ခတ္တာခင် – အနောက်အရပ်ဆီမှာ ငို

ချစ်ခြင်းမေတ္တာလို့ ဆိုလိုက်ရင် ချစ်သူတို့ကြားက အချစ်၊ မိဘနဲ့ သားသမီးကြားက အချစ်တို့လိုပဲ တစ်အူထုံဆင်း ညီိအစ်ကို၊ ညီအစ်မတွေကြားက ချစ်ခြင်းမေတ္တာဟာလည်း ချန်လှပ်ထားလို့ မရအောင် နက်ရှိုင်းလှပနေစမြဲပါ။ ဆရာမခတ္တာခင်ဟာ ယခုစာအုပ် ‘အနောက်အရပ်ဆီမှာ ငို’ မှာ စောမြစံနဲ့ နှင်းမြစံတို့ကြားက အပြစ်ကင်းတဲ့ ချစ်ခြင်းမေတ္တာတရားအကြောင်းကို အလှပဆုံး ရေးဖွဲ့ထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
‘အနောက်အရပ်ဆီမှာ ငို’ဟာ ညီအစ်မနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဘွဲ့ဝတ္ထုတစ်အုပ်ဆိုပေမယ့် စာရေးသူဟာ စာအုပ်ရဲ့ ကာလဒေသနောက်ခံကို မြန်မာနိုင်ငံအနောက်အရပ် ရခိုင်ဒေသကို တည်ဆောက်ရေးဖွဲ့ထားပါတယ်။ အဲ့ဒီအတွက် စာဖတ်သူတို့ဟာ ရသဝတ္ထုတစ်ပုဒ်ကောင်းတစ်ပုဒ်ဖတ်ရင်း သမိုင်းတွင်တဲ့ ခေတ်ကာလကိုပါ တစ်တွဲတည်း မြင်တွေ့သွားရမှာပါ။
စာရေးသူရဲ့ မွေးရပ်မြေကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တာမို့ ဝတ္ထုနောက်ခံဖြစ်တဲ့ တောင်ကုတ်နဲ့တကွ ရခိုင်ပြည်နယ်ဘက်က ဒေသတွေဟာ ကြွရွနေပါတယ်။ ဒီစာအုပ်မှာ မမလေးလို့ စောမြစံ အမြဲခေါ်တဲ့ နှင်းမြစံ ဇာတ်ကောင်ဟာ ဆရာမခတ္တာခင်ရဲ့ ပြင်ပလောကက အစ်မ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုထားပြီး စာအုပ်ထဲမှာ မမလေးဟာ ရခိုင်ပြည်နယ် မောင်တောဒေသကို တာဝန်ထမ်းဆောင်ဖို့ သွားရာကနေ လုံးဝ အဆုံးအစရှာမတွေ့ပဲ ပျောက်ဆုံးသွားရတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။
ရင်နင့်စရာ အဖြစ်ဆိုးကို ကြုံတွေ့ခဲရတဲ့ မမလေးနဲ့ ပတ်သက်ပြီး စောမြစံရဲ့ မေတ္တာလွှမ်းတဲ့ သောကတွေကို စာစီထားတဲ့အကြောင်းကို စာရေးသူက “ကျွန်မဝတ္ထုမှာ စာဖတ်သူကို ပေးချင်တဲ့အရာ ဆိုတာမျိုးထက် ရေးချင်တာတွေကို စိတ်လိုလက်ရ ခံစားရသမျှ ရေးချလိုက်တဲ့ ဝတ္ထု” လို့ ဆိုထားပါတယ်။ ဆရာမခတ္တာခင်ရဲ့ စိတ်လိုလက်ရ ခံစားရတာတွေက စာဖတ်သူတို့ကို အနောက်အရပ်ဆီကို ဆွဲဆောင်ခေါ်ယူသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ထိလွယ်ရှလွယ်အရေးကို လှလှပပလေး စာစီပြီး အားလုံးနှစ်သက်ဖို့ ခြယ်မှုန်းထားတဲ့ ဝတ္ထုစာအုပ်ကောင်းတစ်အုပ်ကို မဟာစာပေက ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။