ဇင်ယော်နီ
၁၉၇၃ ခု၊ မေလ ၄ ရက်၊ သောကြာနေ့နံနက်မှာ အဖ ဦးကျော်မောင်း၊ အမိ ဒေါ်ခင်သန်းတို့မှ ဖွားမြင်ခဲ့ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသား ဖြစ်ပါတယ်။ အမည်ရင်းမှာ ဦးကျော်စိုးထွန်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စာဆိုကျော် ပုဂ္ဂိုလ်ထူး အမြောက်အမြားပေါ်ထွန်းခဲ့ရာ တောင်တွင်းကြီးမြို့ဇာတိ ဖြစ်ပါတယ်။
မကွေးမြို့ ကန်သာ အမက (၁၀)၊ တောင်တွင်းကြီးမြို့ မြို့မ အမက၊ တောင်တွင်းကြီးမြို့ အထက (၁) ကျောင်းတွေမှာ ပညာသင်ယူခဲ့ပါတယ်။ အဋ္ဌမတန်းမှာ ပညာသင်ကြားနေစဉ် တောင်တွင်းကြီးမြို့ အထက (၁) ကျောင်းစာကြည့်တိုက် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ကျောင်းနံရံကပ် စာစောင်များ၊ ကျပန်းစကားပြောပွဲများ၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး ပြိုင်ပွဲများကတစ်ဆင့် စာပေအနုပညာ သန္ဓေတည်ခွင့် ရခဲ့ပါတယ်။
အသက် ၁၄ နှစ်သား အရွယ်၊ ၉ တန်း ကျောင်းသားဘဝ၊ ၁၉၈၇ ခုနှစ်၊ သြဂုတ်လထုတ် သင့်ဘဝမဂ္ဂဇင်းမှာ ‘မိဘကျေးဇူး’ အမည်ရှိ ကဗျာတိုလေး ရွေးချယ် ဖော်ပြခံရပြီး စာပေလောကသို့ စတင်ဝင်ရောက်လာခဲ့ပါတယ်။
သင့်ဘဝမဂ္ဂဇင်း၊ သောကြာစာစောင်၊ အာရောဂျံမဂ္ဂဇင်း၊ စံပယ်ဖြူ မဂ္ဂဇင်း၊ မြားနတ်မောင်မဂ္ဂဇင်း၊ လုံမလေးမဂ္ဂဇင်း၊ ဟန်သစ်မဂ္ဂဇင်း …. စတာ တွေမှာ ကလောင်သစ်တစ်ဦးအဖြစ် ကလောင်သွေးခဲ့ပါတယ်။
၁၉၉၃ ခုနှစ်ကစလို့ ဟာသစာရေးဆရာကြီး ဆရာကြီးအီကြာကွေးရဲ့ အားပေးတိုက်တွန်းမှုနဲ့အတူ ‘ကျော်ပြောင်’ ဟူသော ကလောင်အမည်နဲ့ ကာတွန်းတွေ၊ သရော်စာတွေ ရေးသားခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာ ဆရာကြီးမင်းသိင်္ခထံသို့ ရောက်ရှိသွားခဲ့ပြီး ဆရာကြီး နဲ့အတူ နေထိုင်ရင်း စာပေအမွေ၊ ဗေဒင်ပညာအမွေတို့ကို အနီးကပ် ဆည်းပူး ရယူနိုင်ခဲ့ပါတယ်။
ဆရာကြီးမင်းသိင်္ခ ဦးစီးထုတ်ဝေခဲ့သော မနောမယဂျာနယ်၊ မနော ကြာဖြူမဂ္ဂဇင်း၊ မဟာမြိုင်မဂ္ဂဇင်းတွေမှာ အယ်ဒီတာတစ်ဦးအဖြစ် ထမ်းရွက်ခွင့် ရခဲ့ပြီး မနောမယဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူကာ ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။
ဆရာကြီးမင်းသိင်္ခနှင့်အတူ မှော်ဘီမြို့ အယူတော်မင်္ဂလာခြံကြီးမှာ သားသမီးတစ်ဦးပမာ နေထိုင်ခဲ့ပြီး ဗေဒင်သင်တန်းပြဆရာတစ်ဦးအဖြစ် ၁၀ နှစ်တာမျှ ထမ်းဆောင်ခဲ့ပါတယ်။
ဆရာကြီးမင်းသိင်္ခ တည်ထောင်သော ပွဲကျောင်းသား (မြန်မာပြည်သား) မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်မှာ အသင်းတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
ပထမဆုံးထုတ်ဝေခဲ့သော လုံးချင်းစာအုပ်မှာ ၂၀ဝ၃ ခုနှစ်က ထုတ်ဝေ ခဲ့သော ‘ရွှေနန်းတော်သို့ သွားရအောင်’ အမည်ရှိဝတ္ထုဖြစ်ပြီး လုံးချင်းစာအုပ် ပေါင်း ၂၀ ကျော် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။
ဝတ္ထုအချို့ကို ဗီဒီယိုဇာတ်ကား၊ အသံလွှင့်ဇာတ်လမ်း၊ ရုပ်ပြစာအုပ် များအဖြစ်လည်း ရိုက်ကူး၊ ထုတ်လွှင့်၊ ထုတ်ဝေခြင်းများ ရှိခဲ့ပါတယ်။
ပရဟိတ လှုပ်ရှားမှုများအဖြစ် အယူတော်မင်္ဂလာ ဇီဝိတဒါနမိသားစုဟု စုစည်းကာ ၂၀ဝ၉ ခုနှစ်မှစ၍ စုပေါင်းသွေးလှူဒါန်းပွဲများ နှစ်စဉ်ပြုလုပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ အထက်အောက် အလယ် ဒေသအသီးသီးမှ ဆေးရုံကြီးများ၊ တိုက်နယ် ဆေးရုံများ၊ ကျေးလက်ဆေးခန်းများ၊ ကျေးလက် သားဖွားခန်းများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များထံသို့ အောက်ဆီဂျင်အိုး ၂၀ဝ နီးပါး လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
ရန်ကုန်မြို့ ကာတွန်းဦးဘဂျမ်းလမ်း၊ ကာတွန်းမီးထွန်းပွဲတော် ၂၀၁၈ ခုနှင့် ၂၀၁၉ ခုနှစ်များတွင် ပရိသတ်အကြိုက်ဆုံး ဆုရှင်တစ်ဦးအဖြစ် ၂ နှစ် ဆက်တိုက် အရွေးချယ်ခံခဲ့ရပါတယ်။
မြန်မာ့အသံနှင့် ပတ္တမြားအက်ဖ်အမ်မှ နေ့စဉ် အသံလွှင့်ဟောစာတမ်း၊ MNTV ရုပ်သံမှ နေ့စဉ်ဟောစာတမ်း အစီအစဉ်များကိုလည်း ထုတ်လွှင့်ခဲ့ပြီး ဂျာနယ်များ၊ အွန်လိုင်းမီဒီယာများမှာလည်း စာမူများ၊ ကာတွန်းများ၊ ဟောစာတမ်း များ ရေးသားလျက် ရှိပါတယ်။