ငဒိန်း
ငဒိန်း (နာမည်အရင်း ဇော်ထက်အောင်)ကို ၁၉၈၇ခု လေးလပိုင်း ၂၁ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ လက်လှုပ်တောင်ရွာတွင် အဖ ဦးစိုးသွင်နှင့် အမိ ဒေါ်နွဲ့ယဥ်တို့မှ မွေးဖွားခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင် အ.ထ.က(ခွဲ)ဆိပ်ခွန်မှ အထက်တန်းအောင်ခဲ့ပြီး ၂၀၀၄မှ ၂၀၀၈အထိ စစ်ကိုင်းGTCတွင် မြို့ပြအင်ဂျင်နီယာအထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ပညာသင်ကြားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် စစ်ကိုင်းGTCကို စွန့်ခွာပြီး ပင်လယ်ရေကြောင်းသွား သင်္ဘောသားဘဝကို ရွေးချယ်ကာ လက်ရှိအချိန်အထိ သင်္ဘောသားအလုပ်နှင့်ပင် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်။
စာပေဖြတ်သန်းမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကမ်းလက်များစာပေအဖွဲ့၏ စာပေပြိုင်ပွဲများတွင် ဝင်ရောက်လက်ရည်သွေးခဲ့ပြီး “သားကောင်များ” စာမူဖြင့် ၂၀၁၈၂၀၁၉ ခုနှစ် ကမ်းလက်များစာပေအဖွဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့သည်။
၂၀၁၉ ဒီဇင်ဘာတွင် “ချစ်ခြင်း၏လိပ်ပြာ”စာမူဖြင့် ရွှေအမြုတေမဂ္ဂဇင်း ရွှေအသစ်ကဏ္ဍမှနေ၍ မဂ္ဂဇင်းစာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ” လှိုင်းပေါ်ကလူ” ဝတ္ထုတိုစုစည်းမှု၊ ” ပင်လယ်ထဲကမြစ်” ဝတ္ထုရှည်စ/ဆုံး၊ “တိမ်နဲ့တောင်နဲ့၊ လမ်းနဲ့လူနဲ့” ဝတ္ထုရှည်စ/ဆုံးတို့ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခု ” တစ်ခိုင်လုံးရွှေ “သည် စာရေးသူ၏ စတုတ္ထမြောက် ဝတ္ထုရှည်စ/ဆုံး ဖြစ်သည်။