ဟိန်းဆက်သွင်အဖ (လယ်အုပ်/ငြိမ်း) ဦးသိန်းထွန်း၊ အမိ (သားဖွားဆရာမ) ဒေါ်သန်းသန်းဦး တို့မှ (၁၉၉၁) ခု၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ မနက်အရုဏ်တွင် မွန်ပြည်နယ်၊ သထုံ ပြည်သူ့ဆေးရုံကြီး၌ မွေးဖွားခဲ့သည်။ သားအကြီးဖြစ်၍ မွေးချင်း ညီတစ်ယောက် ရှိသည်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ ဇာတိဖြစ်သည်။ အမည်ရင်းမှာ ဟိန်းကိုကိုထွန်း ဖြစ်၍ ငယ်စဉ်ကတည်းက ပန်းချီရေးဆွဲခြင်း၊ စာပေ ကဗျာ ရေးသားခြင်း တို့ကို ဝါသနာထုံခဲ့သည်။
ဖြူဘ (အ.လ.က-ခွဲ) တွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိလည်းကောင်း၊ ရင်းငြိမ် (အ.ထ.က)တွင် နဝမတန်းမှ ဒသမတန်းအထိလည်းကောင်း၊ ပညာသင် ကြားခဲ့ပြီး (၂၀ဝ၇) ခုနှစ်တွင် ရင်းငြိမ် (အ.ထ.က) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ ကာ (၂၀ဝ၈) ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်၌ သတ္တဗေဒဘာသာရပ် အထူးပြုဖြင့် တက်ရောက် ပညာသင်ကြားခဲ့သည်။ (၂၀၁၀) ခုနှစ်တွင် ကျောင်းပြီး၍ (၂၀၁၂) ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်မှ ပေးအပ်သော B.sc (Zoology) ဘွဲ့ကို ရရှိခဲ့သည်။
(၂၀ဝ၉ – ၂၀၁၀) ပညာသင်နှစ်၊ မော်လမြိုင်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် ဟိန်းကိုကို (သတ္တဗေဒ) ကလောင်အမည်ဖြင့် ရေးသားသော ]အမှတ်တရ အလွမ်းများ} ကဗျာနှင့် ]ပန်းရောင်စာအိတ်ထဲက နှလုံးသားတစ်စုံ} ဝတ္ထုတိုတို့ကို ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည်။
(၂၀၁၂) ခုနှစ်၊ ဇူလိုင်လထုတ်၊ The Chic Magazine တွင် ‘ဟိန်းဆက်သွင်’ ကလောင်အမည်ဖြင့် စတင်ပုံနှိပ်ဖော်ပြခံရသော ]သိန်းနှစ်ဆယ်တန် ခံစားချက်} ဝတ္ထုတို၊ (၂၀၁၂) ခုနှစ်ထုတ်၊ The Reporter-News Journal, Issue (28) တွင် ပုံနှိပ်ဖော်ပြသော ]ဆုတောင်း} အမည်ရှိ ကဗျာတို့ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး (၂၀၁၂)ခုနှစ်၊ ဇွန်လမှ စတင်၍ အချစ်ဂျာနယ်၊ အလင်းတန်းဂျာနယ်၊ ရွှေအမြုတေမဂ္ဂဇင်းတို့တွင် ]ဟိန်းဆက်သွင်၊ ဆက်သွင်၊ လွမ်းနောင်၊ သေတ္တာ၊ လူချစ်အောင်၊ ရာဝဏ} စသော ကလောင်အမည်များဖြင့် သတင်း၊ သတင်းဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းများ ရေးသား ကာ အနုပညာသတင်းထောက်၊ စာပေအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ရင်း တစ်ဖက်မှ လည်း ]ဟိန်းဆက်သွင်} ကလောင်အမည်ဖြင့် ဂျာနယ်၊ မဂ္ဂဇင်းစာမျက်နှာများတွင် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးများ တစိုက်မတ်မတ် ရေးသားခဲ့သည်။
(၂၀၁၄) ခုနှစ်၊ ဇူလိုင်လတွင် ]နှစ်ဆယ့်တစ်ရာစု အရှုံးသမားနှင့် နှလုံးသား အပိုင်းအစကဗျာများ} တစ်ကိုယ်တော် ကဗျာစာအုပ်၊ (၂၀၁၅) ခုနှစ်၊ ဇန်နဝါရီလတွင် ]လွမ်းရမယ့် … ကံ} အမည်ရှိ ပထမဆုံး လုံးချင်းဝတ္ထု၊ (၂၀၁၅) ခုနှစ်၊ ဇူလိုင်လတွင် ]အလွမ်းမြို့ဟောင်း၏ နောက်ကြောင်းရာဇဝင်} လုံးချင်းဝတ္ထု၊ (၂၀၁၆) ခုနှစ်၊ ဇန်နဝါရီလတွင် ]အသည်းနှလုံး၏ ဘုန်းတော်ဘွဲ့} လုံးချင်းဝတ္ထု၊ (၂၀၁၆) ဒီဇင်ဘာလတွင် ]ဖျောက် – နှလုံးသား အပိုင်းအစ ကဗျာများ} တစ်ကိုယ်တော်ကဗျာစာအုပ်၊ (၂၀၂၀) အောက်တိုဘာလတွင် ]အလွမ်းကျင့် အလွမ်းကြံ} တစ်ကိုယ်တော် ကဗျာစာအုပ်တို့ ထွက်ရှိခဲ့သည်။
အခြားကလောင်ရှင်များနှင့် တွဲဖက်ရေးသားသော ]အသည်းကွဲ အခမ်းအနား} (ဝတ္ထုတိုစု)၊ ]အိပ်မက်လိုင်းပေါ်က ခွဲခွာကြလို့ မနက်ဖြန်တိုင်း ကျေနပ်နိုင်ဆိုရင်} (ဝတ္ထုရှည်စု)၊ ]တေလေငှက်တို့ ခြေရာများ} (ကဗျာစု)၊ ]ဂန္ထဝင်သစ္စာ} (ကဗျာစု) စသည့် စာအုပ်များကို မောင်လှမျိုး (ချင်းချောင်းခြံ)၊ နေနော်၊ ဟန်သုသော်၊ ကောင်းမြတ် စသည့် ကလောင်ရှင်များနှင့် တွဲဖက်ရေးသား ထုတ်ဝေခဲ့သည်။