အတိတ်စိုက်ခင်းဆိုတဲ့ အတိုင်း အတိတ်က စိုက်ခင်းကြီးတစ်ခု အကြောင်းပဲ ဖြစ်ပါတယ်။




အတိတ်စိုက်ခင်းအတွက် အမှာ
အတိတ်စိုက်ခင်းဟာ ကျွန်မရဲ့ ငယ်စဉ်ကာလ အပိုင်းအခြားတွေကို ပြန်လည်ပုံဖော်ထားတာမို့ မူလတန်းအရွယ်ကနေ တက္ကသိုလ်မတက်ခင်ထိ ခုနှစ်တွေပဲ ဖြစ်ပါတယ်။ အတိတ်စိုက်ခင်းထဲမှာ ပါရှိတဲ့ နာမည်တွေဟာ လွှဲသုံး ထားတာ ရှိသလို၊ တိုက်ရိုက်သုံးထားတာ ရှိပေမယ့် အချို့ သော အဖြစ်အပျက်တွေ တိုက်ဆိုင်မှု ရှိခဲ့ရင် ကျွန်မရဲ့ ဖန်တီးမှုသာ ဖြစ်ပါကြောင်း ဆိုပါရ စေ။
သို့ကလို အတိတ်တွေထဲက သူတွေထဲမှာ သူကိုယ့်သူ စာရေးဆရာ မောင်ညိုမှိုင်း( သန်လျင်) လို့ ပြောခဲ့တဲ့ မော်တော်မှာ ထမင်းချက်တဲ့ အဘတစ်ယောက်လည်း ပါဝင်နေခဲ့ပါတယ်။ ကျွန်မကတော့ အပီအပြင်တွေ ယုံလို့ပေါ့။ သူ ကျွန်မတို့ရွာက မပြန်ခင် ကျွန်မကို စာလေးတစ်စောင် အမှတ်တရ ရေးပေးခဲ့ပါတယ်။
ဝတ္ထုထဲမှာ အဲ့ဒီစာလေးကို ထည့်ရင် “အဘ”များ နစ်နာသွား လေမလားလို့ အကြိမ်ကြိမ် တွေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ အဘနဲ့ကျွန်မသာ သိတဲ့ အဖြစ်အပျက် ဖြစ်ပြီးတော့ အဘရဲ့ ရုပ်ပုံကို ထည့်သုံးထားတာ မဟုတ်တဲ့အတွက် စာလေးကို ထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ့်စာရေးဆရာ မောင်ညိုမှိုင်း( သန်လျင်) နဲ့ တွေ့တော့ အဲ့ဒီအဖြစ်အပျက်လေးကို ပြောပြတော့ ဆရာက ရယ်ပါတယ်။
သို့ကလို အဖြစ်တွေ မနည်းဘူး တွေ့ဖူးပါတယ်လို့လည်း ပြောပါတယ်။ ကျွန်မအတွက်တော့ အတိတ်ဟာ ခံစားမှုပေါင်းစုံ ရောပြွမ်း နေတဲ့ စိုက်ခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ ခံစားမှုတွေကို စာဖတ်သူဆီ ဆင့်ပွားပေးလိုက်ရတဲ့အခါ စာဖတ်သူတွေရဲ့ ခံစားမှု ကရော ဘယ်လိုဖြစ်လေမလဲဆိုတာ မျှော်လင့် နေပါ့မယ်ရှင်။ မေတ္တာများဖြင့် ခတ္တာခင်