#အတိတ်ရဲ့အခြားတစ်ဖက်မှာ
#သဲဆုမွန်
#မဟာစာပေ
ကိုယ်က စာဖတ်ရင် ရသစာပေတွေ အဖတ်များတယ်ဆိုပေမယ့် #အိမ်ထောင်ရေး စာအုပ်လို့ ကြားလိုက်ရင် ဖတ်ချင်စိတ် သိပ်မရှိခဲ့ဖူးပါ။ #အိမ်ထောင်ရေး စာအုပ်လို့ ပြောလိုက်တာနဲ့ သူ့ဟာသူ ဘယ်လောက်နာမည်ကြီးတဲ့ စာရေးဆရာ/ဆရာမ ရေးထားရေးထား ဖတ်ကြည့်ချင်စိတ် နည်းပါးခဲ့တယ်။ အဲ့လိုမဖတ်ချင်လှတဲ့အပြင် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမျိုးမျိုး အထွေထွေ ရေးပြနေတဲ့ လူတွေကိုတောင် ကိုယ်က ဖေါင်းထုချင် ထုနေတဲ့လူပါ။ စာရေးဆရာတစ်ယောက်ရဲ့ အရေးအသားနဲ့ ဆရာမတစ်ယောက်ရဲ့ အရေးအသား ယှဉ်ဖတ်ရင် ဆရာတွေရဲ့ အရေးအသားကို ပိုသဘောကျတတ်တာကလည်း ရှိနေပါသေးတယ်။ ဆိုတော့ကာ စာရေးဆရာမတစ်ယောက် ရေးထားတဲ့ အိမ်ထောင်ရေး၀တ္ထုတစ်အုပ်ဖြစ်တဲ့ ဒီစာအုပ်ဟာလည်း ဖတ်ကြည့်မယ်ဆိုပြီး ၀ယ်လာခဲ့ပြီးမှ ဖတ်ချင်စိတ် မရှိသေးလို့ ပစ်ထားခဲ့မိတဲ့ စာအုပ်ပုံထဲက စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။
သူများတွေ ရေးရေးတင်တဲ့ အညွှန်းတွေပါ သုံးလေးခုမက ဖတ်ပြီးပေမယ့် ဒီစာအုပ်ကို အဲ့ဒီအချိန်ထိ မဖတ်ဖြစ်ခဲ့သေးပါ။ ဒါပေမယ့်လည်း ဖတ်ချင်စိတ်ပေါ်လာလို့ ဆွဲယူမြည်းစမ်း ဖတ်ကြည့်လိုက်ချိန်မှာ ဆရာမ #သဲဆုမွန် ရဲ့ ရိုးရှင်းပြေပြစ်ပြီး ခပ်သွက်သွက်ရေးသားထားပုံကြောင့် ကိုယ့်စိတ်ထဲ သဘောကျမိသွားတယ်လို့ ပြောရမှာပါပဲ။ သဘောကျလို့ ပြီးအောင်ဖတ်ပြီးသွားပေမယ့် ချက်ချင်း စာရေးချိန် မရခဲ့လို့ ခုမှ ပြန်သတိရပြီး ကောက်ရေးလိုက်မိတာပါ။ Review လို့ သဘောထားချင်လည်း ရသလို သဘောမထားလည်း ရပါတယ်။ ဇာတ်လမ်းက မိဘတွေကြောင့် စိတ်ဒဏ်ရာရပြီး အမေကိုလည်း သူ့ကို ချုပ်ချယ်တင်းကြပ်ထားတယ် ၊ သူ့ကိုဂရုမစိုက်ဘူး ထင်ပြီး အထင်လွဲမုန်းတီးနေတဲ့ မိန်းကလေးတစ်ယောက် အကြောင်းပါ။ အဲ့ဒီမိန်းကလေးက အိမ်ထောင်ပြုလိုက်ရင် သူလုပ်ချင်ရာလုပ်ခွင့်ရလိမ့်မယ်အထင်နဲ့ သူ့ရည်းစားကောင်လေးကို ယုံကြည်သွားမိပြီး ယူလိုက်မိရာက အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်ကြောင်းအရ အထူးအဆန်း မဟုတ်သည့်တိုင် ဆရာမဟာ ဇာတ်လမ်းကို တစ်ခန်းပြီးတစ်ခန်း မပျင်းရအောင် ဆွဲခေါ်သွားနိုင်စွမ်းရှိခဲ့ပါတယ်။
မေလွင်ဆိုတဲ့ မိန်းကလေးရဲ့ခံစားချက် ၊ ဘ၀ဖြစ်တည်လာခဲ့ရတဲ့ ပုံစံ ၊ ကိုယ်ရွေးချယ်မိတဲ့ဘ၀ရဲ့ လောကဓံကို ရင်ဆိုင်ရပုံတွေဟာ တကယ်ကို နာကျင်၀မ်းနည်းစရာကောင်းပြီး တကယ်ရှိခဲ့ဖူးတဲ့ လူတစ်ယောက်အကြောင်းကို ပြန်ရေးပြထားသလို လည်း သဘာ၀ကျလှတာမို့ ဖတ်ရင်းနဲ့ ကိုယ်ပါလိုက်ပြီး စိတ်ပင်ပန်းခဲ့မိပါတယ်။ အားမလို အားမရတွေရော ၊ ခံပြင်းဒေါသတွေရောလည်း ဖြစ်ရပါတယ်။ ကိုယ်သာဆို ဘယ်လိုမှ ခံနိုင်ရည်ရှိမှာမဟုတ်ပဲ ရူးသွားမယ်လို့တောင် တွေးမိပါတယ်။ အမေဖြစ်သူက မေလွင်ကို "နင် အဲ့ဒီကောင်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်း" ဆိုပြီး မေးကြည့်ချိန်မှာ မေလွင်ပြန်ဖြေတဲ့ စကားက အဲ့ဒီတစ်နေရာထဲ ကွက်ပြီးဖတ်ကြည့်ရင် ရယ်ချင်စရာကောင်းတဲ့စကားမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မေလွင်နောက်ကို တောက်လျှောက်လိုက်ကြည့်လာခဲ့တဲ့အခါ "သမီး သူနဲ့တွေ့တိုင်း အီကြာကွေးနဲ့ လဖက်ရည် သောက်ရလို့" ဆိုတဲ့ အဖြေစကားလေးက ကြေကွဲစရာပါ။ အရမ်းကြိုက်တဲ့ အီကြာကွေးကို တစ်ချောင်းပြည့်အောင် စားခွင့်မရခဲ့တဲ့ ကလေးဘ၀က သူမရဲ့ စိတ်ဒဏ်ရာလေးလို့ ပြောရမလား။ ဇာတ်လမ်းလေးက အဲ့လိုမျိုး တကယ့်လက်တွေ့ဘ၀တွေထဲက အဖြစ်အပျက်မျိုးတွေ စကားလုံးတွေနဲ့ ခပ်မှန်မှန်လေး သယ်သွားတဲ့ ဇာတ်လမ်းမျိုးပါ။ အလယ်မှာ ဆရာမလေးဖြစ်ခွင့်ရတော့မလားရယ်နဲ့ ခဏတာ တောက်ခဲ့ရတဲ့ မျှော်လင့်ချက်မီးအိမ်လေးဟာလည်း မေလွင့်ကို ခဏလေးနဲ့ အမှောင်ထဲပို့ခဲ့ပြန်ပါတယ်။ တကယ်ကို ရုပ်ရှင်မဆန်လှသော ဘ၀ရဲ့ခက်ခဲမှုများပါ။ သူ့ယောက်ျားဘက်က မိသားစုရဲ့ စရိုက်ဆန်မှု ၊ကိုယ်ချင်းစာတရား နည်းပါးမှု၊ အတ္တကြီးမှု ။ ပြီးတော့ ယောကျ်ားဖြစ်သူရဲ့ မိန်းမအပေါ် မသိတတ်မှု ၊မသိကျိုးကျွန်ပြုမှု ၊ကလေးဆန်မှုတွေကလည်း တကယ်ကို ဩချလောက်စရာကောင်းပါတယ်။
အိမ်ထောင်ရေး အဆင်မပြေမှန်းသိလို့ ကြားကနေ လက်တည့်စမ်းချင်သူ ၊ အချောင်နှိုက်ချင်သူ ယောက်ျားတွေကလည်း မေလွင့်ကို နှောင့်ယှက်ကြပါသေးတယ်။ ဒီကြားထဲမှာ နည်းနည်းစိတ်သက်သာရာ ရစေတာက မေလွင့်ကို သနားပြီး ကူညီစောင့်ရှောက်ပေးကြတဲ့ ပတ်၀န်းကျင်က လူတချို့ပါ။ "ညီမချက်တဲ့ဟင်းက အစ်မမောင်ရဲ့ အရည်အချင်းပဲ" လို့ သူ့ယောင်းမကို မေလွင်က ပြောတဲ့ စကား . . . "ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ရိုးရိုးတည်းခိုခန်းခတောင် အကုန်မခံဘဲ နီးရာချုံပုတ်ထဲ ဆွဲသွင်းပြီး မတန်မရာ အရယူတတ်တဲ့ ယောက်ျားမျိုးတွေကို လက်မခံနဲ့ ၊ကိုယ့်ရဲ့ဘ၀နဲ့ သိက္ခာဟာ တွေ့ရာလမ်းဘေးမှာ ချကျွေးရမယ့်အရာ မဟုတ်ဘူး" လို့ စက်ရုံအလုပ်သမ ကောင်မလေးကို မေလွင်ကပြောတဲ့ စကား . . . "တံခါးဆိုတာ အကာအကွယ် ပေးနိုင်မှ လုံခြုံတာ ၊တချို့တံခါးတွေက ကိုယ့်ကို လုံခြုံမှုပေးဖို့ မဟုတ်ဘဲ ကိုယ့်ကို ချောင်ပိတ်ပြီး ချုပ်နှောင်ထားတာလည်း ဖြစ်တတ်တယ်" လို့ မေလွင့်အမေက မေလွင့်ကိုပြောတဲ့ စကား . . . ဒီစကားလေး တချို့ကိုလည်း သဘောကျမိပါတယ်။ အဆုံးသတ်ဟာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေမျိုးနဲ့ပြီးသွားတယ်လို့ မြင်ပါတယ်။ ဘယ်လိုပြီးသွားတယ်ဆိုတာတော့ ထည့်မရေးပြတော့ပါဘူး။ မရေးပြပေမယ့် မှန်းတဲ့လူလည်း မှန်းကြည့်တတ်မယ်လို့ ထင်ပါတယ်။ စိတ်၀င်စားလို့ ဖတ်ကြည့်ချင်ရင်တော့ ၀ယ်ဖတ်ကြည့်ကြပါဟုသာ ... ။
#Yee_Yee
🖋️ Nway Yee
Yee Yee
Published May 3, 2026 • Views 12
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

Reader comments
Share your thoughts about this review.
0 comments
No comments yet
Be the first reader to comment on this review.
