ဆရာဖိုးနိုင်လင်း၏ လမ်းပျောက်


Featured Image
“… ကွင်းပြင်ကျယ် မြက်ရိုင်းတောကြီးထဲ ရောက်သွားကာ ပြန်ထွက်မရဘဲ ဒုက္ခထဲ တဲဝဲလည်ဖြစ်နေသည့် လူတစ်စုအကြောင်း။ ဒီကားကိုကြည့်ရတာက လူသား၏ ဖြစ်တည်မှု အစွမ်းအစကိုပင် ပြက်လုံးထုတ်ထားသလိုရှိသည်။ သူတို့ဘေးတွင် ပတ်ပတ်လည် ဝန်းရံနေသည့် မြက်ရှည်ပင်များအလယ်၌ ကူညီရာမဲ့ ထွက်ပေါက်မဲ့ ဘဝဖြင့်”
(သစ္စာနီ၏ ကိုဗစ်-19 အော်ပရာ မှ)
ဆရာသစ္စာနီ၏ “ကိုဗစ်-19 အော်ပရာ” ဝတ္ထုကိုဖတ်လိုက်ရမှသာလျှင် In The Tall Grass ရုပ်ရှင်အကြောင်း တစ်စွန်းတစသိလိုက်ရသည်။ ဆရာသစ္စာနီရေးထားသည်ကို ဖတ်ပြီး ရုပ်ရှင်ကို အင်တာနက်မှ ဒေါင်း၍ ကြည့်လိုက်သည်။ ထို့နောက် မူရင်းဝတ္ထုကိုပါ ဖတ်ချင်လာသဖြင့် အင်တာနက်မှပင် ဒေါင်း၍ဖတ်လိုက်သည်။
မူရင်းဝတ္ထုကိုရေးကြသူတွေကတော့ ကျွန်တော်တို့အသည်းစွဲ အမေရိကန် သည်းထိတ်ရင်ဖို စာရေးဆရာကြီး စတီဖင်ကင်းနှင့် သူ့သား ဂျိုးဟေးလ် တို့ဖြစ်၏။ သူတို့ သားအဖနှစ်ယောက် ၂၀၁၂ ခုနှစ်က ရေးခဲ့ခြင်းဖြစ်သည်။
ဝတ္ထုနှင့် ရုပ်ရှင် မတူ။ ဝတ္ထုကိုဖတ်ရတာက ရုပ်ရှင်ကိုကြည့်ရသည်ထက် ပိုကောင်းသည်ဟု ထင်မိ၏။ ထို့ကြောင့် ဝတ္ထုကို ဖတ်ပြီးတော့ အခြားသူများကိုလည်း ပြန်လည်မျှဝေချင်လာသည်။ စာမျက်နှာလည်း မများလေရကား အိမ်တွင် စတေးဟုမ်းနေရင်းနှင့်ပင် ပေါ့ပေါ့ပါးပါး မြန်မာပြန်ဖြစ်သွား၏။
စတီဖင်ကင်း၏ ထုံးစံအတိုင်း အမေရိကန်နံ့အင်မတန်သင်းသော အရေးအသားဖြစ်သည်။ အမေရိကန်နံ့ဆိုရာတွင်လည်း တောင်ပိုင်းနံ့ပိုသင်းသည်။ အမေရိကန်တွေသာ သိနိုင်လောက်သည့် ဝေါဟာရတွေ၊ အမည်တွေ၊ နေရာတွေပါ၏။ ယခု ဇာတ်လမ်းထဲတွင် ထူးခြားသည်မှာတော့ Limerick ခေါ် နဘေထပ် ငါးကြောင်း စာစပ်လေးတွေကို ဟိုနေရာသည်နေရာတို့တွင် ထည့်သွင်းရေးသားထားခြင်းပင်။ တံတားကြီးပေါ်က၊ နွားကြီးချော်ကျ၊ တအားကြီးအော်သဗျ ဆိုတာလိုမျိုးတွေဖြစ်၏။ ရယ်လဲရယ်ရသည်။ နည်းနည်းတော့ ကြမ်းသလို၊ ညစ်ညမ်းသလိုလိုလဲရှိ၏။ သားတော်မောင် ဂျိုးဟေးလ်၏ လက်ရာတွေများလားမသိ။
ဝတ္ထုကမရှည်ပေမင့် အရေးအသားကလှသည်။ ရယ်စရာနေရာတွင် ရယ်ရ၊ ကြောက်စရာနေရာတွင် ကြောက်ရအောင်ရေးထားခြင်းဖြစ်သည်။ သို့ရာတွင် ပေါ့ပေါ့ပါးပါး ဖတ်နိုင်သည့် ဝတ္ထုမျိုးဖြစ်သည်။ မူရင်းဝတ္ထုအမည်ကို မြန်မာလိုတိုက်ရိုက်ပြန်ဆိုလျှင် မြက်ပင်ရှည်များထဲဝယ် ဟူ၍ဖြစ်သော်လည်း မြက်ရိုင်းတောကြီးအထဲတွင် တဝဲလည်လည်ဖြစ်ကာ ကူညီရာမဲ့ ထွက်ပေါက်မဲ့ ဖြစ်နေကြခြင်းကို ပေါ်လွင်စေလိုသဖြင့် “လမ်းပျောက်” ဟု အမည်ပေးလိုက်ပါသည်။
၂၀၂၀ ခုနှစ်နှောင်းပိုင်းကတည်းက မြန်မာပြန်ပြီးဖြစ်သော်လည်း ယခု ၂၀၂၃ ခုနှစ်မှသာလျှင် ပုံနှိပ်ထုတ်ဝေဖြစ်တော့သည်။
ဖိုးနိုင်လင်း

Main Menu