"ကိုနေရေးတဲ့ စီးပွားရေးနဲ့ ခေါင်းဆောင်မှု ပုံပြင်တွေ"
စီးပွားရေးဆိုတာ ကျွန်တော်နဲ့ရင်းနှီးကျွမ်းဝင်သော ဘာသာရပ်မဟုတ်။ ဂဏန်းတစ်လုံးနောက်မှာ သုညလေးလုံးထက်ပိုလာလျှင်ပင် ခု၊ ဆယ်၊ ရာ၊ ထောင် စသဖြင့် သုညတစ်လုံးချင်းစီကို လက်ထောက်ရေတွက်နေရသူအဖို့ ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းကြီးတွေ ဆိုသည်များနှင့် အလှမ်းဝေးလှပါ၏။
ဒီကြားထဲကပဲ ကိုနေ့စာအုပ်လေးတွေကို ကြိုကြားကြိုကြား ဖတ်ဖြစ်တယ်။ Business ကို ဘာသာရပ်တစ်ခုအနေနဲ့ ကျောင်းမှာသင်ရတဲ့ သားကြီးကိုလည်း ပေးဖတ်ဖြစ်တယ်။ သူတို့စာမေးပွဲမှာ ဖြေရတဲ့ အကြောင်းအရာတွေက ကိုယ်တွေလက်လှမ်းမမီတော့ပါ။
ပြီးခဲ့တဲ့ စာမေးပွဲမှာဆိုရင် Apple ကုမ္ပဏီနဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို ပေးထားပြီး Marketing ရဲ့ အရေးပါပုံကို evaluate လုပ်ပါဆိုတာမျိုး မေးတယ်။ တခါ macbook တစ်လုံးဝယ်ရင် airpod တစ်စုံ လက်ဆောင်ပေးမလား၊ ဒါမှမဟုတ် ဒီကုန်ကျစရိတ်ကို advertise ဖက်မှာ သုံးမလား ဆိုတာကို ကျောင်းသားရဲ့ ကိုယ်ပိုင်ထင်မြင်ချက် ထုတ်ခိုင်းတယ်။
သေချာတာပေါ့၊ ဒီစာမေးပွဲဟာ ကျွန်တော်ဝင်ဖြေရင် ဘဲဥမကွဲဘဲ အောင်ဖျာလိပ်ရမယ့် စာမေးပွဲဆိုတာ။
ဒီလိုအနေအထားမှာ ကိုနေ့ရဲ့ စီးပွားရေးပုံပြင်လေးတွေက တဖက်တလမ်းကနေ အထောက်အကူပြုတာ အမှန်ပါပဲ။ ကျောင်းသင်ရိုးထဲမှာ မပါသော သင်ခန်းစာများပေါ့။
စာရေးသူတစ်ယောက်ဟာ သူရေးတဲ့ စာတစ်ပိုဒ်အတွက် ရည်ရွယ်ချက်ရှိရလိမ့်မယ်၊ ရှိရသင့်တယ်။ ကိုနေ့စာအုပ်ထဲက အကြောင်းအရာတွေနဲ့ အများကြီး မရင်းနှီးပေမယ့် စာရေးသူရဲ့ရည်ရွယ်ချက်ကောင်းတွေ၊ စေတနာတွေနဲ့တော့ ရင်းနှီးရပါတယ်၊ ခံစားနားလည်ရပါတယ်။
ကျွန်တော်တို့ဟာ နောက်ဆုံးကရေတွက်ရင် ထိပ်ဆုံးဆိုတဲ့ နေရာမျိုးမှာ ရှင်သန်ကြီးပြင်းကြရသူတွေ။ ရေလောင်းပေါင်းသင်တဲ့စနစ်တွေ မှားယွင်းတဲ့အခါ၊ စေတနာပျက်ယွင်းတဲ့ ဥယျာဉ်မှူးတွေရဲ့ လက်ထဲမှာ အသက်ဓာတ်ကို ဆက်ရတဲ့အခါ၊ ရေခံမြေခံ ဘယ်လိုပင်ကောင်းသော်လည်း သန်စွမ်းသင့်သလောက် သန်စွမ်းခွင့်မရကြ၊ သီးပွင့်သင့်သလောက် သီးပွင့်ခွင့်မရကြရှာ။
အပျော်အပါးတွေ၊ အပျော်ဖတ်တွေ၊ တစ်ခါသုံးတွေ ဖောင်းပွလှတဲ့ခေတ်ကြီးမှာ အရွယ်သုံးပါး ဖတ်သင့်သောစာ ဆိုတာမျိုးဟာလည်း ရှားပါးလှပါတယ်။ ဒီကြားထဲကနေ တစ်နှစ်တစ်အုပ်နှုန်းနဲ့ ဖြည်းဖြည်းမှန်မှန်ထွက်လာတဲ့ ကိုနေ့စာအုပ်လေးတွေဟာ ဘဝတက်လမ်းကို စီးပွားရေးလမ်းနဲ့ လျှောက်လှမ်းချင်သူတွေအတွက် တစုံတရာအကျိုးများမှာ အသေအချာပါပဲ။
အပေါ်မှာပြောခဲ့သလို အောက်ဆုံးကရေရင် ထိပ်ဆုံးမှာရှိကြသူတွေမို့ ကမ္ဘာ့ဝန်းကျင် ကြည့်လေရာတိုင်းဟာ ကိုယ်ကမော်ကြည့်ရတဲ့သူတွေ၊ အားကျအတုယူစရာတွေ များပါတယ်။ ကိုနေ့ရဲ့ စာအုပ်လေးတွေဟာ စာမျက်နှာ ၁၅၀-၂၀၀ ကြား စာအုပ်ပါးလေးတွေပေမယ့် ပါဝင်အကြောင်းအရာများကတော့ ပါးလျလှတယ်မဟုတ်ဘူး။







၂၀၂၄ တုန်းကထွက်တဲ့ "စီးပွားရေးသင်ခန်းစာတွေ" ဆိုတဲ့ စာအုပ်ထဲက ခေါင်းစဉ်လေးတချို့ကိုပဲ ကြည့်ပါ။
"စတိဗ်ဂျော့ကို ပြန်ခေါ်ကြရအောင် (Apple & Steve jobs)
"ပို့ခ အခမဲ့စနစ်ကြောင့် ရှင်သန်နိုင်ခဲ့တဲ့ ဇက်ပို့စ် (Free Shipping Zappos)"
"အတော်ဆုံးသူတွေကို အနားပေးထားတဲ့ ဆမ်ဆောင်း (Samsung)"
"ဝန်ထမ်းတွေကို ကိုယ်ပိုင်အချိန် ပေးခဲ့တဲ့ 3M (3M Sticky Notes)"
"အမှားတွေကို အမှောင်ချလိုက်တဲ့ တိုရိုတာ (Toyota Way)"
"နာကျင်မှုကို ဖယ်ထုတ်ခြင်း (TATA Steel)"
"707 ပေါ် လောင်းကြေးထပ်ခဲ့တဲ့ ဘိုးအင်း (Boeing Jet)"
မာတိကာထဲက ဒီခေါင်းစဉ်တွေကို မြင်လိုက်တဲ့အခါ ဪ ... ဒါတွေများ အင်တာနက်မှာ ရှာကြည့်ရင် အလွယ်လေးပဲ လို့ ပြောချင်ကြမလား။ အဲဒီအတွက် မေးခွန်းလေးတစ်ခု မေးပါမယ်။ ဒီအကြောင်းအရာတွေထဲက တခုတလေလောက်ကိုများ ရှာကြည့်ပြီးကြပြီလားပေါ့လေ။ ကျွန်တော်ကတော့ NO ပါ။
ကျွန်တော် Apple နဲ့ Steve Job ကို သိတယ်။ Zappos ဆိုတာ ကြားဖူးတယ်။ Samsung ထုတ်ကုန်တွေနဲ့ ရင်းနှီးတယ်။ အလွယ်တကူ ကပ်ခွာလုပ်လို့ရတဲ့ 3M sticky note လေးတွေဆိုတာ အမြဲသုံးဖြစ်နေတဲ့အရာ။ Toyota, TATA, Boeing ဆိုတဲ့ နာမည်တွေဆိုတာလည်း နားမစိမ်းလှတဲ့ နာမည်တွေ။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို သိလားဆို ကျွန်တော်တစ်ခုမှမသိပါဘူး။ ဒါတွေကို သိချင်စိတ်နဲ့ အင်တာနက်မှာ ရှာကြည့်ဖူးလားဆိုလည်း တခါမှ ရှာမကြည့်ဖူးပါဘူး။
စာတစ်အုပ်ရဲ့ စွမ်းအားဟာ ဒါပါပဲ။ ပြန့်ကျဲနေတဲ့ ပုလဲသီတကွဲစီလေးတွေကို တစုတစည်းတည်းဖြစ်အောင် စာရေးသူရဲ့လုံ့လနဲ့ သီကုံးပေးလိုက်တဲ့အခါ စာဖတ်သူရဲ့ ရင်ထဲကိုရောက်လာပါတယ်။ "စီးပွားရေးသင်ခန်းစာတွေ" လို့ မြန်မာမှုပြုထားတဲ့ ကိုနေ့ရဲ့ ပထမဆုံး ဘာသာပြန်လက်ရာဟာ ကမ္ဘာ့စီးပွားရေးလောကထဲက ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား ကော်ပိုရေးရှင်းကြီးတွေရဲ့ အချိုးအကွေ့တွေကို ဖြစ်စေခဲ့တဲ့ ရွေးချယ်မှုတွေ အကြောင်းပါ။ တနည်းပြောရရင် ဒီစာအုပ်ထဲက ခေါင်းစဉ် ၁၅ ခု၊ အကြောင်းအရာ ၁၅ ခုစလုံးဟာ ကမ္ဘာ့စီးပွားရေးကြီးအပေါ် သက်ရောက်စေခဲ့တဲ့ ဆုံးဖြတ်ချက်တွေပါပဲ။




၂၀၂၅ မှာ ထွက်တဲ့ ဒုတိယစာအုပ်နာမည်ကိုတော့ ကိုနေက "အောင်မြင်သူတို့ ခရီးလမ်း" လို့ ပေးထားတယ်။ မူရင်းစာရေးသူ Scott Galloway ရဲ့ "The Four" ကို မြန်မာပြန်ထားတာ ဖြစ်ပါတယ်။ Scott Galloway ဟာ ၂၀၁၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး စီးပွားရေးပါမောက္ခ ၅၀ ထဲမှာ တစ်ဦးအပါအဝင်လို့ ဆိုတယ်။ Galloway ဟာ စာသင်တဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးမျှတင် မဟုတ်ဘဲ ဈေးကွက်ရှာဖွေရေးနဲ့ အတိုင်ပင်ခံလုပ်ငန်းတချို့ကို ကိုယ်ပိုင်စီးပွားရေးအနေနဲ့ လုပ်ကိုင်အောင်မြင်သူလည်း ဖြစ်ပါတယ်။
"အောင်မြင်သူတို့ ခရီးလမ်း" ကတော့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ အမေဇုံ၊ အက်ပဲလ်၊ ဖေ့စ်ဘွတ်နဲ့ ဂူးဂဲလ်တို့ရဲ့ အောင်မြင်မှုသမိုင်းမှတ်တမ်းလို့ပဲ ပြောရပါမယ်။ ပြန်ဆိုသူရဲ့ ရှင်းလင်းချက်ထဲက ကောက်နုတ်ရရင် - ဒီစာအုပ်ရဲ့ အကြောင်းအရာတွေက ပုံမှန်တွေ့ရတတ်တဲ့ ကောင်းတဲ့အချက်တွေချည်း မဟုတ်ဘဲနဲ့ အကောင်း၊ အဆိုး မျှမျှတတ ဖော်ပြထားတယ် ဆိုတာရယ်၊ မူရင်းစာအုပ် ထွက်တဲ့အချိန်က ၂၀၁၈ ကမို့ လက်ရှိအချိန်နဲ့ ကိုက်ညီအောင် အချက်အလက်တွေ ပြင်ဆင်ထည့်သွင်းပေးထားတယ် ဆိုတာရယ်၊ မူရင်းစာအုပ်ထဲက တင်ပြချက်တချို့ဟာ ဒီနေ့ခေတ်ကာလနဲ့ မကိုက်ညီတာတွေရှိနေသလို မှန်းဆချက်တွေဟာလည်း ဘောင်မဝင်တော့တာကြောင့် လုပ်ငန်းကြီးလေးခုရဲ့ ရပ်တည်ချက်တွေကိုသာ အဓိက ပြန်ဆိုပေးထားတယ် ဆိုတာရယ်ကို သိရတယ်။ ပြန်ဆိုသူရဲ့ ရည်ရွယ်ချက်ကတော့ ကော်ပိုရိတ်တွေရဲ့ သမိုင်းကြောင်းကို သိလိုသူတွေအတွက် အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်ဖို့ပါပဲ။




ကိုနေ့ရဲ့ နောက်ဆုံးထွက်ထားတဲ့ စာအုပ်ကတော့ "နှလုံးသား+ဦးနှောက်၊ ခေတ်သစ် ခေါင်းဆောင်မှုဗျူဟာ" ဖြစ်ပြီး ၂၀၂၆ ဇွန်လထဲကမှ ထွက်ရှိထားတာ ဖြစ်တယ်။ Head & Heart, The Art of Modern Leadership ရဲ့ မူရင်းစာရေးသူ Kirstin Ferguson ဟာ ဩစတြေးလျတော်ဝင်လေတပ်က အမျိုးသမီးအရာရှိတစ်ဦး ဖြစ်ခဲ့ပြီး ခေါင်းဆောင်မှုဘာသာရပ်နဲ့ ပတ်သက်လို့ လေ့လာကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး မူရင်းစာရေးသူ Kirstin Ferguson ရဲ့ နိဒါန်းကို စာမြည်းအနေနဲ့ ဖတ်ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

"အာဖဂန် စစ်ပွဲတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုက စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက ဖြစ်ပွားတဲ့ ခုနစ်နာရီသာ ကြာခဲ့တဲ့ တိုက်ပွဲလေးတစ်ခုမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဖြစ်ကလည်းက အသက် သုံးဆယ့်တစ်နှစ်သာ ရှိသေးတဲ့ အမေရိကန် ကြည်းတပ်က ဗိုလ်ကြီးတစ်ယောက်ဖြစ်တဲ့ ဝီလျံဆွမ်ဆန် (Capt. William Swenson) ရဲ့ ခေါင်းဆောင်မှုကို စံနမူနာပြု ဖြစ်စေခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်တုန်းက သူတို့တပ်ဖွဲ့က အာဖဂန်နစ္စတန် အရှေ့ပိုင်းက ကူနာ ဆိုတဲ့ ပြည်နယ်လေးမှာ တပ်စွဲထားကြပါတယ်။ ကပ္ပတိန်ဆွမ်ဆန်က တပ်ခွဲမှူးတစ်ဦး ဖြစ်ပြီးတော့ အာဖဂန်အစိုးရကို ချိတ်ဆက်ပေးဖို့ ဆိုတဲ့ တာဝန်ကို ထမ်းဆောင်နေခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဂန်ဂယ်လ် တောင်ကြားက ပါကစ္စတန် နယ်စပ်နဲ့ နီးတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
စက်တင်ဘာလရဲ့ နေ့တစ်ရက်မှာ မနက် ခြောက်နာရီလောက်ကြီး လက်နက် အပြည့်အစုံ ပါတဲ့ တာလီဘန် ခြောက်ဆယ်လောက်က သူတို့ အဖွဲ့ကို ချုံခိုစီးနင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ တာလီဘန်တွေက အထူးလက်နက်ဆန်း ဗုံးတွေ၊ မော်တာတွေ၊ စက်သေနတ်တွေ သုံးပြီး သဲသဲမဲမဲ တိုက်ခိုက်ပါတယ်။
တောင်ကြားသုံးဘက် ပိတ်နေတဲ့ နေရာလေးမှာ ဆွမ်ဆန်နဲ့ သူ့အဖွဲ့သားတွေက ရန်သူတွေကို မဆုတ်မနစ် ခုခံကြပါတယ်။ တရစပ်ပစ်နေတဲ့ လက်နက်ကြီးတွေကို တုံ့ပြန်ဖို့အတွက် ဆွမ်ဆန်က အမြောက်ပစ်ကူတောင်းပါတယ်။ ဒါပေမဲ့ သူ့လူတွေ နေရာရွှေ့ပြီး ခုခံလို့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တောင်းဆိုချက်တွေကို ငြင်းဆိုခဲ့ကြပါတယ်။ အကြောင်းကတော့ အရပ်သားတွေ ထိခိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။
ခုနစ်နာရီလောက်ကြာအောင် တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲမှာ သူတို့ဘက်က အမေရိကန်စစ်သား ငါးယောက်နဲ့ အာဖဂန်စစ်သား ဆယ်ယောက် ကျဆုံးခဲ့ပါတယ်။ သူတို့အဖွဲ့ဘက်က လူနှစ်ဒါဇင်ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်ကြည်းတပ်ရဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ် ရောက်လာခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ လူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ကပ္ပတိန်ဆွမ်ဆန်က လိမ္မော်ရောင်အလံကို တောက်လျှောက်ဝှေ့ယမ်းနေခဲ့ပြီးတော့ ရဟတ်ယာဉ် ဆင်းသက်နိုင်ဖို့ လုပ်ပေးခဲ့ပါတယ်။ ဒီလိုလုပ်နေတာက ရန်သူတွေ မြင်သာတာမို့ သူ့အတွက် အန္တရာယ် သိပ်များတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူက မကြောက်မလန့်နဲ့ ဒဏ်ရာရနေတဲ့ သူ့လူတွေကို ကယ်ထုတ်နိုင်ဖို့ လုပ်ခဲ့ပါတယ်။
အဲဒီတုန်းက ကယ်ဆယ်ရေးအဖွဲ့မှာ ပါတဲ့ လူတွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာလေးကနေ တစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အဖြစ်လေးကို အားလုံးမြင်ကြရပါတယ်။ ကပ္ပတိန်ဆွမ်ဆန်နဲ့ နောက်လူတစ်ယောက်က ဒဏ်ရာရနေတဲ့ တပ်ကြပ်ကြီးတစ်ယောက်ကို ရဟတ်ယာဉ်ပေါ်တင်ဖို့ လုပ်နေကြပါတယ်။ အဲဒီတပ်ကြပ်ကြီးနာမည်က ကက်နတ် ဖြစ်ပါတယ်။ ဆွမ်ဆန်က သူ့တပ်ကြပ်ကြီးကို ရဟတ်ယာဉ်ပေါ် တင်ပေးလိုက်ပြီးတော့ တပ်ကြပ်ကြီးရဲ့ ပါးပြင်ကို ညင်ညင်သာသာလေး နမ်းလိုက်ပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ကျည်ဆန်တွေကြားမှာ အသက်လုနေရတဲ့ အချိန်မှာ ဖြစ်ခဲ့တဲ့ ဒီအခိုက်အတန့်လေးကို ကင်မရာလေးက လျှပ်တစ်ပြက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
နောက်ပိုင်း ပြောကြားချက်တွေအရ အဲဒီကင်မရာသာ မရှိဘူးဆိုရင် ကပ္ပတိန်ဆွမ်ဆန်တောင် သူ ဘာလုပ်ခဲ့တယ် ဆိုတာကို သိတော့မှာ မဟုတ်ပါဘူး။ ဆွမ်ဆန်က လူသားဆန်မှု၊ သတ္တိနဲ့ ကိုယ်ချင်းစာစိတ်တွေကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လောက် ဒုက္ခရောက်နေတဲ့ အခြေအနေပဲဖြစ်စေဦးတော့ ခေါင်းဆောင်တစ်ယောက်က နှလုံးသားနဲ့ ဦးဆောင်နေဖို့ လိုအပ်တယ် ဆိုတာကိုလည်း မြင်လိုက်ရပါတယ်။ ကပ္ပတိန်ဆွမ်ဆန်ကို အမေရိကန်ရဲ့ အမြင့်ဆုံးဆုတံဆိပ် တစ်ခုဖြစ်တဲ့ ဂုဏ်ပြုဆုကို ချီးမြှင့်ခဲ့ပါတယ်။
သူ့ရဲ့ အပြုအမူလေးက ခေတ်သစ်ဦးဆောင်သူတွေရဲ့ နှလုံးသားကနေ ပေါ်ထွက်လာတဲ့ လျှပ်တစ်ပြက် အပြုအမူလေးသာ ဖြစ်ပါတယ်။ သူ့ကိုယ်သူတောင် မသိလိုက်တဲ့ ဒီနေ့ခေတ် ခေါင်းဆောင်တစ်ယောက်ရဲ့ မသိစိတ်က လာတဲ့ နူးညံ့မှုလေးတစ်ခု ဖြစ်ပါတယ်။ တိုက်ပွဲထဲမှာ သူ့ရဲ့ တပ်ကြပ်ကြီးပေါ် ပြုမူခဲ့တဲ့ ညင်သာ နူးညံ့မှုလေးကနေ ဒီစာအုပ်ကို ရေးဖို့ အစပြုခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစာအုပ်က ဦးဆောင်မှုဆိုင်ရာ နယ်ပယ်ထဲက ပညာရှင်တွေရဲ့ လေ့လာမှုတွေ၊ သုတေသနတွေကနေ အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ရေးသားဖို့အတွက် Queensland University of Technology (QUT) စီးပွားရေးကျောင်းက ပရော်ဖက်ဆာ လီဆာဘရက်ဒလေ (Prof. Lisa Bradley) ရဲ့ သုတေသနဆိုင်ရာ အကူအညီတွေနဲ့ ပြုလုပ်ထားတဲ့ သုတေသန အချက်အလက်တွေကနေ ကောက်ချက်ချ ရေးသားထားတာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို အပိုင်းသုံးပိုင်း ခွဲပြီး လေ့လာကြည့်လို့ ရပါတယ်။
အပိုင်း (၁) — ခေါင်းဆောင်မှုနှင့် ပတ်သက်သည့် ဖွင့်ဆိုချက်များအား လေ့လာကြည့်ခြင်း
အပိုင်း (၂) — ဦးနှောက်ဖြင့် ဦးဆောင်ခြင်း ဆိုင်ရာ အရည်အသွေးများ
အပိုင်း (၃) — နှလုံးသားဖြင့် ဦးဆောင်ခြင်း ဆိုင်ရာ အရည်အသွေးများ"

ကိုနေ့ရဲ့ လတ်တလောထွက်ထားတဲ့ ဒီစာအုပ်ကတော့ စီးပွားရေးလောကထဲက အကြောင်းအရာတွေ မဟုတ်ဘဲ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ကိစ္စပါ။ "ခေါင်းဆောင်မှု" ဆိုတဲ့ အကြောင်းကို ခေါင်းစဉ်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ လူတွေအများကြီး ပြောခဲ့ကြပါတယ်။ ပြောနေကြပါတယ်။ ဆက်ပြီးလည်း ပြောကြပါလိမ့်ဦးမယ်။ ခေါင်းဆောင်မှုဗျူဟာတွေ၊ နည်းလမ်းတွေဆိုတာလည်း ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင် တိုးတက်ပြောင်းလဲနေရမှာပဲ မို့လား။
စာဖတ်မပျင်းတဲ့သူတွေ၊ သုတစာပေကို ခံစားတတ်သူတွေအဖို့တော့ ကိုနေ့ရဲ့ ဘာသာပြန်လက်ရာ စာအုပ်လေးတွေဟာ ရေငတ်ပြေစေလိမ့်မယ်လို့ ယုံပါတယ်။
30-06-2026, 11:50 zulu time

