ထုံးဆက်လက်ကျန်

မပြီးဆုံးသေးတဲ့ အနှောင်အဖွဲ့တွေ အကြောင်းကို ဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ အရင်ဘဝကို ယုံကြည်သလား လို့ မေးရင် ကိုယ်တိုင် မတွေ့ကြုံခဲ့ရတာမို့ ယတိပြတ် ယုံကြည်လှသူရယ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ဟာ ရှေးဘဝတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အများကြီး ကြားဖူးကြပါတယ်။ ဒါတွေကို အခြေခံပြီး “ ထုံးဆက်လက်ကျန်” ကို ရေးခဲ့တယ်ပဲ ဆိုကြပါစို့။
ကျွန်မက ရှေးဟောင်းသုတေသနပညာရပ်ကို သင်ကြားဖူးသူပီပီ ရှေးဟောင်းသုတေသနဆိုင်ရာ အကြောင်း အရာတွေနဲ့ အမြဲ ဇာတ်လမ်းဆင်ချင်ခဲ့သူပါ။ ဒီဝတ္ထုကို ဖတ်ပြီးရင် ရှေးဟောင်းသုတသနဆိုတာ ဘာလဲဆိုတဲ့ အမေး တွေ အနည်းငယ် ရှင်းလင်းသွားကြလိမ့်မယ်လို့ ထင်ပါတယ်။
တကယ်တမ်းကျတော့ သိပ်ကို ကျယ်ပြန်လှတဲ့ ရှေးဟောင်းသုတေသနပညာရပ်ဟာ ဒီဝတ္တုလေး တစ်ပုဒ် လောက်နဲ့တော့ မပြီးပြည့်စုံနိုင်ပါဘူး။ ဒါပေမယ့် အဓိက ဇာတ်ကောင်ကို ရှေးဟောင်းသုတေသနသမား အဖြစ် ထားကြည့်ချင်တဲ့ ကျွန်မရဲ့ အတ္တတစ်ခုနဲ့ “ထုံးဆက်လက်ကျန်” ဖြစ်လာခဲ့တာပါ။
တစ်လက်စတည်း ပြောရရင် ရှေ့ဆက်ပြီးလည်း ရှေးဟောင်းသုတေသနနဲ့ သက်ဆိုင်တဲ့ ဝတ္တုတွေ အများ ကြီး ဖန်တီးချင်ပါသေးတယ်။ စာပေပုံစံတွေ ပေါများလာတဲ့ ဒီနေ့ခေတ်မှာ ကျွန်မလည်း အမျိုးစုံသော ရသတွေကို စာဖတ်ပရိသတ်ဆီ ပေးနိုင်အောင် ကြိုးစားနေပါတယ်။
“ ထုံးဆက်လက်ကျန်” ထွက်ပြီးတဲ့အချိန်မှာ စာဖတ်သူအချို့ဆီက “ဇာတ်ကောင်တွေရဲ့ ဘဝဇာတ်ကြောင်း ကို မထည့်တာ ပိုကောင်းတယ်” ဆိုတဲ့ တုန့်ပြန်မှု အချို့ကို ရခဲ့ပါတယ်။ ကျွန်မ တစ်ကိုယ်စာ အနေနဲ့ ပြောရရင် ဇာတ်လမ်းကိုပဲ ရေးပြပြီး ဇာတ်ကောင်ရဲ့ ဘဝကို မရေးပြဘူးဆိုရင် တစ်ခုခု လိုအပ်နေတယ်လို့ ခံစားမိပါတယ်။ ဘာလို့လဲဆိုရင် ဝတ္ထုဆိုတာ ပြင်ပလောကသဘာဝနဲ့ အနီးစပ်ဆုံး ပုံဖော်ပြရတာ ဖြစ်တာမို့ပါ။
လူသားတိုင်းမှာ ဘဝကိုယ်စီရှိတဲ့အတွက် ကျွန်မဖန်တီးတဲ့ ဝတ္ထုတွေထဲမှာ အဓိကဇာတ်ကောင် ဖြစ်စေ၊ ဇာတ်ပို့ဖြစ်စေ သူတို့နဲ့ သက်ဆိုင်တဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ပြဖြစ်ပါတယ်။ ဒီလိုပဲ “ ထုံးဆက်လက်ကျန်” ထဲက ဒေါက်တာအောင်နိုင်သူဟာ မိခင်က စွန့်ပစ်သွားပြီး ပျောက်သွားတဲ့ မိခင်ကို လိုက်ရှာဖို့ ထွက်သွားခဲ့တဲ့ ဖခင် ကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာကို ကျွန်မ အနည်းငယ် ခြယ်မှုန်းပြခဲ့ပါတယ်။
ဇာတ်ကောင်စရိုက်နဲ့ ဟန်ပန်တွေကို ပိုပြီး အလေးသာတဲ့ ကျွန်မက “ ထုံးဆက်လက်ကျန်”ကို ဇာတ်လမ်း အသားပေး ဖြစ်ဖို့ အားထုတ်ခဲ့ပါတယ်။ “ ထုံးဆက်လက်ကျန်” ဆိုတဲ့အတိုင်း မပြီးဆုံးသေးတဲ့ ကြိုးတွေနဲ့ လက်ရှိ ဘဝမှာ ပြန်ပြီး ရစ်ပတ်နှောင်ဖွဲ့ဖို့ ဖြစ်လာကြတဲ့ အောင်နိုင်သူနဲ့ အိမ်မွန်တို့ နှစ်ယောက်အပြင် ပါဝင်ပတ်သက်နေတဲ့ ဇာတ်ကောင်အားလုံးကို အစီအစဉ်တကျ ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဇာတ်လမ်းအသားပေး ရေးဖြစ်ခဲ့ရင် ဘယ်လိုများ နေမလဲလို့ အမြဲတွေးကြည့်ဖူးတဲ့ ကျွန်မက “ ထုံးဆက် လက်ကျန်” ကြောင့် ရရှိလာတဲ့ စာဖတ်သူ တုန့်ပြန်မှုတွေကို ကျေနပ်ပါတယ်။ ကျွန်မက ဝတ္ထုရေးပြီးရင် ဘယ်တော့ မှ စိတ်ကျေနပ်မှု အပြည့်အဝ ဖြစ်လေ့ မရှိတဲ့သူပါ။ တစ်ခုခုဆို စာဖတ်သူဆီက တုန့်ပြန်မှုကိုပဲ မျှော်လင့်တဲ့ စာရေးသူပါ။
ဝတ္ထုရေးရင် နည်းစနစ်တွေ၊ စည်းမျဉ်းတွေ မသိတဲ့ ကျွန်မက ဇာတ်ကောင်တွေကို ခံစားမှုနဲ့ပဲ ခြယ်မှုန်းလေ့ ရှိပါတယ်။ ဝတ္တုတစ်ပုဒ်မှာ ခံစားမှုမပါဘဲ အဖြစ်အပျက်တွေကိုချည်း ရေးပြနေရင်လည်း ကျွန်မတစ်ကိုယ်စာ ပေါ့တယ်လို့ ခံစားရတာမို့ ကျွန်မဟာ စာပေဖန်တီးတဲ့ နေရာမှာ ခံစားမှုကို ပိုပိုသာသာလေး ထည့်တတ်ပါတယ်။
“ထုံးဆက်လက်ကျန်” ကို ဖတ်ပြီး ဇာတ်ကောင်နေရာချမှုကို ပိုပြီး ကြိုက်နှစ်သက်ပါတယ်လို့ ပြောကြတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်။ စကားပြေကိုမှ နှစ်သက်တယ်လို့ ပြောတဲ့ စာဖတ်သူလည်း ရှိတာမို့ ကျေးဇူး တင်ရပြန်ပါတယ်။
ဘယ်လိုဖြစ်ဖြစ် ဖန်တီးလိုက်တဲ့ ဝတ္တုတစ်ပုဒ်ချင်းစီတိုင်းကို စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုကြသူတိုင်း အတွက် ကျွန်မမှာ နောက်ထပ် အသစ်တွေ ရေးရဦးမှာပဲဆိုတဲ့ စိတ် အမြဲ ရှိနေပါတယ်။
ရှေ့ဘဝရဲ့ ရေစက်တွေကို ယုံကြည်တယ်ဆိုရင် “ ထုံးဆက်လက်ကျန်” ကို ဖတ်ရတာ သဘောတွေ့နှစ်ခြိုက် ကြမယ်လို့ မျှော်လင့်ပါတယ်။
မေတ္တာများဖြင့်
ခတ္တာခင်