ဟားရီ က မိဘနှစ်ပါးလုံး မရှိတော့တဲ့အတွက်ဦးလေး ၊ အဒေါ် ၊ အဖွား တို့ နဲ့ အတူတူ နေတယ်။ မိဘမဲ့လေးဆိုတော့ ဖွားအေ ရဲ့ ချစ်မြတ်နိုးမှုကို အပြည့်အဝ ခံရသူ။
ဦးလေး နဲ့ အဒေါ်က ဆူတဲ့အခါ ဖွားအေဖြစ်သူက
အမြဲ ကာဆီး ကာဆီးပေါ့။
ချစ်လွန်းလို့သာ ကာကွယ်ရပေမယ့်
တစ်ခါတလေ တော့လည်း ဖွားအေ ဖြစ်သူ ဒေါ်ပိန် က
ဟားရီကို စိတ်ပျက် တဲ့ အချိန်တွေလည်း ရှိတယ်။
လုပ်သမျှက ပေါက်ကရ တွေ ဆိုတော့ တစ်ခါတလေ
ပေါင်းတွေ များလာတဲ့အခါ လူအများ အမြင်မှာ
ပေါကြောင်ကြောင် ဂေါက်တောက်တောက် ကျပ်မပြည့်တဲ့ ကောင်မလေး ဖြစ်နေတော့တာပေါ့။ သူ့မြေးကို
ရူးနေတယ်လို့ ပြောသူမှန်သမျှ ဒေါ်ပိန်ရဲ့
ပါးစပ်နဲ့ တွေ့တော့တာပဲ။
တစ်နေ့ တစ်မျိုး မရိုးရအောင် မွှေတတ်တဲ့ ဟားရီ
ကြောင့် ဒေါ်ပိန် တစ်ယောက် သူမရှိတဲ့အခါ ဆိုတဲ့
အတွေးနဲ့ ဟားရီကို အိမ်ထောင် ချပေးဖို့ ကြံပါတော့တယ်။
ဗေဒင် မေး ယတြာချေ လင် ရဖို့ အလုပ်ရှုပ်နေတဲ့
မြေးအဖွား နှစ်ယောက်ကို ဒေါ်ပိန် ရဲ့ သမီး ၊ ဟားရီရဲ့
အဒေါ် ခင်မာ တစ်ယောက် မျက်စိနောက်လာတော့
ငြူစူမိလာတယ်။ ဒါကို ဆရာဝန် ကတော် ဆိုတဲ့
အတွေးနဲ့ ဟားရီ တစ်ယောက် အဒေါ် ဖြစ်သူ အပေါ်ကို
ချေမိုး ပြနေပုံကလည်း သဘောကျစရာ ။
ဆရာမက ခေါင်းစဉ်လေးတွေနဲ့ ဟားရီ ဘဝ ကို
ပုံဖော်သွားတယ်။
ခေါင်းစဉ် တစ်ခု ဖတ်ပြီးတိုင်း ဟားရီ ရဲ့
စရိုက် လက္ခာဏာ တွေက ဟားချင်စရာ ၊ ရီချင်စရာပါပဲ။
အစားကောင်းတွေစားရတဲ့အခါ ကိုယ်ချစ်ရသူတွေကို
သတိရတတ်တယ် ဆိုတဲ့ စကားလေး အတိုင်းပေါ့
ကျွန်မတို့ စာအုပ် စာပေ ချစ်သူတွေကလည်း
စာအုပ်ကောင်းလေး တစ်အုပ် ဖတ်မိလိုက်တဲ့အခါ
ကိုယ်နဲ့ ဝါသနာတူ စာပေ မိတ်ဆွေ သူငယ်ချင်းတွေကို
မျှဝေ ပေးတတ်ကြပါတယ်။
မောစရာတွေပဲ များလွန်းပြီး ပျော်ရွှင်ခြင်း အစစ်တွေ
ကင်းမဲ့နေတဲ့ ကာလကြီးထဲမှာ ကျွန်မ ကိုယ်တိုင်လည်း
စာဖတ်အားတွေ ကျဆင်းခဲ့သလို ဖတ်ပြီးသမျှ စာအုပ်တွေကိုလည်း " စာဖတ်သူခံစားမှု " ဆိုပြီး
ကျွန်မ ခံစားမိသမျှ feedback လေးတွေ မရေးဖြစ်ခဲ့တာ
ကြာပါပြီ။
ကျွန်မ ကြည့်ခဲ့ဖူးတဲ့ ကိုရီးယား ကားထဲက
မှတ်မိနေတဲ့ စကားလေးရှိတယ်။
တစ်နေ့တာလုံးမှာ ငါးမိနစ်လောက် ပဲ ပျော်ရွှင်ရတယ်ဆိုရင်တောင် ဒီနေ့ အဖို့ ရှင်သန်ခြင်းဟာ လုံလောက်ပါ
ပြီတဲ့ ။ (ကျမ မှတ်မိတာက စကားလုံးအတိအကျ
ကြီးတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်) ။
ဒီနေ့မှာတော့ ဟားရီ ရဲ့ ကျေးဇူးကြောင့်
နာရီပိုင်းလေး စိတ်လွတ်လပ်ပေါ့ပါးစွာ
ပြုံးမိ ခဲ့ခြင်းကြောင့် ကျွန်မရဲ့ သူငယ်ချင်းတွေကို ဆရာမ သဲဆုမွန်ရဲ့ ဟားရီ ဆိုတဲ့ စာအုပ်လေး
မျှဝေပေးရင်း ၂၀၂၆ ရဲ့ ဖတ်ဖြစ်ခဲ့သော စာအုပ်များ
ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာဖတ်သူရဲ့ ခံစားမှု feedback လေးကို ဟားရီ နဲ့ စ တင် လိုက်ပါတော့တယ်။

