ဝင်းငြိမ်း
၁၉၄၆ ခုနှစ် မေလ ၂၈ ရက်နေ့ တွင် မိဘနှစ်ပါးဖြစ် သော (ဦး)ကျားဘ ညိမ်း၊ ဒေါ်ကြည်ကြည်တို့မှ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် မန္တလေးမြို့ ဒိုင်အိုစီဇင်အထက်တန်းကျောင်း၌ စတင်ပညာသင်ကြားခဲ့ပြီး ယင်းကျောင်းမှပင် ၁၉၆၃ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် ဆရာမိုးဝေ အယ်ဒီတာအဖြစ် ဆောင်ရွက်သော စုံထောက် မဂ္ဂဇင်း၌ တုံ့လှည့်ဝဋ်ကြွေးဆိုတာ ဝတ္ထုတိုဖြင့် စာပေလောကသို့ ဝင်ရောက် ခဲ့သည်။
စုံထောက်၊ ရုပ်ရှင် ချစ်သူ၊ ရုပ်ရှင်ဂျာနယ် စသည်တို့တွင် ဘာသာ ပြန်ဆောင်းပါးများ၊ ပင်ကိုယ်ရေး ဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပညာရေးစနစ် ပြောင်းလဲ၍ စီးပွားရေးတက္ကသိုလ်(ရန်ကုန်)သို့ ပြောင်းရွှေ့ ပညာသင်ကြားပြီး ၁၉၆၇ ခုနှစ်တွင် ဝါဏိဇ္ဇ (စာရင်းကိုင်နှင့် စာရင်းစစ်)ဘွဲ့ ရရှိခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၌ အလုပ်သင်အရာရှိအဖြစ် စတင်တာဝန်ထမ်း ဆောင်သည်။
၁၉၇၉ ခုနှစ်တွင် ရုပ်ရှင် အောင်လံမဂ္ဂဇင်း၌ ဝင်းငြိမ်း၊ ဇာနည်ညိမ်း ကလောင်အမည်များဖြင့် ဆောင်းပါးများရေးသားပြီး ဝေလင်းဟန် ကလောင် အမည်ဖြင့် ဂီတဝေဖန်ရေးဆောင်းပါးများ ရေးသားခဲ့သည်။
၁၉၈၁ ခုနှစ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေသော အယ်ဒီတာချုပ် ဦးမြလှိုင်၏ ပေဖူးလွှာမဂ္ဂဇင်းတွင် ဝင်းငြိမ်း ကလောင်အမည်ဖြင့် စာရေးဆရာ ကြီးများအား အင်တာဗျူးမေးမြန်းခဲ့ပြီး ဇာနည်ညိမ်း၊ မိုးကျော်ထွန်း၊ ဘို၊ ဝင်းကို ကို ကလောင်အမည်တို့ဖြင့် ပေါ့ပ်ဆောင်းပါးများ ရေးသားခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ရွှေအမြုတေမဂ္ဂဇင်းကို ကိုယ်ပိုင် ထုတ်ဝေခွင့်ကတ်ဖြင့် ထုတ်ဝေခဲ့သော်လည်း အစိုးရဝန်ထမ်းဖြစ်၍ တခြားထုတ်ဝေသူအား လွှဲပြောင်း ပေးကာ အယ်ဒီတာအဖြစ် တာဝန်ယူ တည်းဖြတ်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် ရွှေအမြုတေ စာပေဆုကို အသက် ၆၀ ပြည့်မွေးနေ့ နှင့်အတူ တွဲဖက်ကျင်းပကာ စာပေဆုများ ချီးမြှင့်ခဲ့သည်။
ဘာသာပြန်လုံးချင်းများအနေဖြင့် အဲလ်ဗစ္စပရက်စလေ၏ တရားမဝင် ဇနီးရေး သားသော စာအုပ်ကို အထီးကျန်ည အမည်ဖြင့်လည်းကောင်း၊ ဒိုင်ယာနာ၏ တိတ်တခိုးချစ်သူ ဂျိမ်းစ်ဟေးဝစ်ရေးသားသော Love and War ကို အချစ်နှင့်စစ် အမည်ဖြင့်လည်းကောင်း၊ ဒိုင်ယာနာ၏ ဘဏ္ဍာစိုး ပေါလ်ဘာရယ်လ်ရေးသားသော Royal Duty စာအုပ်ကို မင်းမှုထမ်း အမည်ဖြင့်လည်းကောင်း၊ အင်ဒရူး မော်တန် ရေးသားသော အင်ဂျလိနား ဂျိုလီ၏ အတ္ထုပ္ပတ္တိ Angelina စာအုပ်ကို ဆင်စွယ်နန်းတော်ပေါ်က မင်းသမီး သို့မဟုတ် အင်ဂျလိနားဂျိုလီ အမည်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ဆူဒါရှားရေးသားသော The King in Exile စာအုပ်ကို နန်းကျဘုရင် အမည် ဖြင့်လည်းကောင်း ဘာ သာပြန်ဆို ရေးသားခဲ့သည်။
နန်းကျဘုရင် ဘာသာ ပြန်စာ အုပ်ကို ၁၅ ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆု ၂၀၁၇ ခုနှစ်တွင် ဆုချီးမြှင့်ခြင်းခံရသည်။ ပေဖူးလွှာမဂ္ဂဇင်းတွင် ရေးသားခဲ့သော စာရေးဆရာ များ၏ အင်တာဗျူးများအနက်မှ ဆရာ မြသန်းတင့်နှင့် ဆရာ အောင်သင်းတို့ နှစ်ယောက်၏အင်တာဗျူးကိုပေါင်း၍ ]ဓားတောင်ကိုကျော်၍ မီးပင်လယ် ကို ဖြတ်ခဲ့သူနှင့် စာပေလူကြမ်းမင်းသား} ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သော စာအုပ်ကို သုတစွယ်စုံစာပေဆု ၂၀၁၄ ခုနှစ်အတွက် ချီးမြှင့်ခြင်းခံရသည်။
မဟာစာပေမှ ဗမာ့ဟယ်လင်၊ ဗမာ့စောင်း၊ မယ်ဗမာ ဘာသာပြန် စာအုပ်များကိုလည်း ထုတ်ဝေခဲ့သည်။
ဟောလိဝုဒ်မှ ကမ္ဘာကျော် ရုပ်ရှင်မင်းသား မိုက်ကယ်လ်ဒေါက်ကလပ်စ် ၏ အတ္ထုပ္ပတ္တိကို ၂၀၁၇ ခုနှစ်တွင် ဖအေတူသား အမည်ဖြင့်လည်းကောင်း၊ အဆိုတော် ရုပ်ရှင်မင်းသမီး ဂျနီဖာလိုပက်ဇ် ရေးသားသော True Love စာအုပ်ကို အချစ်စစ် အချစ်မှန် ဆိုသည်မှာ၊ The King Exile စာအုပ်ကို နန်းကျဘုရင်၊ Dog Eat Dog စာအုပ်ကို ဇာတ်တူသားစားသူများ၊ After Tears ာအုပ်ကို မျက်ရည်ရဲ့နောက်မှာ၊ Becoming စာအုပ်ကို ဖြစ်တည်ခြင်း၊ Return of the Young Prince စာအုပ်ကို မင်းသားလေး ပြန်လာပြီ စာအုပ်တို့ကို ငါတို့စာပေမှ ထုတ်ဝေဖြန့်ချိခဲ့သည်။
Writer မဂ္ဂဇင်းတွင် ဖော်ပြထားသော စာရေးခြင်းဆိုင်ရာ ဆောင်းပါး များကို ရွှေအမြုတေဂ္ဂဇင်းတွင် ဘာသာပြန်ဆိုခဲ့သည်များကို နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ခေါင်းစဉ်ဖြင့် စုစည်းထုတ်ဝေခဲ့သည်။
၁၉၈၇ ခုနှစ်တွင် မြဝတီရုပ်မြင်သံကြားအစီအစဉ်အတွက် မေးကြည့် ဖြေကြည့် ပဟေဠိအစီအစဉ်ကို စီစဉ်တင်ဆက်ရာ ဒါရိုက်တာ ချိုင်းရှိန်က ရိုက်ကူးပေးခဲ့သည်။ ထိုအစီအစဉ်ကိုပင် MRTV-4 ရုပ်မြင်သံကြားအစီအစဉ် အတွက် ဒါရိုက်တာ ချိုင်းရှိန်နှင့် ပြန်လည်ရိုက်ကူးကာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က စတင် လွှင့်ထုတ်ခဲ့သည်။ တစ်လလျှင် လေးကြိမ်နှင့် ခုနှစ်လအတွက် ရိုက်ကူးပေးခဲ့ပြီး ဖြစ်သည်။
မေးကြည့် ဖြေကြည့် ပဟေဠိအစီအစဉ် အမှတ်(၂)ကိုလည်း တာဝန်ယူ ရိုက်ကူးပေး ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလမှ စတင်ကာ MRTV-4 မှ စတင်ထုတ်လွှင့်ခဲ့သည်။
ယခု တင်ဆက်မည့် လိပ်ပြာကူး ထူးခြားသူများ အင်တာဗျူးအစီ အစဉ်မှာ ကမာရွတ်မီဒီယာအတွက် ဗီဒီယိုရိုက်ကူးထုတ်လွှင့်ပေးခဲ့သည့် အစီအစဉ်များကို စာဖြင့် ပြန်လည် ဖွဲ့သီထားခြင်း ဖြစ်ပါသည်။