ထွန်းတောက်ထွဋ်
ဖခင်ဦးချစ်လှိုင်၊ မိခင်ဒေါ်လှကြည်တို့မှ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ ညီအစ်ကို မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးသော သားဖြစ်ပြီး ကလောင်အမည် ထွန်းတောက်ထွဋ်(သချာ်)၊ အမည်အရင်းမှာ ဝင်းထွဋ်ဖြစ်ပါသည်။
ပဉ္စမတန်းမှ နဝမတန်းအထိ ရွှေနတ်တောင် အ.ထ.က(မော်လမြိုင်မြို့)တွင် ပညာသင်ကြားခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က. (၃) ဗဟန်း ရန်ကုန်မြို့မှ အောင်မြင်ခဲ့ပါသည်။
အခြေအနေအကြောင်းတရား အမျိုးစုံကြောင့် ရန်ကုန်၊ မော်လမြိုင် ပြောင်းရွှေ့ပညာသင်ကြားခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်မှ B.Sc(Maths) ဘွဲ့ကို ရရှိခဲ့ပါသည်။
၂၀ဝ၈ ခုနှစ်၊ ဧပြီလထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ်ကဏ္ဍ တွင်ဖော်ပြခဲ့သော အနွမ်းပန်းရှိုက်သံ သန်းခေါင်ယံဝယ် ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ စာရေးသက် ၁၄ နှစ်တာကာလ အတွင်း ရွှေအမြုတေ၊ မဟေသီ၊ ကလျာ၊ ပေဖူးလွှာ၊ ရုပ်ရှင်တေးကဗျာ၊ ပိတောက်နွယ်၊ ရတီ၊ ဖြစ်ရပ်မှန်၊ Faces ၊ Look ၊ Teen ၊ International ၊ Potential ၊ Treasure Land ၊ Peace ၊ မေတ္တာရှင်မဂ္ဂဇင်း များတွင် ဝတ္ထုတို၊ ဝတ္ထုရှည် အပုဒ်ရေတစ်ရာကျော် ရေးသားခဲ့ပြီး အလင်းတန်းဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ Hello ဂျာနယ်တို့တွင် ဆောင်းပါးနှင့် တစ်မျက်နှာဝတ္ထုတိုအပုဒ်ရေ ၃၀ ကျော် ရေးသားခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အစိမ်းစားစုန်းပြူး ဝတ္ထုတို စုစည်းမှုစာအုပ်ကို ပိတောက်ရနံစာပေမှ ထုတ်ဝေခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် အတ္တလောင်းရိပ် ချွေးသိပ်မဖြေနိုင် မဂ္ဂဇင်းဝတ္ထုရှည် စုစည်းမှုစာအုပ်ကို ရွှေယောမြေစာပေမှထုတ်ဝေခဲ့ပါသည်။
ယခုအခါ မဂ္ဂဇင်းဝတ္ထုတို၊ ဝတ္ထုရှည်နှင့် လုံးချင်းဝတ္ထုများ ဆက်လက်ရေးသားလျှက်ရှိပြီး ရန်ကုန်မြို့တွင် ညီအစ်ကို မောင်နှမများနှင့်အတူ နေထိုင်လျှက်ရှိပါသည်။