မြသန်းတင့်
(၁၉၂၉-၁၉၉၈)
၁၉၂၉ ဦးပေါတင့်၊ ဒေါ်လှိုင်တို့မှ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉ ခုနှစ်၊ မေ လ၂၃ ရက်၊ ကြာသပတေးနေ့၌ မွေးဖွားခဲ့။ မွေးချင်း ခုနစ်ယောက်တွင် အကြီးဆုံးဖြစ်ခဲ့။
မြိုင်မြို့ တိုင်းရင်းမြန်မာ အထက်တန်းကျောင်းတွင် စတုတ္ထ တန်း အောင်မြင်ပြီးနောက် ပခုက္ကူမြို့ ၊ မြန်မာအင်္ဂလိပ်ဗုဒ္ဓဘာသာ အထက် တန်းကျောင်းသို့ ပြောင်းရွှေ့ရာ ပထမတန်းမှ ပြန်၍ ပညာ သင်ခဲ့။
၁၉၄၁ ပဉ္စမတန်းရောက်ခဲ့။
၁၉၄၂ ဂျပန်ခေတ်၊ ကျောင်းပြန်တက်ခဲ့။
ကျောင်းလက်ရေးမဂ္ဂဇင်း ကို ဦးစီးထုတ်ဝေခဲ့။ ထိုစဉ်က အသက် ၁၃ နှစ်အရွယ်၊ ဇိနတ္ထပကာသနီ၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီး ဆယ်ဘွဲ့၊ ဟိတောပဒေသ၊ ကိုးခန်းပျို့၊ မဃဒေဝ လင်္ကာသစ်နှင့် နတ်ရှင် နောင်ရတုများ၊ မြန်မာ ဂန္ထဝင်စာပေများဖတ်ခဲ့။
တစ်ဖက်တွင် ခေတ်ပေါ်စာပေများဖြစ်သော သက်စောင့် မဂ္ဂဇင်း၊ ဘားမားဂျာနယ်၊ ဆယ်သန်း၊ ဒဂုန်၊ စာဆိုတော်၊ ဂန္ထလောက နှင့် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းများကို လေ့လာခဲ့။ အထူးသဖြင့် ကာလပေါ်ဝတ္ထုတိုများနှင့် နဂါးနီတိုက်ထုတ် စာအုပ်များကို ဖတ်ရှုခဲ့။ စာပေနှင့် နိုင်ငံရေးကို စတင်စိတ်ဝင်စား လာခဲ့။
၁၉၄၃ အာရှလူငယ်များအဖွဲ့၌ တက်တက်ကြွကြွပါဝင်ခဲ့။
၁၉၄၄ ဂျပန်တော်လှန်ရေး မြေအောက်ကလပ်စည်းများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင်ခဲ့။ မန္တလေး နှင့် မြင်းခြံခရိုင် လျှို့ဝှက်မြေအောက်လုပ်ငန်းများ တွင် တာဝန်ယူခဲ့။
၁၉၄၅ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး (တော်လှန် ရေးတွင်ကျဆုံး)၊ သခင်မော်တင် (ပြည်တွင်းစစ်တွင်ကျဆုံး)နှင့်မြိုင်မြို့ ဘုန်းတော်ကြီး ဦးစရိယ (မြိုင် ဖဆပလ အမတ်ဟောင်း ဦးသက်ရှည်) တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့။
၁၉၄၅-၄၇ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြင်းခြံခရိုင်တွင် တာဝန်ကျခဲ့။
မန္တလေးခရိုင် အထက်ဗမာပြည် ဖဆပလအဖွဲ့ချုပ်၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့်တာဝန်ထမ်း ဆောင်ခဲ့။ မြင်းခြံခရိုင် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်၍ ခရိုင် ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့။ မြင်းခြံခရိုင်အတွင်းရှိ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်းမြို့နယ်များရှိ တောင်သူလယ်သမား များ၊ ကျောင်းသားလူငယ်များကို အဓိကထား စည်းရုံးခဲ့။
ကျောက်ပန်းတောင်းတွင် အက်တူး-သခင်အုန်းဖေ (ပြည် တွင်းစစ်တွင်ကျဆုံး) နှင့်အတူ လယ်သမားများ သီးစားခမပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ် ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏ လယ်များကို အတင်းဝင်ထွန်ရေး}တိုက်ပွဲများကို ဦးဆောင်ခဲ့။
သီးစားခမပေးရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ သိမ်းယူထားသော လယ်သမားများ၏ ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်)ပြစ်ဒဏ်ကျခံခဲ့။
မြင်းခြံခရိုင်တွင် အခြားသော ခေါင်းဆောင်များနှင့်အတူ သူ့ ခေါင်းကိုဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိနှင့် မြေရှင်များက တိတ်တဆိတ် ဆုငွေထုတ်ခဲ့။
အထွေထွေသပိတ်ကြီးတွင် မြင်းခြံ၊ မ္တလေး၊ ဒလ သင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်နိုင်ရေးအတွက် တာဝန်ယူခဲ့။
မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့ တွင် အလုပ်အမှုဆောင် အဖြစ် ဆောင်ရွက်ရင်း ဖြူးမြို့နယ်တွင် ကျင်းပသည့် ]မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီး သို့} မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့။
၁၉၄၇ မကျန်းမာသဖြင့် တာဝန်မှအနားယူကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့။ ပခုက္ကူခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့။
၁၉၄၈ ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့။ မာ့က်(စ်)ဝါဒ လေ့လာရေးအဖွဲ့၊ တိုးတက်သော ကျောင်းသားများအဖွဲ့အစည်းများတွင် ပါဝင်ခဲ့။ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် အင်္ဂလိပ်စာတည်း အဖြစ် ဆောင်ရွက်ခဲ့။ တက္ကသိုလ်တွင် (၄)နှစ် နေခဲ့သော်လည်း မည်သည့်စာမေး ပွဲကိုမျှ ဝင်ရောက်မဖြေဖြစ်ခဲ့။
၁၉၄၉ ပထမဦးဆုံးရေးသည့် “ဒုက္ခသည်” ဝတ္ထုတိုကို တာရာမဂ္ဂဇင်း (တွဲ ၃၊ အမှတ် ၂၁၊ ၁၉၄၉) တွင် ပုံနှိပ်ဖော်ပြခဲ့။
၁၉၅၀ “စာပေသည် ပြည်သူ့အတွက်” ဟူသော ကြွေးကြော်သံဖြင့် “စာပေသစ် မဂ္ဂဇင်း”ကို ကိုသန်းတင်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်းတို့ နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့။
၁၉၅၁ ပထမဦးဆုံး ဘာသာပြန်လက်ရာအဖြစ် ဂေါ်ကီ၏ “မာလ်ဗာနှင့်အခြား ဝတ္ထုတိုများ”ကို ရေးသားပြီး ကျော်လင်းစာပေမှ တန်ဖိုးနှစ်ကျပ်ဖြင့် ဖြန့်ချိခဲ့။
၁၉၅၂ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)နှင့် မြန်မာနိုင်ငံစာရေး ဆရာအသင်းအလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့။ စာရေးဆရာအသင်းမှ ထုတ်ဝေသော “စာပေမဂ္ဂဇင်း”တွင် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ “ပြည်တော်သစ်ဂျာနယ်” တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ “တိုးတက်ရေးသတင်းစာ” တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့။
ဒုတိယမြောက် ဘာသာပြန်အဖြစ် ဂေါ်ကီ၏ အတ္ထုပ္ပတ္တိ “မက္ကဇင်ဂေါ်ကီ”ကို ဗန်းမော်စာအုပ်တိုက်မှ ထုတ်ဝေခဲ့။
၁၉၅၃ ပထမဦးဆုံး ပင်ကိုရေးလုံးချင်းဝတ္ထု “မေတ္တာအသေင်္ချေ”ကို ရေးခဲ့။
၁၉၅၄ ရန်ကုန်တက္ကသိုလ်စာမေးပွဲများကို ဆက်တိုက်ဖြေဆိုအောင်မြင်ခဲ့သည်။ အင်္ဂလိပ်စာပေ၊ ဒဿနိက၊ နိုင်ငံရေးသိပ္ပံပညာတို့ဖြင့် ဝိဇ္ဇာဘွဲ့ ရယူခဲ့။
၁၉၅၅ သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟို ကော်မတီတွင် အတွင်း ရေးမှူးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့။
၁၉၅၆ ဥပဒေဘွဲ့ကို ]နိုင်ငံတကာ ဥပဒေဘာသာဂုဏ်ထူး}၊ ]ပြစ်မှုဆိုင်ရာ ဥပဒေ ဂုဏ်ထူး}ဖြင့် ရရှိခဲ့။
၁၉၅၇ “ပြည်သူ့တိုးတက်ရေးပါတီ” ပေါ်လစ်ဗျူရို လူကြီး။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူး ချုပ်နှင့် သြစတေးရီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဌာနချုပ် လုပ်ထား သော ]ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ}၏ ဗျူရိုအဖွဲ့ဝင် လူကြီးဖြစ်ခဲ့။
၁၉၅၈ ရှမ်းပြည်နယ်ကို လုံးဝမရောက်ဖူးဘဲ မြေပုံကြည့်လေ့လာ၍ ပဒေသ ရာဇ်ဆန့်ကျင်ရေးဝတ္ထု “လိုက်ခဲ့တော့ မြနန္ဒာ”ကို မြဝတီ မဂ္ဂဇင်း (အယ်ဒီတာချုပ် ဇဝန လက်ထက်)တွင်ရေးသားခဲ့။ အထိန်း သိမ်းခံ ဘဝဖြင့် ကိုကိုးကျွန်းသို့ ရောက်ခဲ့ရ။
၁၉၆၀ “စာရေးဆရာကလပ်”တွင် အမှုဆောင်ဖြစ်ခဲ့။ “အမှောင်ရိပ်ဝယ်” ဝတ္ထုကိုရေးခဲ့။ ဗိုလ်တထောင်သတင်း စာတွင် နေ့စဉ်အခန်း ဆက်အဖြစ် “နွံထဲကကြာ” (နှစ်နှစ်နီးပါး)ကို သိန်းဖေမြင့်နှင့် ပူးတွဲရေးခဲ့။ ၄င်း “နွံထဲကကြာ”ကို သိန်းဖေမြင့်က ရုပ်ရှင်ရိုက်ရန် အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး ၄င်းဇာတ်ညွှန်းကိုပင် ဝတ္ထုအဖြစ် ဖန်တီးရေးသားခဲ့။ “နွံထဲကကြာ”ဝတ္ထုစာအုပ်မှ အစပြု၍ မူလကလောင်နာမည် “မြသန်း”မှ “မြသန်းတင့်”သို့ပြောင်းခဲ့။
၁၉၆၁ အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ခဲ့။ ယင်းနှစ်မှာပင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပ သော ]ငြိမ်းချမ်းရေးကောင်စီ} အစည်းအဝေးသို့ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့။ ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ငြိမ်းချမ်းရေး ကော်မတီများ၏ ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခ ဦးအောင်လှတို့နှင့် အတူသွား ရောက်ခဲ့။
၁၉၆၂ “စာရေးဆရာသမဂ္ဂ”တွင် အမှုဆောင်ဖြစ်ခဲ့။
၁၉၆၃ “ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်”နှင့် “ပြည်သူ့ကော်မတီဝင်တစ်ဦး” အဖြစ် တာဝန်ယူခဲ့။ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ပျက်သောအခါ အထိန်းသိမ်းခံခဲ့ရ။ ဒုတိယအကြိမ်မြောက် ကိုကိုးကျွန်းရောက်ခဲ့။
၁၉၇၂ အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ခဲ့။ ရုရားစာရေးဆရာ တော်လ်စတွိုင်း၏ “စစ်နှင့်ငြိမ်းချမ်း ရေး” ဝတ္ထု ဘာသာပြန် (၁၂တွဲ)ဖြင့် “အမျိုးသားစာပေ ဘာသာပြန် ဆု” ရရှိခဲ့။
၁၉၇၈ အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်၏ “လေရူးသုန်သုန်” ဝတ္ထုဘာသာပြန်ဖြင့် “အမျိုးသားစာပေဘာသာပြန်ဆု”ကို ရယူခဲ့။
၁၉၈၈ တရုတ်စာရေးဆရာကြီး ဆောင်ဇူချင်းနှင့် ကောက်ငိုတို့၏ “ခန်းဆောင်နီအိပ်မက်” ဝတ္ထု ဘာသာပြန် (၉-တွဲ)ဖြင့် “အမျိုးသားစာပေဘာသာပြန် (ရသ)ဆု” ရရှိခဲ့။
၁၉၉၂ ပြင်သစ်စာရေးဆရာ ဒိုမိနိလာပီယဲ၏ “သုခမြို့တော်” ဝတ္ထု ဘာသာပြန် (၂ တွဲ)ဖြင့် “အမျိုးသားစာပေ ဘာသာပြန်ဆု” ရရှိခဲ့။
၁၉၉၅ ပြင်သစ်စာရေးဆရာ ဒိုမိနီလာပီယဲ၏ “အချစ်မိုးကောင်းကင်” (၂ တွဲ) ဘာသာပြန်ဝတ္ထုဖြင့် “အမျိုးသားစာပေ ဘာသာပြန်ဆု” ရရှိခဲ့။
၁၉၉၈ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ည ၉း၁၅ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မမနှင့် သားသမီး (၄)ဦး ကျန်ရစ်ခဲ့သည်။