ခေတ္တ…နာကျင် ကြေကွဲခဲ့ဖူးသူတစ်ယောက်


Featured Image

(ကိုယ်တိုင် ကြုံတွေ့ခဲ့သမျှ ဘဝရဲ့မှတ်တမ်းတချို့ ချရေးဖြစ်တဲ့အခါ ရင်ထဲမှာနာကျင်စွာ)

၁၉၉ရ ခုနှစ်မှာ မလေးရှားကနေပြီးတရားမဝင်အလုပ်လုပ်ရင်း ပြန်လာခါစအချိန်ဟာ အရင်းကျေရုံကလွဲ စာရေးသူရဲ့ဘဝရှေ့ရေးအတွက် ငွေးကြေးအားဖြင့်သိပ်များများစားစားမပါလာခဲ့ပါဘူး။အဲ့ဒါကြောင့် တစ်လလောက်ပဲအိမ်မှာနားပြီး သင်တော်မယ့်အလုပ်တွေကို ရန်ကုန်မှာပဲပြန်လုပ်ခဲ့ရပါတယ်။ မလေးရှားကို အောက်လမ်းကနေပြီး တရာမဝင် ဝင်ခဲ့ရတာတွေ။ကြုံဆုံလာရတဲ့ အခက်အခဲတွေ။အမှန်တကယ်အဖမ်းခံရလို့ ထိန်းသိမ်းရေးစခန်းရောက်သွားခဲ့တာတွေ။မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကင်မရမ်းမြို့ကလေးမှာရှိတဲ့ ကန့်မ့် ထဲကတာဝန်ရှိသူတွေရဲ့ လူမဆန်စွာ နှိပ်စက်ညှင်းပန်းခဲ့မှုတွေ။လူ့အခွင့်အရေးဆုံးရှုံးခဲ့တာတွေ စသဖြင့် စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ နာကျင်ကြေကွဲမှုတွေကို ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ ဆုံတဲ့အခါတိုင်း ပြောပြဖြစ်ခဲ့တာတော့အမှန်ပါပဲ။ ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ ပြန်ပြောဖြစ်တဲ့အခါတိုင်း နားထောင်သူတွေဘက်က စုပ်သပ် ၊သနားခဲ့ကြသလို။ တရားမဝင်အောက်လမ်းကနေပြီး တစ်ပြည်တစ်နိုင်ငံမှာ စီးပွားရှာကြသူတွေရဲ့ ဒုက္ခတွေကို သိကြရတဲ့အတွက် နိုင်ငံခြားလောကကို ထိတ်လန့်ကြောက်ရွံ့သွားသူတွေလည်း မနည်းလှပါဘူး။

1999ခုနှစ်လောက်မှာတော့ စာရေးသူအနေနဲ့ ပုဂ္ဂလိက အလုပ်တွေကိုစိတ်ကုန်လာတဲ့အတွက် အလုပ်ကထွက်ပြီး အစ်ကိုကြီးရဲ့အကူအညီနဲ့ ဆင်ခြေဖုံးရပ်ကွက်ကလေးတစ်ခုမှာ ဆေးဆိုင်ကလေးတစ်ဆိုင် ဖွင့်ဖြစ်ခဲ့ပါတယ်။ငယ်စဥ်ကတည်းက စာပေဝါသနာပါခဲ့သူမို့ စာအုပ်အငှားဆိုင်ကလေးပါ ပူးတွဲဖွင့်ဖြစ်ခဲ့ပါတယ်။ဆေးရောင်းနေရင်းကပဲ အားတဲ့အချိန်တွေမှာရသစာပေတွေ ပြန်ဖတ်ဖြစ်ခဲ့တဲ့အတွက် ငယ်စဥ်ကတည်းကပါလာပြီးသားစာပေပိုးက နိုးကြွလာတယ်လို့ပဲဆိုရပါမယ်။ အဲ့ဒီလိုနဲ့ပဲ ဝတ္ထူတိုကလေးတွေ စရေးဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်အရောက်မှာတော့ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ရွှေအသစ်ကဏ္ဍမှာ ရွေးချယ်ဖော်ပြခံချင်တဲ့စိတ်ကြောင့် စာမူတွေ စပို့ဖြစ်တာပါပဲ။ ၂၀၀၈ ခုနှစ် ဧပြီလထုတ်ရွှေအမြုတေမဂ္ဂဇင်းကနေပြီး စာပေလေါကထဲ စတင်ဝင်ရောက်ခဲ့ပြီး စာရေးသက် လေးငါးနှစ်လောက်အရောက်မှာတော့ မလေးရှားမှာ ကြုံခဲ့ရသမျှ အကြောင်းတွေကို လုံးချင်းဝတ္ထုအဖြစ် စရေးမယ်လို့အကြံရခဲ့ပါတယ်။

စရေးစဥ်ကတော့ အခန်းဆက်ဝတ္ထုရှည် တစ်ပုဒ်အနေနဲ့ ချရေးခဲ့တာပါပဲ။၆လစာလောက်ရေးပြီးခဲ့စဥ်မှာတော့.. မလေးရှားမှာအဖမ်းခံရတဲ့အကြောင်းတွေဆီ ရောက်လာခဲ့တဲ့အတွက် ကြုံခဲ့ရသမျှ ရင်နာစရာတွေက အဟောင်းတွေအသစ်ဖြစ်လာတဲ့အတွက် ရပ်သွားခဲ့ပြန်ပါတယ်။ စိတ်ပါရင် ရေးခဲ့တာတွေကိုပြန်ဖတ် ပြန်ဆက်ရေး ၊စိတ်ဆင်းရဲရင် ရပ်သွားလိုက်နဲ့ ၇နှစ်၈နှစ်လောက် ကြာခဲ့ပြီးမှ အစအဆုံးရေးပြီးတဲ့သဘောပါပဲ။၁၂လစာ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ကို မဂ္ဂဇင်းအယ်ဒီတာတွေဆီပြပြီး စာမေးပွဲအစစ်ခံချင်ခဲ့ပေမယ့် ကိုယ့်လက်ကို ကိုယ်မယုံသလိုဖြစ်လာတာကြောင့် အစမ်းသပ်မခံရဲခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ် အခြေအနေအကြောင်းတရားအမျိုးစုံကြောင့်နောက်ထပ်သုံးနှစ်မက ထပ်ကြာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ မဟာစာပေနဲ့ဆက်သွယ်မိပြီး ပထမဦးဆုံးလုံးချင်းစာအုပ်အဖြစ် ၂၀၂၂မှာ စာဖတ်သူလက်ထဲအရောက်ပို့နိုင်ခဲ့တာမျိုးပါ။

တကယ်တော့….ခေတ္တ…နာကျင် ကြေကွဲခြင်းဟာ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းအရာတွေကို အရှိကို အရှိအတိုင်း၊အမှန်ကိုအမှန်အတိုင်း ချရေးဖြစ်ခဲ့တဲ့အတွက် စာဖတ်သူတွေရဲ့ ကျေနပ်နှစ်သက်မှုကို ရခဲ့တာတော့အမှန်ပါပဲ။ ၁၉၉၅ ခုနှစ်လောက်ကပဲဆိုဆို အခုခေတ်အခြေအနေအထိပဲပြောပြော တရားမဝင်နည်းလမ်းတွေနဲ့ နိုင်ငံခြားလောက ကိုတိုးဝင်ချင်ကြသူတွေအတွက် ကြုံတွေ့လာနိုင်တဲ့အခက်အခဲတွေကို ထောက်ပြ၊ရေးပြ၊သတိပေးပြနိုင်သေးတယ်လို့ ယူဆမိတဲ့အတွက် ခေတ္တ….နာကျင် ကြေကွဲခြင်းအမည်ရ လုံးချင်းဝတ္ထုတစ်ပုဒ်ကတော့ စာရေးသူကိုယ်တိုင် ကျေနပ်အားရခဲတဲ့ ဝတ္ထုရှည်တစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။ ခေတ္တ…. နာကျင် ကြေကွဲ ခဲ့သမျှ စာချစ်သူအားလုံးကို လေးစားခင်မင်လျှက်ပါ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။

ထွန်းတောက်ထွဋ်(သခ်ျာ)

Main Menu