မယ်ကျွိ
၁၉၈၅ခုနှစ် ဖေဖော်ဝါရီလ ငါးရက်နေ့ တောင်ကြီးမြို့တွင် ဒေါ်နန်းသွယ်သွယ်ဝင်းနှင့် (ဦးလှသွင်)တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ဦးတွင် အကြီးဆုံးဖြစ်သော်လည်း မိဘဘေးတွင် မနေဘဲ စိတ်ဦးတည့်ရာ သွားလာနေထိုင်သည်။
ငယ်စဉ်က အထက(၁)တောင်ကြီးတွင် သူငယ်တန်းမှ ဆယ်တန်းထိ ဆရာ၊ ဆရာမများကို ဒုက္ခပေးခဲ့သည်။
တိုးရစ်ဂိုက်လုပ်ချင် သည်ဟု အကြောင်းပြပြီး ပြင်သစ်ဘာသာစကားကို မ္တလေးနှင့်ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပြင်သစ်ယဉ်ကျေးမှုဌာနတို့တွင် ရှစ်နှစ်တာ သင်ယူခဲ့သော်လည်း အကြောင်းကြောင်းကြောင့် တိုးရစ်ဂိုက်ဖြစ်မလာဘဲ လူသားချင်းစာနာမှုဟု နာမည်ခံသော အလုပ်တစ်ခုကို ၂၀ဝ၉ခုနှစ်တွင် ယာယီ ဝင်ရောက်ရမှာ တခြားအလုပ်အကိုင်များ မလုပ်တတ်တော့ဘဲ ထိုအလုပ်ကိုသာ အားကိုးပြီး ထမင်းစား၊ ဘီယာသောက် နေထိုင်ရတော့ သည်။
ထိုအလုပ်ကြောင့် နိုင်ငံတွင်းမြို့များတွင် ပြောင်းရွှေ့နေထိုင်ရပြီး နောက်ပိုင်းတွင် နိုင်ဂျီးရီးယားနိုင်ငံ၊ တောင်ဆူဒန်တို့တွင် တာဝန်ထမ်းဆောင် ရသည်။
တာဝန်ပြီးဆုံးပြီး နိုင်ငံတွင်းပြန်ရန် အခက်အခဲရှိသဖြင့် ယူက္တာ နိုင်ငံတွင် သောင်တင်၊ စာရေးစာဖတ်ချင်ယောင်ဆောင်ပြီး ဘားသွား ဘီယာသောက်ခြင်းများ ပြုလုပ်နေထိုင်သည်။ ထို့နောက် ငွေကြေးကုန်ခမ်း သဖြင့် ယခုအခါ အီရက် (Iraq) နိုင်ငံ Erbil မြို့တွင် အလုပ်လုပ် ငွေရှာ နေရပြန်သည်။ အကြောင်းအရင်းမှာ ဟန်ဆောင်စာရေးသားခြင်းဖြင့် လူလူသူသူ နေမရသဖြင့် ဖြစ်သည်။
၂၀၁၇ ခုနှစ်ဝန်းကျင်တွင် လာအို၊ ကမ္ဘောဒီယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး ပြင်သစ်ဘာသာစကားဖြင့် ထုတ်ဝေသော ကဗျာ စာအုပ်တွင် ကဗျာတစ်ပုဒ် ဖော်ပြခံရသည်။ ၂၀၁၈ တွင် ကိုယ်တွေ့အဖြစ် တစ်ခုကို အခြေခံသည့် လေးနှစ်လေးလအမည်ရှိ ဝတ္ထုတိုကို ဗြူးတီး မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံရပြီး ယင်းဝတ္ထုကို စာသမားဂရုအမှတ်တရအဖြစ် မဟာစာပေမှ ပုံနှိပ်ထုတ်ဝေသည့် စာအုပ်တွင် ပြန်လည် အသုံးပြုခဲ့သည်။
ဖေ့ဘုတ်စာမျက်နှာများပေါ်တွင် အက်ဆေးများ၊ စာအုပ်အညွှန်းများ၊ ဂီတ အညွှန်းများကို ရေးသားရာမှ လူအများက ဖတ်ကောင်းသည် မှတ်ချက်ပေး ကြရမှာ မိမိကိုယ်တိုင် အထင်အနည်းငယ်ကြီးလာပြီး ဟန်ဆောင်စာရေးသား ခြင်းများ ပြုလုပ်လာမိသည်။ ဟန်ဆောင်စာရေးသားခြင်းဖြင့် ဘာသာပြန် စာအုပ် အနည်းငယ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုများမှာ မဟာစာပေမှ 1Q84 (ပထမပိုင်း)၊ ကံ့ကော်ဝတ်ရည်မှ ရွက်ကြွေ၊ မြစ်ပြင်တကြော လွင့်လို့မျော (ကလေးစာပေ)၊ ရေမင်းသမီး (ကလေးစာပေ)၊ Exit မှ တင်တင်စွန့်စားခန်းများ (ငါးအုပ်) တို့ ဖြစ်သည်။
ဆက်လက်ပြီး စာရေးသယောင်ယောင်၊ စာဖတ်သယောင်ယောင် သေသည်ထိ ဆက်လုပ်သွားရန် အစီအစဉ် ဆွဲထားသည်…။