက် စာရေးဆရာဖြစ်ဘို့ကြိုးပမ်းမူ့တွေ ဆရာ့ရဲ့အောင်မြင်မူ့တွေ သာမကဘဲစာပေ၀ါသနာရှင်တွေတူရာစုပြီး ဖြစ်မြောက်အောင်လုံးပန်းခဲ့ကြတဲ့စာဖတ်ဝိုင်းလေးတွေအကြောင်းဖတ်ရတော့ အားတက်စရာကောင်းလှပါတယ်။
ဒီအထဲမှာ ချစ်စရာ ကောင်းသော အဖွဲ့လေးကတော့ မြန်မာပြည်မှာ သုံးလုံးထဲဘဲရှိတယ်ဆိုတဲ့ ရှားပါးစာရင်းဝင် အနဲရဲ့ပေါင်ချိန်စက်ကလေးအကြောင်းပါဘဲ။
ပြောရရင်တော့ ဒီကမ္ဘာမြေရဲ့ဝင်ရိုးတစ်ချောင်းထဲမှာ ဘ၀ပေါင်းများစွာ နံရိုးပေါင်းများစွာ ပျော်ဝင်နေတာပါဘဲ။ ဖတ်ရင်းတွေးမိတာကတော့ ဆရာရဲသျှမ်းကြုံခဲ့ရမယ့် အဖြစ်အပျက်အကြောင်းအရာတွေ ဆရာသိထားတာတွေက အခုချပြထားတာ ထက်ပိုမိုပြီးများမယ် ပြောချင်တာတွေကျန်နေသေးမယ်လို့ထင်မိပါတယ်။ တစ်နေ့နေ့မှာတော့ ဆရာရဲသျှမ်းပြောချင်သလောက် အိတ်သွန်ဖာမှောက်ပြောခွင့်ရမယ့် နေ့ရက်ကိုစောင့်မျှော်နေမယ်လို့ သတင်းစကားပါးချင်ပါတယ်။
ဆရာရဲ့သျှမ်းတစ်ယောက်ကျန်းမာ အသက်ရှည်ပြီးစာတွေအများကြီးရေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။
ကိုပေါက်(မန္တလေး)
23523