ငေးရင်းဝေးကျန်ရစ်တဲ့ ကမ္ဘာ


Featured Image

 

နေထိုင်ကျင်လည်ရတဲ့ နေရာအဝိုင်းအဝန်းကို အမြဲတစေ သတိပြု ကြည့်မိတတ်တဲ့ ကျွန်မက မော်လမြိုင် မှာ နေခဲ့စဉ်မှာလည်း ပတ်ဝန်းကျင် အငွေ့အသက်နဲ့ အရိပ်အယောင်တွေကို ဖမ်းဆုပ် ဖြစ်ခဲ့ပါတယ်။ နေထိုင်စဉ် အတွင်း ရင်းနှီးကျွမ်းဝင်ခဲ့ရသူတွေက တစ်ဆင့် သိခဲ့ရတဲ့ အကြောင်းအရာတွေ ရှိသလို ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း မနည်းလှပါဘူး။ စာပေဖန်တီးသူတွေရဲ့ စိတ်အစဉ်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ခံစားချက်တွေဟာ သူ့ရဲ့ ဝန်းကျင်၊ ရှင်သန်ရာကနေ မြစ်ဖျားခံလာတယ်ဆိုရင် မှားမလား မသိ။ ဒါဟာ ကျွန်မတစ်ကိုယ်စာ ခံစားမှုလည်း ဖြစ် ချင် ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ မြင်သမျှ ကြားသမျှကို ဆင့်ယူခံစားလိုက်ဖို့ လွယ်ခဲ့ပါတယ်။

အနုပညာကို ခံစားမှုလို့ မြင်တဲ့ ကျွန်မက ခံစားမှုတွေကို အနုအပညာအဖြစ် ဖန်တီးခဲ့တယ်ပဲ ဆိုရမှာပါ။ အဲ့ဒီ အချိန်တုန်းက ကျွန်မ ခံစားမှုတွေ ဘယ်လို ဖြစ်နေခဲ့သလဲ၊ ဒီအချိန်မှာ ပြန်ပြောင်းဖမ်းဆုပ်ဖို့ ခက်ခဲသလို ဖြစ်နေပေ မယ့် သံလွင်မြစ်နဲ့ ကမ်းနားလမ်းတစ်လျှောက် ငေးငိုင်လမ်းလျှောက်ခဲ့ဖူးတဲ့ ညနေစောင်း ကာလတွေကို မြင်ယောင် လိုက်ရင် အတွေးဟာ ပစ္စုပ္ပာန် ဖြစ်သွားပါတယ်။ ဒီတော့ ကျွန်မအာရုံထဲမှာ ပေါ်လာတဲ့ “ ငေးရင်းဝေးကျန်ခဲ့တဲ့ ကမ္ဘာ” ဟာ ခုတော့ မော်လမြိုင် တောင်ရိုးတန်းတွေနဲ့ သံလွင်မြစ်ရေလှိုင်းတွေ ရိုက်ပုတ်တတ်တဲ့ ကမ်းနားလမ်း ဖြစ်လို့လာခဲ့ပါပြီ။

“ ငေးရင်းဝေးကျန်ရစ်တဲ့ ကမ္ဘာ” ကို ဖန်တီးဖို့ ကြိုတင်စီစဉ်ခဲ့တာတော့ မဟုတ်ပါဘူး။ ပြောခဲ့သလိုပဲ ဝန်းကျင်အငွေ့အသက်နဲ့ တွေ့ဆုံခဲ့ရတဲ့ လူတွေဆီကပဲ ဆင့်ပွားလာတဲ့ ခံစားမှုတွေပါ။ ကျွန်မတို့ ဝတ္ထုဖန်တီးသူတွေ မှာ ကြားတာကို ကြားရတဲ့အတိုင်း ချရေးလိုက်ပြီး မြင်တာကို မြင်တဲ့အတိုင်း ချရေးလိုက်တာထက် အဲ့ဒီကြားရ တာကိုမှ ရင်ထဲထည့် ခံစားကြည့်ပြီး ပုံတူပွားရင်း၊ ခံစားမှုတွေ ချဲ့ထွင်ရင်းနဲ့မှ အနုပညာလက်ရာကောင်း တစ်ခု ဖြစ်ဖို့ ကြိုးစားကြရတာပါ။ အဲ့ဒီလိုပဲ ကျွန်မဟာ “ ငေးရင်းဝေးကျန်ရစ်တဲ့ ကမ္ဘာ” ကို ကြားရတာက တစ်ဆင့် ပြန်လည် ဆင့်ပွား ခံစားချဲ့ထွင်ပြီး ဖန်တီးခဲ့တာပါပဲ။

ခုနေ “ ငေးရင်းဝေးကျန်ရစ်တဲ့ ကမ္ဘာ” ကို ပြန်ဖတ်ကြည့်ရင် ကျွန်မရဲ့ မပြည့်မစုံနဲ့ ပြည့်ဝမှု မရှိသေးတဲ့ အနုပညာအားကို အတိုင်းသား ပြန်မြင်ရပါတယ်။ ခံစားမှုတွေကိုသာ ချရေးချင်ခဲ့တဲ့ ကျွန်မမှာ အနုပညာနဲ့ ဖန်တီးခြင်းဆိုတာကို သေချာ နားလည် သဘောပေါက်မှု အားနည်းခဲ့တဲ့ ကာလတွေပါ။ ဒီလိုဆိုတိုင်းလည်း ခုတော့ ကျွန်မမှာ အနုပညာဝမ်းစာတွေ ပြည့်စုံနေပါပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ “ ငေးရင်ဝေးကျန်ရစ်တဲ့ ကမ္ဘာ” ဟာ ဝတ္ထုရေးစ၊ စာပေဖန်တီးစ လူငယ်တစ်ယောက်ရဲ့ အငွေ့အသက်တွေ အများကြီး ပါဝင်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မဟာ ခံစားမှုအားကိုတော့ မလျှော့ခဲ့ပါဘူး။

“ ငေးရင်းဝးကျန်ရစ်တဲ့ ကမ္ဘာကို” “ငေးရင်း ဝေးကျန်ရစ်တဲ့ကမ္ဘာ ဝတ္ထုလေ” လို့ ပြောမယ့်အစား ဇာတ်ကောင် “ မေရီ”ကို အစွဲပြုပြီး “မေရီဝတ္ထုကလေ” လို့ ပြောကြတဲ့ စာဖတ်သူ အချို့နဲ့တွေ့တိုင်း ကျွန်မ ပီတိ ဖြစ်ရပါတယ်။ တကယ်လည်း မေရီ ဖြစ်ဖို့ အားထုတ်ခဲ့ရတဲ့ အပိုင်းကို ပြန်တွေးရရင် ခုနေ ကျွန်မကိုယ်တိုင် မေရီ ဖြစ်သွားရတဲ့ အထိပါပဲ။ ကိုယ်တိုင်က မိန်းကလေးမို့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားရမှုတွေကိုပဲ ရေးဖြစ်ခဲ့တာကို ဝန်ခံပါတယ်။ အဲ့ဒီ အချိန်တုန်းက ကျွန်မမှာ မိန်းကလေးခံစားချက်ရော ယောကျာ်းလေး ခံစားချက်ရော နှစ်ခုလုံး ဖော်ပြနိုင်ဖို့ရာ ဇာတ်လမ်းဖန်တီးမှု အတတ်ပညာ အင်မတန် အားနည်းခဲ့ပါတယ်။

ဒါကြောင့် မေရီရဲ့ ခံစားချက်၊ မေရီရဲ့ စိတ်ကိုပဲ အသားပေး ဖော်ပြခဲ့လေတော့ မေရီရဲ့ ဇာတ်လို ဖြစ်သွားခဲ့ ပေမယ့် စာဖတ်သူအချို့ဆီက ပြန်ကြားရသလို တကယ်တမ်းမှာ သားငယ်ကရော ဘယ်လို ခံစားရမလဲ။ သားငယ် ဘက်ကိုလည်း ထည့်တွေးရမယ် ဆိုတာတွေကို လက်ခံပါတယ်။ ကျွန်မမှာ အဲ့ဒီအချိန်တုန်းက မေရီကိုပဲ စာနာခဲ့မိ တယ်နဲ့ တူပါတယ်။

တစ်စုံတစ်ယောက်ဆီကနေ ဒီဇာတ်လမ်း အကြောင်းအရာ အခြေခံကို စကြားရတဲ့ အချိန်မှာ မိန်းကလေး ဘက်ကိုပဲ ပိုပိုသာသာ တွေးပေးခဲ့မိတော့ မေရီစိတ်တွေကို အသားပေး ရေးဖြစ်သွားတာမျိုးပါ။ “ ငေးရင်းဝေးကျန်ရစ် တဲ့ ကမ္ဘာ” ဟာ ကျွန်မဘဝရဲ့ ပထမဆုံး စာပေဖန်တီးမှု ပထမဆုံး မဟုတ်ပေမယ့် စာဖတ်သူတွေဆီ အဦးဆုံး ချပြခွင့် ရရှိခဲ့တဲ့ အနုပညာမို့ ကျွန်မမှာ အမှတ်တရများလှပါတယ်။

ပြီးတော့ မော်လမြိုင်မှာ နေထိုင်ခဲ့ဖူးတဲ့ အတိတ်ကို ပြန်တွေးတိုင်း “ ငေးရင်း”က အမြဲ တွဲပါလာတတ်သလို “ ငေးရင်း” ဆိုတာ မော်လမြိုင်ကနေ သန္ဓေတည်လာခဲ့ပါလားဆိုပြီး ကျွန်မမှာ ကျေနပ်ရပါတယ်။ ကျွန်မဟာ နောက် ထပ် ဘယ်တော့မှ မော်လမြိုင်ကို ရောက်ဖြစ်မယ် မသေချာပါဘူး။ ဒီလိုပဲ မော်လမြိုင်နဲ့ ပတ်သက်တဲ့ အနုပညာဖန် တီးမှုမျိုး ဘယ်တော့ ထပ်လုပ်ဖြစ်မယ် မရေရာလှပါဘူး။

ခုနေ ကျွန်မဟာ “ ငေးရင်း”ကို တစ်ဖန် ပြန်ပြီး ဖန်တီးခွင့်ရမယ်ဆိုရင် မေရီ နဲ့အတူ သားငယ်ရဲ့ ခံစားမှုတွေ ကိုလည်း သေချာခံစားပေးချင်လှပါတယ်။ ဒီလိုပဲ မော်လမြိုင်တောင်ရိုးတန်းတွေဆီကို ပြန်လည် ခြေချခွင့် ရချင်ပါ တယ်။

အဲ့ဒီအခါမှာလည်း စာဖတ်သူတွေဆီက “ ငေးရင်းဝေးကျန်ရစ်တဲ့ ကမ္ဘာ” လို့ ပြောမယ့်အစား “ မေရီ လေ” ဆိုတာမျိုးကို မျှော်လင့်ချင်ပါသေးတယ်။

 

မေတ္တာများဖြင့်

ခတ္တာခင်

Main Menu