ငန်းရိုင်းများ နှင့်အတူ ပျံသန်းခြင်း
မနှစ်က ကျွန်တော့်ဘေးမှာ သုံးလတာလောက်ရှိနေခဲ့တဲ့ စာအုပ်တစ်အုပ်ပါပဲ ။
တရုတ်ပြည်ရဲ့ အပြောင်းအလဲ တစ်ခုမှာ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မျိုးဆက်သုံးခု ရဲ့ ခံစားချက်တွေကို လက်တွေ့ကျကျ မြင်တွေ့ခွင့်ရလိုက်တဲ့ စာအုပ်လည်း ဖြစ်ပါတယ် ။ ဒီစာအုပ်က ခံစားချက်သုံးခုကို ရောယှက်ရေးထားတာ ဖြစ်ပြီးတော့ ဖွဲ့နွဲ့ရေးတယ်လို့ မခံစားရအောင်ကို စာရေးသူရဲ့ အတွေ့အကြုံတွေက ခံစားချက်တွေနဲ့ ပြည့်နေခဲ့ပါတယ် ။
နောက်ဆုံးမင်းဆက်ကနေ ဒီဘက်ခေတ်အထိ ဖြတ်သန်းမှုတွေက အရှေ့တိုင်းနိုင်ငံတွေမှာ သိပ်ကွာခြားမှု မရှိဘူးဆိုတာကိုလည်း မျက်မြင်တွေ့လိုက်ရတယ် ။ နီးရာဓားကို ကြောက်ရမယ် ။ သစ္စာခံခြင်းကို အသက်သွေးကြောထဲထိ စိမ့်ဝင်အောင် လုပ်ထားပြီးတော့ အကြောက်တရားကို ရင်ထဲ ထည့်ထားပေးမယ် ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း ကိုယ့်ကိုစောင့်ကြည့်နေတဲ့လူ ဖြစ်နိုင်တယ် ။
ယဉ်ကျေးမှုတော်လှန်ရေးဆိုတဲ့ စကားလုံးတစ်ခုအောက်မှာ ပေးဆပ်လိုက်ရတဲ့လူတွေရဲ့ ဘဝတွေက ခါးလွန်းတာကို တွေ့ရမယ် ။ ဆန်ပြုတ်ကို ယင်ကောင်ဖယ်ပြီး သောက်ရတယ် ။ စာအုပ်တွေကို ကိုယ့်မျက်စိရှေ့မှာ မီးရှို့မယ် ။ အင်္ကျီလှလှ ဝတ်ထားရင် အရင်းရှင်ပေါက်စ ဖြစ်မယ် ။
အရင်းရှင်လမ်းစဉ်လိုက်ရင် လူကြီးရော ၊ ဆရာရော မချန်ဘဲ နှိပ်စက်ခံရမယ် ၊ ကွပ်မျက်ခံရမယ် ။
ခေတ်ကျပ်ဆိုတာ အငတ်ဘေးဆိုက်တဲ့ အချိန်တစ်ခုကို စကားလှလှလေးနဲ့ ဖလှယ်ထားတာသာ ဖြစ်တယ် ။
ကွန်မြွန်းလို့ ခေါ်တဲ့ ဘုံရိပ်သာတွေမှာ နေရတယ် ၊ အလုပ်မလုပ်သူရော လုပ်သူရော အတူတူခံစားခွင့် ရှိမယ် ၊ အားလုံးဟာ တန်းတူသာ ဖြစ်တယ် ။ ဒီအဖြစ်အပျက်တွေကိုအကုန်လုံးကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝကို ခံစားမိမယ် ။
ဒီစာအုပ်က ခေတ်ကာလတစ်ဖြတ်ကို မြင်သာစေမယ့် အကောင်းဆုံးသော မှတ်တမ်းတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ငြင်းမရပါဘူး ။
ဆရာကျော်အောင်ရဲ့ ပြန်ဆိုချက်တွေကလည်း ရှင်းလင်းပါပေ့ ။ စီးမျောလို့ ကောင်းပါပေ့ ။ ခံစားလို့ မြိန်ပါပေ့ ။
ပြန်ထွက်လာတဲ့ မဟာစာပေရဲ့ မျက်နှာဖုံး ဒီဇိုင်းကလည်း ကျွန်တော့်အတွက်တော့ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှု ရှိပါပေ့ဗျာ ။
စာအုပ်စင်မှာ မဖြစ်မနေထားပြီး တစိမ့်စိမ့်
ဖတ်ဖို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါပဲ ။
# ငန်းရိုင်းများ
# Wild Swans

