ညိုအတွက် ရှင်းတမ်းတစ်စ

(ဝတ္ထုကို ဝတ္ထုလိုပဲခံစားစေချင်တာ ရင်ထဲကဆန္ဒအမှန်ပါ)
ပြောင်းလဲသွားတဲ့ခေတ်အခြေအနေနဲ့ ကိုဗစ်၁၉ ကပ်ရောဂါ ပြီးသွားတဲ့အခါမှာတော့ စာရေးသူအပါအဝင် ဆင်ခြေဖုံးရပ်ကွက်က လူတော်တော်များများ ဒုက္ခ၊သုက္ခပေါင်းစုံနဲ့ကျန်ရစ်ခဲ့ကြပါတယ်။အဆင်မပြေမှုတွေနဲ့နပန်းလုံးကြရပါတယ်။စာရေးသူရဲ့ မဖြစ်စလောက်ဆေးဆိုင်ကလေး အရင်းပြုတ်သလိုလို ဖြစ်လာတဲ့အတွက် အရင်းထပ်မထည့်နိုင်တော့ပါဘူး။အရင်းမဖြည့်ဘဲလက်ကျန်ကလေးတွေထုတ်ရောင်းရင်း အမယ်တွေကနည်းလာတဲ့အတွက် ဖောက်သည်တွေနည်းပြီး ဆိုင်ပြုတ်တဲ့ဘဝရောက်ရပါတယ်။
အစ်ကိုနဲ့အစ်မရဲ့ ကူညီထောက်ပံ့မှုတွေကြောင့်သာ ထမင်းမငတ်ခဲ့တာလို့ပြောရင် ရပါတယ်။စာရေးသူလို ကြောထောက်နောက်ခံရှိတဲ့ လူတွေအတွက် သိပ်အဆိုးကြီးဒုက္ခမရောက်ခဲ့ပေမယ့် ကြောထောက်နောက်ခံလုံးဝမရှိတဲ့ လူတွေအတွက်ကတော့ စားဝတ်နေရေးအတွက် ဖြစ်သလို၊ကြုံသလိုရှာဖွေလာကြတာတွေကိုမြင်တွေ့လာရပါတယ်။ခိုး၊ဆိုး၊လု၊နှိုက်ကြတာမျိုး။တောင်းစား၊ခြူစား၊မြှုစားတာမျိုးတွေများလာပါတယ်။ ထမင်းကြော်တစ်ပွဲ လက်ဖက်ရည်တစ်ခွက်အတွက်နဲ့ အမျိုးသားတစ်ယောက်နဲ့အတူ ပါသွားတဲ့ ခပ်နုံနုံ အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရတဲ့အခါမှာတော့ ညိုကိုစရေးမယ်ဆိုပြီး အလင်းတစ်စရခဲ့ပါတယ်။ရှာရဖွေရ ခက်လာတဲ့အချိန်ကာလမှာ မိသားစုကိုယ်စီရှိကြတဲ့ အစ်ကို၊အစ်မကို အချိန်ပြည့်အားကိုးနေလို့မရဘူးဆိုတဲ့အတွေးနဲ့ ပိုက်ဆံရအောင် စာရေးမှဖြစ်မယ်ဆိုတဲ့ တွန်းအားက အဓိကပေါ့လေ။
အဲ့ဒါနဲ့ပဲ.. ဟိုးအရင်ကတည်းကရှိခဲ့ဖူးတဲ့ညိုတွေနဲ့ ခေတ်အပြောင်းမှာ ပြန်များလာတဲ့ညိုလိုမိန်းမစားတွေကို တတ်နိုင်သမျှ လေ့လာပြီး ညိုကိုစတင်ဖန်တီးခဲ့တယ်လို့ပဲပြောရပါမယ်။ တကယ်တော့ညိုဆိုတဲ့ဇာတ်ကောင်ဟာအပြင်မှာတကယ်မရှိပါဘူး။စာရေးသူကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံအပါအဝင် အပြင်မှာ မြင်ဖူး၊တွေ့ဖူး ၊ကြုံဆုံခဲ့ဖူးတဲ့ညိုတွေရဲ့ကိုယ်စား ဖန်တီးပေးခဲ့တာပါ။ကိုယ်စားပြုပေးခဲ့တာပါ။ ညိုဆိုတာအပြင်မှာတကယ်မရှိပေမယ့် အမျိုးသားဇာတ်ကောင်တွေကတော့ အပြင်မှာတကယ်ရှိခဲ့ကြတဲ့ စာရေးသူနဲ့ ခင်မင်ရင်းနှီးခဲ့ဖူးသူတွေပါ။ တကယ့်လက်ရှိအခြေအနေအမှန်မှာတော့ တာဝန်မဲ့တတ်တဲ့ သိန်းသန်းမောင်ကရန်ကုန်ကချစ်သူကိုပစ် စက်ာပူရောက် မလေးမတစ်ယောက်နဲ့ညားနေတာပါ။ လင်းနိုင်ကတော့ မမနီလာနဲ့ကွာရှင်းပြီး ခေတ်ကာလအခြေအနေအရ သူ့ထက်အခြေအနေမြင့်မားသူ ကလေးနှစ်ယောက်အမေတစ်ယောက်နဲ့ ဘာလိုလို၊ညာလိုလို ဖြစ်နေခဲ့တာပါ။ အသည်းကြီးလို့ရွာပြန် ဆေးကုနေရတဲ့ ရေစကြိုသားကိုကိုအောင်ကတော့ သူ့ရွာမီးရှို့ခံရတဲ့အတွက် ဘုန်းကြီးကျောင်းကပ်နေရတဲ့ဘဝပေါ့လေ။ ဦးကိုထွေးကတော့ မကွေးတိုင်းပဒါန်ဆိုက်မှာပဲ အညာသူတစ်ယောက်နဲ့ဘာလိုလိုညာလိုလို ဖြစ်နေဆဲပါ။
သူတို့အားလုံးရဲ့အခြေခံဘဝအမှန်တွေကို အရင်းတည် ပြီး ညို့နဲ့ပတ်သက်စေခဲ့တာပါ။ ညိုသိသလောက်ပဲ စာဖတ်သူသိစေရမယ်ဆိုတဲ့စိတ်နဲ့ အဖြစ်မှန်တချို့ကို ချိတ်ဆက်မပေးခဲ့တာပါ။ အမည်တွေလွှဲထားခဲ့ပေမယ့် အပြင်မှာအမှန်တကယ်ရှိတဲ့အမျိုးသားဇာတ်ကောင်တွေရဲ့လက်ရှိအခြေအနေအမှန်ကိုထည့်တွက်ပြီး စာရေးသူ ဖန်တီးခဲ့တဲ့ညိုကို လွတ်မြောက်ခွင့်မပေးခဲ့တာပါ။ ခပ်ရှင်းရှင်း ပြောရရင် ခေတ်အခြေအနေအရ ညိုကိုဖန်တီးခဲ့သူကိုယ်တိုင် အဆင်မပြေမှုတွေနဲ့မလွတ်မြောက်သေးတဲ့အတွက် ညိုကိုလည်းအမှောင်ထဲပို့ပြီး ပိတ်လှောင်ထားခဲ့လိုက်တာပါ။ဇာတ်သိမ်းကို ညစ်တွန်းတွန်းလိုက်တဲ့သဘောပါ။ခေတ်ကို တစ်စွန်းတစ်စပြရုံကလွဲပြီး အများကြီး မပြရဲခဲ့ပါဘူး။
ဒါပေမဲ့.. ညိုကိုလွတ်မြောက်ခွင့်မပေးဘဲ အမှောင်လမ်းမှာပဲပစ်ထားခဲ့မိတဲ့အတွက် စာဖတ်သူအများစုကစိတ်ဆိုးကြပါတယ်။မက်ဆင်ဂျာ၊fb ကတဆင့် ဝေဖန်၊အကြံပေး၊ထောက်ပြ၊အလိုမကျ၊စိတ်ဆိုးခဲ့ကြသူတွေလည်းအများကြီးပါပဲ။ ညိုကိုပိတ်လှောင်ထားခဲ့မိလို့ အလိုမကျ၊ပြစ်တင်၊ထောက်ပြ၊စိတ်ဆိုး၊ယူကျုံးမရ ဖြစ်ခဲ့ကြသူတွေရဲ့စကားတွေကြောင့် စာရေးသူကိုယ်တိုင် ညိုဟာအပြင်မှာရှိသလိုလိုတွေဖြစ်လာခဲ့ပါတယ်။ညို့ကိုသနားအားနာစိတ်တွေနဲ့ အိပ်မရညတွေလည်းရှိခဲ့တာပါပဲ။ဒါပေမဲ့ ညိုကိုပြန်လည်လွတ်မြောက်စေမယ့် “လွတ်မြောက်စ ညို”စာအုပ်မျိုးတော့ ဆက်ရေးဖို့အစီအစဥ်မရှိသေးပါဘူး။ ကုန်စျေးနှုန်းတွေကျပြီး ရှာရ ဖွေရ မခက်တဲ့ အခြေအနေမျိုး ရောက်လာခဲ့ပြီဆိုရင်တော…….။ ဘာပဲဖြစ်ဖြစ် ညိုနဲ့ပတ်သက်ပြီး ခံစားသက်ဝင် ဝေဖန်ထောက်ပြ ဖတ်ရှုပေးခဲ့ကြသူအားလုံး ကိုကျေးဇူးတင်ပါတယ်။ လိုအပ်ချက်တွေ ရှိခဲ့တာကိုလည်းဝန်ခံပါတယ်။ စာချစ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
ထွန်းတောက်ထွဋ်(သခ်ျာ)