ရာပြည့်
ဆရာ ရာပြည့်ကို ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၂ ရက်နေ့၌ ရန်ကုန်မြို့တွင်ဖွားမြင်ခဲ့ပြီး ဖခင် ဦးကျားဘညိမ်း၊ မိခင် ဒေါ်ကြည်ကြည်တို့၏ သားသမီးရှစ်ဦးအနက် အငယ်ဆုံးဖြစ်သည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သိပံ္ပဘွဲ့ (ရူပဗေဒ)ကို ၁၉၈၁ ခုနှစ်တွင် ရရှိခဲ့ပြီး ရေလုပ်ငန်းကော်ပိုရေးရှင်းတွင် ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ရုပ်ရှင်အမြုတေမဂ္ဂဇင်းမှတစ်ဆင့် နိုင်ငံရပ်ခြား အနုပညာသတင်းဆောင်းပါး ဘာသာပြန်များဖြင့် စာပေလောကသို့ စတင်ဝင် ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် အလင်းတန်းဂျာနယ်၊ ရွှေအမြုတေမဂ္ဂဇင်း၊ Info Digest Journal တို့၌ နိုင်ငံရပ်ခြား အနုပညာသတင်းများ၊ ဆောင်း ပါးများ၊ ဘာသာပြန်ရေးသားလျက်ရှိသည်။
ဘာသာပြန်လုံးချင်းများအနေဖြင့် မျက်နှာဖုံးရှင်ရဲ့ မေတ္တာလက်ဆောင်၊ မန္တလေးသို့အပြန်၊ လူစွမ်းကောင်းမဟုတ်သော နေဗီဆီးလ်တပ်ဖွဲ့ဝင် တစ်ယောက်အကြောင်း၊ စာအုပ်သူခိုး၊ ဓားရိုးကမ်း၊ အရိုင်းဒီရေ၊ အမေရိကန်စနိုက်ပါ၊ ထာ၀ရခရီးသည် စသည်တို့ ဘာသာပြန်ထွက်ရှိခဲ့သည်။
ရွှေမိအင်ဒတ်စထရီ ယယ်ကုမ္ပဏီလီမိတက်၊ ပလတ်စတစ်ပုံနှိပ်စက်ရုံ၏Senior General Manager အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့နံနက်တွင် နေအိမ်၌ ကွယ်လွန်ခဲ့သည်။ မမြင်နိုင်သောအလင်းတန်းများ စာအုပ်သည် မကွယ်လွန်မှီ နောက်ဆုံး ဘာသာပြန်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။