“ပေါ့ပေါ့ပါးပါးနဲ့ အချိန်လည်း အများကြီးမပေးရဘဲ ဖတ်လိုက်ရရင် စာဖတ်ရကျိုးနပ်တဲ့ စာအုပ်မျိုးဖတ်ချင်တယ်ကွာ” လို့ပြောလာရင် ကျွန်တော်ကတော့ ဆရာအောင်သင်းစာအုပ်တွေညွှန်းပေးဖြစ်မယ်။
ဒီတစ်အုပ်နဲ့ဆို ဆရာ့စာအုပ် လေးငါးအုပ်
လောက်ဖတ်ခဲ့ပြီးပြီ။ဆရာက စာဖတ်နာတဲ့သူဖြစ်တာကြောင့် ဆရာ့စာတွေမှာဆိုရင် လူငယ်မျိုးဆက်သစ်တို့အတွက် ယူစရာ ဗဟုသုတတွေအလွန်များပါတယ်။ဆရာကိုယ်တိုင်ကလည်း ခေတ်လူငယ်တွေအတွက် လူမခိုးနိုင်တဲ့ ပညာအမွေကို တတ်နိုင်သမျှချန်သွားပေးဖို့ထက်သန်သူဖြစ်လေတော့ သူ့အမွေတွေကို ဆက်ခံထိုက်သူတွေ ယူကြပါ။
တိုးတက်ချင်စိတ်ရှိတဲ့လူငယ်တွေကို နည်းမှန်လမ်းမှန်တိုးတက်ဖို့ အကြံပေးထားတာတွေ၊ဗဟုသုတမျှဝေထားတာတွေဖတ်ရ မှတ်ရတဲ့အခါ ရှေ့ကပြောခဲ့သလို တိုးတက်ချင်စိတ်ရှိသူတို့ အဖို့တော့ ဆရာ့စာအုပ်တွေက ရတနာသိုက်အလားပဲ။
တစ်အုပ်လုံးကို ဖတ်နေစဉ်အချိန်တော့ တွေးစရာ၊’မွေး’စရာ တွေ အပြည့်နဲ့ပေါ့။ ဖတ်ပြီး အချိန်ကြာလာတဲ့အခါမှာ ရင်ထဲခုထိစွဲကျန်ရစ်တဲ့ နေရာလေးတွေရှိတယ်။
အမေးအဖြေကဏ္ဍမှာပါ။
ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့မေးခွန်း။ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ခြင်းက တစ်ကိုယ်ကောင်းဆန်ခြင်းဟုဆိုနိုင်မလား။ ကိုယ်ကမှ မကောင်းရင် သူများကိုဘယ်လိုကောင်းအောင်လုပ်ပေးနိုင်မလဲ
ဆိုပြီး မေးခွန်းတစ်ခုပါလာတယ်။ အဲ့ဒီကိစ္စကလည်း သေချာမသိဘဲမှားယွင်းယူဆကြသူတွေ၊ သိသိကြီးနဲ့ ခိုင်မာစွာ ခံယူထားသူတွေ တွေ့ဖူးကြုံဖူးကြမှာပါ။self-loveနဲ့ selfish မကွဲနေတဲ့သူတွေကလည်း အများသားကလား။ဒီနောက်က စောဒက တက်ထားသလိုပေါ့။ “ကိုယ်ကောင်းမှ သူများကောင်းအောင်လုပ်ပေးနိုင်မှာမဟုတ်ဘူးလား”တဲ့..
ဟုတ်ရဲ့လား။အဲ့ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့အထိ၊အစွန်းရောက်တဲ့ထိက ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ခြင်းမည်ပါဦးမလား။ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့သူက ကောင်းပါဦးမလား။ ဆရာကတော့ ပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်တဲ့နည်းရယ်၊ပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ ကောင်းအောင်လုပ်နည်းရယ်နဲ့ ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်လို့ရတယ်ဆိုတာရယ်။ လေကို လွတ်လပ်စွာရှူခွင့်ရှိတယ် မှန်တယ်။သို့သော် သူများအိမ်ခေါင်မိုးပေါ် တက်ပြီးရှူလို့တော့မရဘူး။အဲ့တော့ ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ရာမှာ လုပ်ရမယ် ၊အစွမ်းကုန်လုပ်ရမယ်။ သို့သော်ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့လိုတယ်။ဒါသည်ကလည်း ကိုယ့်ကိုယ်ကိုကောင်းအောင်နေခြင်းတစ်မျိုးဆိုပြီး ပြန်ဖြေခဲ့တာ မှတ်မိနေတယ်။
နောက်စွဲကျန်ခဲ့တဲ့ အမေးအဖြေတစ်ခုကတော့ ဆယ်တန်းကို ခြောက်ဘာသာ အမှတ်များများနဲ့အောင်ထားပြီး ဆေးကျောင်းတက်ချင်တဲ့ကျောင်းသား၊ သို့ပေမယ့် အိမ်က ကျောင်းထားပေးဖို့မလွယ်ဘူး။ သူ့ရည်ရွယ်ချက်ကတော့ “ဘဝမှာ ငြိမ်းချမ်းစွာနဲ့ ကိုယ်နေထိုင်ရာလောက၊ အနိမ့်ဆုံး ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့လူ ဖြစ်ရမယ်”တဲ့။ အကုန်စွန့်ပြီးလုပ်ရမယ့်သူ့အဖြစ်။ဆရာ အကြံပေးချက်လေးတွေက သဘောကျစရာ။ မိဘအတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစိစေမှာဆို မလုပ်ပါနဲ့တဲ့။ ပြီးတဲ့အခါ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်ကို အကျိုးပြုဖို့အတွက်ဆို ဆရာဝန်အလုပ်ရယ်မှမဟုတ်ဘူး။ ဘာအလုပ်ပဲလုပ်လုပ် အကျိုးပြုစေတာချည်းပဲ။
“ တောင်ထိပ်က အလှဆုံး ထင်းရှူးပင်ကြီး မဖြစ်လို့ရှိရင် တောင်ခြေက အလှဆုံး ချုံပုတ်ကလေးတော့ ဖြစ်စေ ရမယ်လို့ သဘောထားနော်။ လူတိုင်းဟာ အလှဆုံး အမြင့်ဆုံး မဖြစ်နိုင်ဘူး။ ထိပ်ဆုံးကို မရောက်နိုင်ဘူး။ ဒါပေမယ့် မင့်စေတနာကြောင့် ကိုယ်ရောက်တဲ့ နေရာမှာ အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။”
လောကဓမ္မတာအရ တော်ဖို့လွယ်ပေမယ့် ကောင်းဖို့ကတော့ ခက်တယ်မဟုတ်ပါလား။ဒီတော့ ဆရာ့စာတွေ၊ဟောပြောချက်တွေကတော့ လူကောင်းဖြစ်ဖို့ ပိုဦးတည်တာမျိုးတွေမလို့ စာပေဟင်းလေးအိုးကြီး မြည်းစမ်းကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

