‘Resident Evil: The Umbrella Conspiracy’ (သို့မဟုတ်) ‘အမ်ဘရဲလား လျှို့ဝှက်စီမံကိန်း’


Featured Image

RE (Resident Evil) လို့ ဆိုလိုက်တာနဲ့ ကျနော်တို့ဆီက လူအတော်များများက Paul W.S. Anderson ရိုက်ကူးပြီး သူ့ဇနီး Milla Jovovich ခေါင်းဆောင်ပါဝင်တဲ့ Movie Franchise ကိုသာ ပြေးမြင်ကြတာ များပါတယ်။ တကယ်တော့ RE ရဲ့ မူရင်းက ဗွီဒီယိုဂိမ်းဖြစ်ပါတယ်။ ဗွီဒီယိုဂိမ်းနဲ့ ရုပ်ရှင်ဟာ ကွာဟမှု အတော်ကြီးပါတယ်။ ဒါကြောင့်လည်း စုစုပေါင်း (၆) ကား ထွက်ရှိခဲ့တဲ့ Paul ရဲ့ RE Franchise ဟာ သူအသစ်ဖန်တီးတဲ့ Alice ဇာတ်ကောင်ကိုသာ အခြေတည်ပြီး Box Office မှာ မျက်နှာပန်းလှခဲ့ပေမဲ့ ဝေဖန်ရေးဆရာတွေ၊ Gamer တွေရဲ့ နှာခေါင်းရှုံ့ခြင်းကို အလူးအလဲ ခံခဲ့ရပါတယ်။ အကြောင်းကတော့ မူရင်းဗွီဒီယိုဂိမ်းရဲ့ Origin Storyline ကို အကုန်နီးပါး ပြောင်းလဲထားတဲ့အပြင် Iconic ဖြစ်တဲ့ ဇာတ်ကောင်တွေကိုပါ ဖြုတ်ထုတ်ရှင်း လျှောက်လုပ်ထားတာကြောင့် ဖြစ်ပါတယ်။ (စာကြွင်း – Zombie Movie တွေကို ရိုက်ကူးရာမှာ ဂုရုကြီးဖြစ်တဲ့ ဒါရိုက်တာ George A. Romeo က RE ကို Origin Storyline အတိုင်း ရိုက်ကူးဖို့ရာ ပြင်ဆင်ခဲ့ပေမဲ့ အ‌ကြောင်းကြောင်းကြောင့် Cancel ဖြစ်သွားပြီး Paul W.S. Anderson ရဲ့ RE Franchise ထွက်ရှိလာတာ ဖြစ်ပါတယ်။ အကယ်၍ George A. Romeo ရဲ့ RE သာ ထွက်ရှိခဲ့မယ်ဆိုရင် ရလဒ်တမျိုး ဖြစ်သွားနိုင်ပါတယ်)။ ဒါပေမဲ့ Paul ရဲ့ RE Franchise ဟာ Reboot ပြန်လုပ်ပြီး အကြီးအကျယ် Fail ခဲ့ကြတဲ့ Welcome to Raccoon City နဲ့ Netflix’s RE Series တို့ထက် အပုံကြီး သာတာကတော့ ငြင်းမရပါဘူး (Reboot နှစ်ကားမှာ ပထမကားက ဗွီဒီယိုဂိမ်းကို အခြေခံပေမဲ့ ချာတူးလန်တဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ချက်တွေကြောင့် ခွက်ခွက်လန်အောင် Fail သွားခဲ့ပါတယ်။ လုပ်ချင်ရာ လျှောက်လုပ်ထားတဲ့ နောက်တကားဆိုလည်း ထိုနည်း၎င်းပါပဲ)။
မည်သို့ပင် ဆိုစေကာမူ Fan တွေက RE ကို Live Action ပြန်ရိုက်သမျှ တကားတလေမှ မနှစ်မြို့ခဲ့ကြပါဘူး။ ဒါဟာ မိမိတို့ Childhood ဗွီဒီယိုဂိမ်းရဲ့ Origin Storyline ကို လေးစားမှု မရှိကြတာထက် ဖျက်လို့ဖျက်ဆီး လုပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ Fan Service အနေနဲ့ Iconic ဇာတ်ကောင်တွေနဲ့ ထွက်ရှိခဲ့တဲ့ Degeneration, Damnation, Vendetta, Death Island နဲ့ Infinite Darkness စတဲ့ Animated Series တွေကလည်း မူရင်းဗွီဒီယိုဂိမ်းရဲ့ Storyline ကို အခြေခံထားတယ်ဆိုပေမဲ့ ညံ့ဖျင်းတဲ့ Animation နဲ့ ပြီးပြီးရော ဇာတ်ညွှန်းတွေကြောင့် Fan တွေရဲ့ ကျေနပ်အားရမှုကို မရခဲ့ကြပြန်ပါဘူး။ Cinematic အပိုင်းနဲ့ ပတ်သက်ရင် RE ဟာ ကျိန်စာမိနေသလိုပါပဲ။
ဒါကြောင့် Fan တွေက လက်ရှိ Genre တူ The Last of Us ရဲ့ ရုပ်ရှင်ရဲ့ အောင်မြင်မှုဟာ မူရင်း‌ဗွီဒီယိုဂိမ်းရဲ့ Storyline အတိုင်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ ပြန်ရိုက်ခဲ့တာကြောင့်လို့ ထောက်ပြကြပြီး၊ အကယ်၍ RE Live Action တွေကို ဗွီဒီယိုဂိမ်းအတိုင်း မဟုတ်ရင်တောင် ရှိနှင့်ပြီးသား ဝတ္ထုတွေအတိုင်း ပြန်ရိုက်ကူးသင့်တယ်လို့ အကြံပြုလာကြတာမျိုးလည်း ရှိပါတယ်။
ဟုတ်ပါတယ်၊ Capcom ဂိမ်းကုမ္ပဏီက ၁၉၉၆ ခုနှစ်က စလို့ အစဉ်တစိုက် ထုတ်လုပ်ခဲ့တဲ့ ကမ္ဘာကျော် ဗွီဒီယိုဂိမ်း Franchise ကြီးတခု ဖြစ်တဲ့ RE ဟာ Official Video Game Novelization အနေနဲ့လည်း ၁၉၉၈ ခုနှစ်က စတင်ပြီး ဝတ္ထုအတွဲလိုက် (၇) အုပ်တိတိ ထွက်ရှိထားပါတယ်။ ရေးသားသူက S.D. Perry ဖြစ်ပြီး၊ Movie Novelization, Video Game Novelization တွေကို ဖန်တီးမှုအားသန်တဲ့ အမေရိကန်လူမျိုး စာရေးဆရာမတဦး ဖြစ်ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်မှာ Worldwide အနေနဲ့ အကြီးအကျယ် အောင်မြင်နေတဲ့ RE ဗွီဒီယိုဂိမ်းရဲ့ Official Storyline ကို အဲဒီကာလမှာပဲ ဝတ္ထုပြန်ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။
ဒါကြောင့် RE ဗွီဒီယိုဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ ဂျပန်ဂိမ်းကုမ္ပဏီ Capcom အပါအဝင် ဂိမ်းရဲ့ မူရင်းဇာတ်ညွှန်းရေးသားသူ Kenichi Iwao နဲ့ Yasuyuki Saga တို့ကိုပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုနဲ့ ဝတ္ထုအတွက် သဘောတူညီမှု ရရှိပြီးနောက် ၁၉၉၈ ခုနှစ်မှာ ‘Resident Evil: The Umbrella Conspiracy’ ဆိုတဲ့ စာအုပ် စတင် ထွက်ရှိလာခဲ့ပါတယ်။ ဒီစာအုပ်ဟာ Resident Evil (1996) ဗွီဒီယိုဂိမ်းရဲ့ Origin Storyline ကို ဝတ္ထုအသွင် ပြန်ပြောင်းရေးဖွဲ့ထားတာကြောင့် ကမ္ဘာတလွှားက Fan တွေကြားမှာ အထူးရေပန်းစားခဲ့ပါတယ်။ ဗွီဒီယိုဂိမ်းခွေအတိုင်း Publishing အပိုင်းမှာလည်း အုပ်ရေသန်းချီ ရောင်းချခဲ့ရပြီး အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရတဲ့အပြင် နိုင်ငံအတော်များများမှာလည်း ဘာသာပြန်ဆို ထုတ်ဝေခဲ့ကြပြီး ဖြစ်ပါတယ်။
အခု ကျနော် မိတ်ဆက်ပေးမှာကတော့ ‘မဟာစာပေ’ ကနေ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဝတ္ထုရဲ့ မြန်မာဘာသာပြန်မူ စာအုပ်ကိုပဲ ဖြစ်ပါတယ်။ စာအုပ်အမည်က ‘အမ်ဘရဲလား လျှို့ဝှက်စီမံကိန်း’ ဖြစ်ပြီး၊ မြန်မာပြန်ဆိုသူက ဆရာဇွဲခေတ် ဖြစ်ပါတယ်။ ဆရာဇွဲခေတ်ရဲ့ ဘာသာပြန်ဆိုဟန်၊ စာဖလှယ်ဟန်တွေက ပြေပြစ်ချောမွေ့မှု ရှိတဲ့အတွက် ဒီစာအုပ်ကို ဖတ်ရှုရာမှာ တစိမ့်စိမ့်နဲ့ အရသာရှိနေပြီး ဖတ်လို့ ကုန်သွားမှာ‌တောင် စိုးရွံ့နေခဲ့မိပါတယ်။ ခေတ်ပေါ် ဘာသာပြန်ကလောင်သစ်တွေထဲမှာ ကျနော်နှစ်သက်မိသူ တဦးပါပဲ။
PlayStation Platform မှာ ထွက်ရှိခဲ့တဲ့ မူရင်း RE ဗွီဒီယိုဂိမ်းတွေ (PS1 ရဲ့ RE, RE 2, RE 3: Nemesis နဲ့ PS2 ရဲ့ RE 4) ကို ကလေးဘဝကတည်းက အကြိမ်ကြိမ် ဆော့ခဲ့ဖူးပြီး (ကျောင်းပြေးတိုင်း ဂိမ်းဆိုင်မှာ လိုက်လိုက်ဖမ်းခဲ့တဲ့ အစ်ကိုအရင်းက သက်သေပဲ ဆိုပါတော့ 😅😅😅) လက်ရှိမှာလည်း စိတ်ရူးပေါက်တိုင်း Android Version နဲ့ ပြန်ပြန်ကစားဖြစ်နေသူ ကိုယ့်အတွက် ဒီစာအုပ်ဟာ တကယ့်ရွှေပါပဲ။ လက်က မချစတမ်း ဖတ်ရှုနေမိရင်း စိတ်ထဲ မှတ်ချက်ချမိလာတာက စာရေးဆရာမ S.D. Perry ဟာ ဇာတ်လမ်းယုတ္တိဗေဒ၊ ဇာတ်ကောင်ယုတ္တိဗေဒ ဖွဲ့စည်းတည်ဆောက်မှု အထူးပိုင်နိုင်သူတဦး ဆိုတာကိုပါပဲ။ ဗွီဒီယိုဂိမ်းရဲ့ Storyline ကို ပြန်လည် ရေးဖွဲ့ထားတဲ့ ဝတ္ထုလို့ မထင်ရလောက်အောင် ဒီစာအုပ်ဟာ တန်းတခုရှိပါတယ်။ ဘာကြောင့် သူ့ရဲ့ RE Book Series ကို Fan တွေက Live Action မြင်ချင်ကြသလဲဆိုတာကိုလည်း သဘောပေါက်သွားခဲ့ပါတယ်။
Fan တယောက်အနေနဲ့ သိရှိပြီးသား ဇာတ်လမ်းဖြစ်ပေမဲ့လည်း S.D. Perry ရဲ့ ‌ဆန်းသစ်တဲ့ လက်ရာကို ဌာန်ကုန်မီအောင် အားထုတ်ထားတဲ့ ဆရာဇွဲခေတ်ရဲ့ မြန်မာဘာသာပြန် ညက်ညောကြောင့် ရက်ကွန်းမြို့ပြင် တောအုပ်ထဲက လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ စပန်ဆာအမည်ရ စံအိမ်တော်ကြီးထဲ RE ရဲ့ Iconic ဇာတ်ကောင်တွေ ဖြစ်တဲ့ ဂျေးလ်၊ ခရစ်စ်၊ ရီဘက်ကာ၊ ဘယ်ရီ၊ ဝက်စ်ကာ အစရှိတဲ့ S.T.A.R.S. တပ်ဖွဲ့ဝင်တွေနဲ့အတူ ကျောတချမ်းချမ်းနဲ့ လိုက်ပါ စီးမျောသွားမိခဲ့ပါတယ်။ သက်ရှိတွေကို မကောင်းဆိုးရွားများအဖြစ် မျိုးရိုးဗီဇ ပြောင်းလဲစေပြီး ကမ္ဘာကြီးကို ကပ်ဘေးဆိုက်စေတော့မယ့် ဗိုင်းရပ်စ်တခုရဲ့ မြစ်ဖျားခံရာ ဒီစံအိမ်ကြီးထဲမှာ စာဖတ်သူဟာ ဇာတ်ကောင်တွေနဲ့ တသားတည်း ဖြစ်သွားခဲ့ပါတယ်။
ဒီလိုနဲ့ ‘အမ်ဘရဲလား လျှို့ဝှက်စီမံကိန်း’ (Resident Evil: The Umbrella Conspiracy by S.D. Perry) ဝတ္ထုကို အစအဆုံး စိတ်ဝင်တစားနဲ့ ရင်တမမ ဖတ်ရှုပြီးတဲ့နောက်မှာ အားအားနေ Screentime များလာတဲ့ မျက်မှောက်ခေတ်ကြီးထဲ လူငယ်ထုကို အခုလို Novelization တွေနဲ့ စာဖတ်အား ကောင်းလာအောင် လုပ်နိုင်စွမ်းမယ့် ကလောင်တချောင်းအဖြစ် ဆရာဇွဲခေတ်ကို အထူးမျှော်လင့်မိပါတယ်။
မျှော်လင့်မိတဲ့အတိုင်းပဲ ဒီစာအုပ်ရဲ့ နောက်ဆက်တွဲ ဝတ္ထုတွေဖြစ်တဲ့ Caliban Cove (မိစ္ဆာကမ်းခြေ)၊ City of the Dead (မရဏမြို့တော်)၊ Underworld (မြေအောက်ကမ္ဘာ)၊ Nemesis (နမ်မီဆစ်)၊ Code: Veronica (ကုဒ်-ဗာရိုနီကာ)၊ Zero Hour (သုညနာရီ) စတဲ့ ကျန် (၆) အုပ်စလုံးကိုလည်း အချောသတ် မြန်မာပြန်ဆိုမှု ပြီးစီးသွားပြီဖြစ်ကြောင်းကိုလည်း သူ့ဆီကနေ သိရှိခဲ့ရပါတယ်။ အခြေအနေပေးရင် များမကြာမီ ဆက်လက်ထုတ်ဝေ ဖြန့်ချိနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တဲ့အကြောင်း ဝါသနာတူတွေအတွက် သတင်းကောင်း ပါးလိုက်ပါတယ်။
နက်ရှိုင်းထက်
စက်တင်ဘာလ၊ ၇ ရက်၊ ၂၀၂၃ ခုနှစ်

Main Menu