📚 ဆရာနေဝန်းနီ၊နတ်မောက်၊ရဲ့ ဒုတိယမြောက်လုံးချင်းဖြစ်တဲ့ "မြက်နုရာအရပ်မှာ..." ဆိုတဲ့ စာအုပ်လေးကို သေချာဖတ်ဖြစ်ပါတယ်။
∆ ပထမဦးဆုံးအနေနဲ့ ဆရာဟာ အပြောစကားပြေနဲ့ အရေးစကားပြေကို မရောအောင် ဂရုတစိုက်ရေးထားတာ တွေ့ရပါတယ်။ဝါကျတွေဟာလဲ ဖတ်ရတာ လုံးဝထောက်မနေပါဘူး။ဝါကျတိုတိုနဲ့ ရိုးရှင်းတဲ့ အရေးအသားဟာ စာဖတ်သူကို စာအုပ်ပြီးဆုံးချိန်ထိ လုံးဝမငြီးငွေ့စေပါဘူး။ဖတ်ရတာ စီးစီးပိုးပိုးနဲ့ အရသာရှိလှပါတယ်။အခန်းတစ်ခန်း ပြီးဆုံးချိန်တိုင်းလဲ "ဘာဖြစ်မလဲ" ဆိုပြီး စာဖတ်သူကို စွဲဆောင်နိုင်ပါတယ်။ထူးခြားတာကတော့ ဝတ္ထုအဆုံးထိ အဓိကဇာတ်ကောင်ရဲ့ အမည်ကို မဖော်ပြသွားပါဘူး။
∆ ဇာတ်ကောင်စရိုက်တွေဟာလဲ သဘာဝနဲ့ ထပ်တူကျအောင် ဖန်တီးနိုင်ပါတယ်။အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ စိမ့်နဲ့ကျွန်တော် ဇာတ်ကောင်တွေဟာ ပီပြင်လှပါတယ်။မိန်းမသားဖြစ်လို့ လောဘနည်းနည်းရှိတာ၊ ထက်ထက်မြက်မြက် ရှိတာ၊ ကြိုးစားချင်စိတ် ရှိတာ၊ ယောက်ျားအပေါ်နည်းလည်မှု ရှိတာတွေက မိန်းမတစ်ယောက်အနေနဲ့ လိုက်ဖက်လှပါတယ်။ကျွန်တော်ဇာတ်ကောင်ကို ဖတ်ရချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်မိပါတယ်။လောဘနည်းသွားပြီး စာလေးဖတ်လိုက်၊ စာလေးရေးလိုက် အေးအေးချမ်းချမ်း နေတတ်တဲ့ အိမ်ထောင်ရှင်ယောက်ျားတိုင်းကို သူတို့ဇနီးတွေက ကြိုးစားချင်စိတ်မရှိဘူးလို့ တွေးထင်နေမလားလို့ တွေးမိစေတယ်။
∆ လုံးချင်းတစ်အုပ်အနေနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးက ကောင်းမွန်ပြည့်စုံပါတယ်။ ဇာတ်ကွက်တွေကို ဘယ်နေရာမှာ ဘာလုပ်ရမယ်ဆိုတာ ဆရာဟာ ကောင်းကောင်းသိပါတယ်။ စာဖတ်သူရဲ့ရင်ထဲကို ရင်မောစရာတွေ တစ်လှိုင်းပြီးတစ်လှိုင်း ထည့်သွားလိုက်တာ မောဟိုက်သွားတာပဲ။ ပြန်တွေးကြည့်တော့ ဒါတွေဟာ ဆရာငှက်သီချင်းထဲကအတိုင်း ကျွန်တော်တို့လို ခေတ်လူငယ် ခြေကျတွေ ကြုံတွေ့နေရတဲ့ အမှန်တရားတွေမလို့ ပိုမိုရင်နာရပါတယ်။အဆုံးသတ်အနေနဲ့ ခေတ်ထဲမှာ ဖြတ်သန်းစီးဆင်းနေတဲ့ ခေတ်ပြိုင်လုံးချင်းဝတ္ထုမလို့ စာဖတ်သူတွေ နှစ်သက်သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။
📘 မြက်နုရာ အရပ်မှာ
✍️ နေဝန်းနီ ၊နတ်မောက်၊
🏠 မဟာစာပေ
💸 ၁၄၀၀၀ကျပ်
📖 ၂၆၄မျက်နှာ
#မြက်နုရာအရပ်မှာ
#နေဝန်းနီ၊နတ်မောက်၊
#reviewbyကိုးကိုး

