အနောက်အရပ်ဆီမှာ ငို


Featured Image

 

ကျွန်မဟာ ဝတ္တုရေးသူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ မွေးဖွားရာဒေသနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကို ဇာတ်လမ်းတစ်ပုဒ် အဖြစ် ဖန်တီးပြီး စာဖတ်သူတွေဆီ ပေးပို့ချင်တဲ့စိတ် အမြဲ ရှိခဲ့တာပါ။ ဒီလိုနဲ့ “ အနောက်အရပ်ဆီမှာ ငို”ကို ဖန်တီးဖို့ ဖြစ်လာခဲ့ပါတယ်။ အနောက်အရပ်သူ ဖြစ်တဲ့ ကျွန်မက အနောက်အရပ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ရေးခဲ့ရတဲ့အခါမှာ ကျွန်မကိုယ်တိုင် စောစံ ဖြစ်ခဲ့ရပြီး စောစံအစ်မ  ဖြစ်တဲ့ နှင်းစံနေရာမှာ ကျွန်မအစ်မ မမလေးကို မြင်ယောင်ရင်း ရေးခဲ့ရတော့ တစ်ခုခုဆို ခံစားလွယ်၊ ထိရှလွယ်တဲ့ ကျွန်မမှာ ငိုလိုက်၊ ရပ်လိုက်နဲ့ ဖန်တီးခဲ့တယ်ပဲ ဆိုရမှာပါ။ ဒီထက်ပို ကြီးကြီးကျယ်ကျယ် ပြောရရင် မျက်ရည်တွေနဲ့ ရေးခဲ့ရတဲ့ “ အနောက်အရပ်ဆီမှာ ငို” လို့ ပြောလို့ ရပါတယ်။

စာဖတ်သူတွေဆီက “ အနောက်အရပ်ဆီမှာ ငို” နဲ့ ပတ်သက်ပြီး သတင်းစကားတွေ၊ တုန့်ပြန်မှုတွေကို စဉ်ဆက်မပြတ် ကြားရတဲ့အခါ ကျွန်မမှာ အနောက်အရပ်ကို ဝတ္တုတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ရတဲ့ အချိန်တွေ ပြန်လည် လွမ်းမောမိရပါတယ်။ တကယ်တော့ ကျွန်မမှာ “ အနောက်အရပ်ဆီမှာ ငို”ကို အေးအေးသက်သက်သာ ရေးခဲ့ရတာ တော့ မဟုတ်ပါဘူး။ တိတိကျကျ ပြောရရင် “ အနောက်အရပ်ဆီမှာ ငို” ကို ၂၀၁၉ခုနှစ် ဇွန်လ ၁၁ရက်နေ့ ညမှာ စပြီး ရေးခဲ့ရတာမို့ အဲ့ဒီအချိန်မှာ ကျွန်မဟာ ပါရဂူကြိုတန်း တက်နေရချိန်ပါ။ ပညာရေးရဲ့ အမြင့်ဆုံးအချိန်အခါကို ကျော် ဖြတ်နေရချိန်မို့ စိတ်ရော၊ လူရော၊ အချိန်ရော မအားလပ်ခဲ့ပေမယ့်လို့ စိတ်အား တစ်ခုတည်းနဲ့ ရေးခဲ့ရတဲ့ ဝတ္တု ဖြစ် ခဲ့ပါတယ်။

ကျွန်မမှာ စာဖတ်သူတွေဆီ ဘယ်လို အကြောင်းအရာတွေ ပေးချင်လှတယ်၊ သိစေချင်လှတယ်ဆိုတဲ့ ရည်ရွယ်ချက် အထွေအထူး မရှိပါဘူး။ ဘယ်လိုအကြောင်းအရာ ဖြစ်ဖြစ် ဝတ္ထုရေးသူရဲ့ ခံစားမှု အားနည်းနေတယ် ဆိုရင် ကျွန်မ  တစ်ကိုယ်စာအရ သိပ် သဘောမတွေ့လှပါဘူး။ စာရေးသူဟာ ခံစားမှုအားကို တစ်ပြားသားမှ မလျှော့ ပါမှ စာဖတ်သူဆီ အဲ့ဒီ ခံစားမှု ကူးစက်မယ်လို့ ယုံကြည်သူပါ။

“ အနောက်အရပ်ဆီမှာ ငို”ရဲ့ စိတ်ခံစားမှုတွေ စာဖတ်သူတွေဆီ အလွယ်ပဲ ကူးစက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ “ အနောက်အရပ်ဆီမှာ ငို”ကို ဖတ်ပြီးတော့ နာကျင်နေရတဲ့ လူသားတွေ၊ ချစ်ခြင်းတရားတွေ ကင်ဝေးစေရတဲ့ အကြောင်းအရာတွေ၊ မိသားစုကြားက ချစ်မေတ္တာ နှောင်ဖွဲ့မှုတွေကို ခံစားမိပါတယ် ဆိုသူတွေကြောင့် ကျေနပ်ခဲ့ရ ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ရေးခဲ့ပြီးသမျှ ဝတ္တုတွေထဲမှာ “ အနောက်အရပ်ဆီမှာ ငို” တဲ့ ပတ်သက်တဲ့ တုန့် ပြန်မှုအားက ပိုကြီးခဲ့တာကို ဝန်ခံပါတယ်။ အသိအမှတ်ပြုကြ၊ ဖတ်ရှုကြတဲ့ စာဖတ်သူ တစ်ဦးချင်းစီကို ကျေးဇူးတင် စိတ် အမြဲ ဖြစ်နေလျက်ပါ။ အနောက်အရပ် ဒေသတွေကို ရေးရတဲ့အခါ အဲ့ဒီတုန်းက အခြေအနေတွေအရ အနောက် အရပ်ဆီက မြို့တွေကို သေသေချာချာ မသွားခဲ့ရတာတွေအတွက် ကျွန်မမှာ စာဖတ်သူတွေကို အားနာစိတ် ခုထိ ရှိ နေဆဲပါ။ ဒါပေမယ့် ဘယ်လိုမှ သွားလို့မရခဲ့တဲ့ အခြေအနေ တစ်ခု ရှိနေခဲ့တယ်ဆိုတာကို စာဖတ်သူတွေ နားလည်ကြ ဖို့ မျှော်လင့်ပါတယ်။

မောင်တောမြို့ရဲ့ ရေမြေဒေသ သဘာဝကို မောင်တောမြို့မှာ နေထိုင်ဖူးတဲ့ သူငယ်ချင်းအားကိုးနဲ့ ခြယ်မှုန်း ခဲ့ရတာမို့ အားနည်းချက်လေးတွေ ပါကောင်းနိုင်ပေမယ့် ဖြည့်စွက်ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတွေကို ကျွန်မမှာ ကျေးဇူးတင်အားနာစိတ်ကလေး ရှိနေပါတယ်ဆိုတာ သိစေချင်ပါတယ်။

စောစံနဲ့ နှင်းစံတို့ ညီအစ်မရဲ့ ငယ်ဘဝပုံရိပ်တွေကို ဖော်ပြရင်း ကျွန်မအစ်မ မမလေးနဲ့ ကျွန်မတို့ရဲ့ ငယ်ဘဝ တွေကို မြင်ယောင်နေရသလို ခံစားရတဲ့ခါ မမလေးဆီ ဖုန်းခဏ ခဏ ဆက်မိတာကတော့ တကယ့် အမှတ်တရ ဖြစ်ခဲ့ ပါတယ်။ စောစံနဲ့ နှင်းစံတို့ ရဲ့ ငယ်ဘဝပုံစံတွေဟာ ကျွန်မတို့ ညီအစ်မနှစ်ယောက်ရဲ့ တကယ့် အစစ်အမှန်တွေ ဖြစ် ကြောင်း ကျွန်မ ဖွင့်ဟခဲ့ဖူးသလား မသေချာပေမယ့် စောစံနဲ့နှင်းစံရဲ့ ငယ်ပုံရိပ်ဟာ ကျွန်မတို့ ငယ်ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ကျွန်မက အစ်မကို သိပ်ခင်တွယ်တတ်သူ ဖြစ်လေတော့ ဝတ္တုထဲက စောစံရဲ့ အစ်မဖြစ်သူ နှင်းစံအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာတွေ ပိုပြီး အသက်ဝင်ခဲ့တယ်ပဲ ဆိုရမှာပါ။ ဒီလိုပဲ ကျွန်မဟာ “ အနောက်အရပ်ဆီမှာ ငို” ကို ဖန်တီးရင်း ကျွန်မအစ်မရဲ့ ချစ်မေတ္တာတွေကို ပိုပို ခံစားမိခဲ့ပါတယ်။

“အနောက်အရပ်ဆီမှာ ငို” ဟာ အနောက်အရပ်က ဖြစ်ရပ်တွေကို အခြေခံပြီး ညီအစ်မ နှစ်ယောက်ရဲ့ သံယောဇဉ် အတိမ်အနက်ကို ဖော်ကျူးပြထားတဲ့ ရသဝတ္တု တစ်ပုဒ်ရယ်လို့ စာဖတ်သူတွေ ညွှန်းဆိုကြသလိုပါပဲ။ မွေားဖွားရာဇာတိရဲ့ မြင်ကွင်းတွေ၊ အမှတ်တရတွေကို ပြန်ပြီး ပုံဖော်ခဲ့ရတဲ့ ဝတ္တုဟာ ကျွန်မအတွက် တုန့်ပြန်မှု ကောင်းတွေ ရရှိခဲ့တဲ့ ဝတ္တုတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

“ အနောက်အရပ်ဆီမှာ ငို” ကို ဖတ်ပြီးတော့ အနောက်အရပ်ကို အလည် လာချင်ကြသူတွေ၊ အနောက် အရပ်ရဲ့ ရှုမျှော်ခင်းကို ခံစားချင်သူတွေကို ဘယ်ချိန်ဖြစ်ဖြစ် တစ်ခေါက်တော့ အရောက်လာခဲ့ကြဖို့ တိုက် တွန်းချင် ပါတယ်။ စောစံနဲ့ နှင်းစံတို့ရဲ့ ငယ်ဘဝပုံရိပ်တွေ လွှမ်းမိုးရာ ဒေသကိုမှ မြင်ချင်တယ် ဆိုသူတွေကတော့ ရခိုင်ပြည်နယ် တောင်ပိုင်း ရိုးမတောင်ခြေရင်းက တောင်တွေဝန်းရံထားတဲ့ တောင်ကုတ်မြို့လေးပါပဲလို့ ဆိုချင်ပါ တယ်။

“ အနောက်အရပ်ဆီမှာ ငို” ကို ဖတ်ပြီး ပျော်ရွှင်ရဖို့ မမျှော်လင့်ပေမယ့် သိပ်ပြီး မငိုကြဖို့လည်း မျှော်လင့် ပါတယ်။

မေတ္တာများဖြင့်

ခတ္တာခင်

Main Menu