မြက်ခင်းပြင် အလွတ်


Featured Image

 

“ မြက်ခင်းပြင် အလွတ်” လို့ ကြားရတိုင်း ကျွန်မအလွန် တန်ဖိုးထားရတဲ့ တစ်စုံတစ်ခု အကြောင်းလိုပါပဲ။ ကျွန်မ ဖန်တီးခဲ့ရတဲ့ ဝတ္တုတွေထဲမှာ ခံစားမှုအား ထည့်လို့ အကောင်းဆုံးနဲ့ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ ပုံစံ တွေကို အကြိုက်ဆုံး ဖြစ်ခဲ့ရတဲ့ ဝတ္တုပါ။

“ ကဲ ဒါဆို ဘယ်ဇာတ်ကောင်ကို အနှစ်သက်ဆုံးလဲ” လို့မေးရင်  သေချာပေါက် “လေးလေးမြ” ပါပဲ။ တကယ်တော့ ကျွန်မက ဇာတ်လမ်းထက် ဇာတ်ကောင်တွေကို ဖတ်တီးရတာ ပို အားသန်တဲ့သူပါ။ ဝတ္ထုဖတ်တဲ့ အခါမှာလည်း ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်ကို အသားပေးထားတဲ့ ဝတ္ထုမျိုးကို ပို ကြိုက်ပါတယ်။

“မြက်ခင်းပြင် အလွတ်” ထဲမှာ နာကျင်မှုထဲ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ယောက် အဖြစ် လေးလေးမြကို ဖန်တီးရတဲ့အခါ ကျွန်မကိုယ်တိုင် နာကျင်မှုတွေကို ခံစားနေရသူ ဖြစ်သွားသလိုပါပဲ။ နွေးထွေးပေမယ့် စိတ်အနာ ကြောင့် အေးစက်နေတဲ့ လေးလေးမြရဲ့ စိတ်ကို စာဖတ်သူတွေ မြင်အောင် အားထုတ်ရတဲ့အခါ တစ်ခန်းပြီးတိုင်း ကျွန်မမှာ သက်ပြင်းတစ်ကြိမ် ချရပါတယ်။

ဘဝမှာ အပူအပင် မရှိလို့ ထင်ပြီး ရှင်သန်လာခဲ့တဲ့ စွမ်းရည်ဟာ တကယ်တော့ ချစ်ခင်ရသူတွေရဲ့ နာကျင်မှုနဲ့ ဒဏ်ရာတွေကို သိလိုက်ရတဲ့ အခါ၊ အဒေါ်ဖြစ်သူအပေါ် ဂရုဏာတွေ ပိုလွန်းတဲ့စွမ်းရည်ရဲ့ စိတ်နှလုံး တွေ။ “မြက်ခင်းပြင် အလွတ်”ဟာ “ မြက်ခင်းပြင် အလွတ်” နဲ့ တူဖို့ စိတ်အားတွေ ပုံထည့်ခဲ့ရတာကို ကျေနပ်ရ ပါတယ်။

လေးစားရတဲ့ စာရေးဆရာမကြီး တစ်ယောက်က “ မြက်ခင်းပြင် အလွတ်” ဟာ စာပေဆန်ပြီး ဇာတ်ကောင် တွေ နေရာချမှုနဲ့ စိတ်တွေကို ဖော်ပြတဲ့ နေရာမှာ သိပ်အားရတာပဲ လို့ ပြောဖူးပါတယ်။ ကျွန်မလည်း အလားတူပါပဲ။ တကယ်တော့ ကျွန်မဟာ ဖန်တီးခဲ့ပြီးသမျှ ဝတ္တုတွေကို သိပ်ပြီး အားရကျေနပ်တတ်သူတော့ မဟုတ်ပါဘူး။ အဲ့ဒီအထဲမှာမှ ဘယ်အချိန်မဆို ပြန်ဖတ်လို့ ရပြီး ဖတ်ရတိုင်း ခံစားစီးမျောရတဲ့ ဝတ္တုဟာ “ မြက်ခင်းပြင် အလွတ်”  ဖြစ်ခဲ့ပါတယ်။

ဝတ္တုတွေ ဖန်တီးတိုင်း အကောင်းဆုံး ဖန်တီးခဲ့ပေမယ့် တွေးမိတိုင်း ကျေနပ်အားရစိတ် ဖြစ်တာလည်း “ မြက်ခင်းပြင် အလွတ်ပါပဲ”။ စာရေးသူနဲ့ စာဖတ်သူ အမြဲ တစ်သားတည်း ကျနေဖို့ဆိုတာ မဖြစ်နိုင်မှန်း သိပါတယ်။ လူတိုင်းမှာ သူ့ရဲ့ ခံစားမှုဘောင် ဆိုတာ ရှိတာမို့  အဲ့ဒီခံစားမှုဘောင်ထဲမှာ ဆန့်ဝင်သလောက်ပဲ ခံစားနိုင်ကြမှာပါ။

စာဖတ်သူအချို့ကတော့ ဒေါက်တာနဲ့ လေးလေးမြတို့ဟာ ပတ်သက်ဆက်နွယ်မှု တစ်ခုခု ရှိနေမှာပဲ ဆိုပြီး ခန့်မှန်းခဲ့ကြတယ်လို့ ဆိုပါတယ်။ တကယ်က အဲ့ဒီလိုပဲ ဖြစ်ရမှာ ဆိုတဲ့ အသံတွေကိုလည်း ပြန်ကြားရပါတယ်။

တကယ်တမ်း ကျွန်မမှာ စာဖတ်သူတွေ ခန့်မှန်းလို့ မရအောင် ရေးလိုက်မယ်ဆိုတဲ့ အတွေးမျိုး ဘယ်တုန်းက မှ မရှိခဲ့ပါဘူး။ နောင်လည်း ရှိလာမယ် မထင်ပါဘူး။ ဝတ္ထုဖန်တီးသူဟာ ပထမဆုံး သူ့ကိုယ်သူ ဗဟိုပြုလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီလိုပဲ ကျွန်မလည်း ကျွန်မကိုယ်ကျွန်မ ဗဟိုပြုပြီး ရေးဖြစ်ခဲ့တဲ့ ဝတ္တုတွေချည်းပါပဲ။ ကျန်မ စိတ်ကြိုက် ဖန်တီးပြီးလို့ စာဖတ်သူတွေဆီ ရောက်သွားတဲ့အခါ ခံစားမှုတွေ တူညီသွားတဲ့အခါ စာဖတ်သူ အချို့ရဲ့ အကြိုက် ဖြစ်သွားတဲ့အခါ ဝတ္တုတစ်ပုဒ်ကို ကြိုက်လိုက်တာဆိုတာမျိုး ဖြစ်လာတာပဲ ထင်ပါတယ်။

စွမ်းရည်ရဲ့ အမေဖြစ်သူ အေးအေးမြကို အော်တစ်ဇင် ရောဂါသည် အဖြစ် ဖန်တီးရတဲ့အခါမှာတော့ အတော်လေး ဝန်လေးခဲ့ရတာကို ဝန်ခံပါတယ်။ အမှားအယွင်း များသွားခဲ့ရင် ဆိုတဲ့ စိုးရိမ်စိတ်ပါ။ ဒါကြောင့်မို့လို့ အော်တစ်ဇင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်ခဲ့ပါတယ်။ အော်တစ်ဇင်နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကိုပါ ရှာကြည့်ခဲ့ ပါတယ်။ ကိုယ်မပိုင်တဲ့ အရာကို ရေးပြရတဲ့အခါ အတော်ကလေး တာဝန်ကြီးကြောင်း နားလည်ပြီးသားမို့ သတိထား ခဲ့ပါတယ်။ အားနည်းချက်‌ တစ်စုံတစ်ရာ ရှိခဲ့ရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်တစ်ခုကတော့ “ မြက်ခင်းပြင် အလွတ်” ထဲက ကွန်းချောင်းပါပဲ။ ဘယ်မှာ ရှိမှန်းမသိတဲ့ ဘယ်နေရာ မှန်း မသိတဲ့ နေရာဒေသတစ်ခုကို လိုချင်တဲ့ နေရာဖြစ်ဖို့ စိတ်ကူးနဲ့ ပုံဖော်ခဲ့ပေမယ့် ကွန်းချောင်းဟာ ဘယ်နေရာလဲ လို့ သိလိုစိတ်နဲ့ မေးလာကြတဲ့ စာဖတ်သူ အချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ အဲ့ဒီအတွက် ဖန်တီးရကျိုး နပ်ပါ တယ်။

“ မြက်ခင်းပြင် အလွတ်” ကို ဖတ်ရင်း “ ကွန်းချောင်း” ကို စိတ်ကူးနဲ့ပဲ သွားကြည့်ပါလို့ ဆိုချင်ပါတယ်။ မြက်ပင်းရိုင်း အရှည်ကြီးတွေနဲ့ တောင်ညိုညိုတွေ သိုင်းဝိုင်းရာဟာ ကွန်းချောင်းပါပဲလို့ အလွယ် မှတ်လိုက်ကြပါစို့။

ဒီလိုပဲ ကျွန်မလည်း မြက်ခင်းပြင် ထဲမှာ ထိုင်ပြီး ကွန်းချောင်းကို ပြန်ရှာချင်ပါတယ်။ တစ်ခါတစ်ရံ ကျွန်မ ရခိုင်ကို ပြန်တိုင်း မြက်ခင်းပြင်ထဲမှာ ထိုင်မိရင် စွမ်းရည်နဲ့ လေးလေးမြဟာ ကျွန်မ စိတ်ကူးထဲ ရောက်ရောက် လာတတ်ပါတယ်။ စွမ်းရည် အဖွားနဲ့ စွမ်းရည် အမေရောပဲပေါ့။

“ မြက်ခင်းပြင် အလွတ်” ကို ဖတ်ပြီး မြက်ခင်းပြင်ထဲမှာ အစပြု တွေ့ဆုံခဲ့တဲ့ ဒေါက်တာနဲ့ စွမ်းရည်ရဲ့ မြက် ခင်းပြင်ထဲက အဆုံးသတ် ဇာတ်ဝင်ခန်းကို သဘောတွေ့ကြတယ်လို့ ပြန်ကြားရလို့ ကျွန်မလည်း မြက်ခင်းပြင်ထဲ တစ်ဖန် ရောက်ချင်ခဲ့ပါတယ်။

“ မြက်ခင်းပြင် အလွတ်” ထဲ ထိုင်ငေးလိုသူတိုင်းကို ကျေးဇူးတင်ပါတယ်။

 

မေတ္တာများဖြင့်

ခတ္တာခင်

Main Menu