လွင့်ကြွေပန်းလေး ….ညို


လွင့်ကြွေပန်းလေး ….ညို
ညိုမီမီခင် ချစ်စရာ နာမည်လေးနဲ့ အထည်ချုပ်စက်ရုံ အလုပ်သမလေး။
ချစ်ရသူနဲ့ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝကို
အေးအတူပူအမျှ ချစ်ခြင်းသစ္စာတွေနဲ့ ဖြတ်သန်းချင်တာ အမျိုးသမီးတစ်ယောက်ရဲ့ အိပ်မက်တစ်ခုပါ။ ညို မှာလည်း အဲဒီအိပ်မက်လေးရှိခဲ့လို့ သိန်းသန်းဆိုတဲ့
ညိုချစ်သူ့ ကောင်လေးနဲ့ လက်ထပ်ခဲ့တယ်။ အိမ်ထောင့်တာဝန် ကျေပွန်ချင်ခဲ့ပြီး ချစ်ရသူ မျက်နှာ တစ်ကမ္ဘာ ထင်နေတဲ့ ညို့ အတွက်တော့ သိန်းသန်း ပြန်ပေးခဲ့တဲ့လက်ဆောင်ဟာ ဖောက်ပြန်ခြင်းတဲ့လား။
သိန်းသန်း တစ်ယောက် မေဘရဏီနဲ့ အတူ နိုင်ငံခြားထွက်သွားတဲ့နောက်မှာ ကလေးနှစ်ယောက်နဲ့ကျန်ခဲ့ရသူ ညို ။ သူ့ကို တဖက်သတ် သံယောဇဉ် ကြီးရှာသူ လင်းနိုင်ရဲ့ ကူညီ စောင့်ရှောက်ဖေးမမှုတွေနဲ့အသက်ရှူ ချောင်ခဲ့ပေမယ့် လောကဓံက ညို ကို ငြိုးပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ဆိုးကြီးကြောင့် လင်းနိုင်ရဲ့
အထည်ချုပ် လုပ်ငန်းလေး ရပ်ဆိုင်းလိုက်ရပြီးနောက်မှာတော့ မတည်မငြိမ် ခေတ်ကာလတွေရဲ့ ရိုက်ချက်ကြောင့် စားဝတ်နေရေး သားရေး သမီးရေး အနာဂတ်ရပ်တည် ရေး ဆိုတဲ့ အရေးပေါင်းများစွာနဲ့ ညိုဟာ ပန်းဆိုးတန်းမှာ နားမိခဲ့တဲ့ နေ့ငှက်မလေး ဖြစ်ခဲ့ရတယ်။
ညို ဘဝကို ရင်မောနေရင်း လင်းနိုင်ရဲ့ လက်ထပ်ခွင့်တောင်းခံရခြင်းကို ငြင်းပယ်ရကောင်းလားလို့ မချင့်မရဲ ဖြစ်မိပေမယ့် ငြင်းပယ်ရတဲ့ အကြောင်းတရားကလည်း မှန်နေပြန်တယ်။ သားသမီးတွေရဲ့ လိုအပ်မှုလေးတွေကို ဖြည့်ရင်း သူမ မနှစ်မြို့တဲ့ အလုပ်ကို လုပ်ပြီး ကားမှတ်တိုင်တွေမှာ ဧည့်သည်ရှာရင်း နေ့ရက်တွေကို ဖြတ်သန်းလာခဲ့ရတဲ့ညို။ တစ်ရက်မှာတော့ သားနဲ့ သမီး အတွက်ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပြီး သူ့ရဲ့ မွေးရပ်မြေလေးဆီကို ပြန်သွားတဲ့အခါ ပျော်ရွှင်ရသူက စာဖတ်သူ ကျွန်မ ဖြစ်နေခဲ့ပေမယ့် စာရေးသူ ဆရာက ကျွန်မကို ပျော်ခွင့် မပေးခဲ့ပြန်ဘူး။ ဖတ်ရင်း မောရပါတယ် ညို ။