ကျွန်တော်က ဂီတနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေဆိုရင် စိတ်ဝင်စားပါတယ်။ သီချင်းတွေရော တီးလုံးတွေရော နားထောင်ရတာနှစ်သက်ပါတယ်။ နောက်တစ်ခုက ဂီတနဲ့ပါတ်သက်ရင် ပုံစံတစ်ခုထဲနားထောင်တာမဟုတ်ဘဲ သီချင်းပေါင်းစုံကိုနားထောင်ပါတယ်။ ဒီတော့လည်း သီချင်းတစ်ခု တီးလုံးတစ်ခုဖြစ်လာသူတွေကို လည်း လေးစားမိတာပေါ့။ အဲ့တော့ သူတို့အကြောင်းတွေကိုလည်းစိတ်ဝင်စားမိပြန်တာပေါ့။
ကျွန်တော်ရဲ့လူငယ်ဘ၀က ၁၉၇၀-၁၉၈၀-၁၉၉၀ ။
အဲ့အချိန်ကာလက သတင်းမှန်သမျှ ကန့်သတ်မှောင်ချတဲ့ ကာလ အစစ်။ ဘယ်အကြောင်းဘဲဖြစ်ဖြစ်ကောလဟာလ ထွက်လာပြီး တိုးတိုး သတင်းတွေနဲ့လူဖြစ်ခဲ့ရတဲ့ကာလ။ သိတယ် တတ်တယ် နှံ့စပ်တယ်ဆို တဲ့ ဆရာအစ်ကိုကြီးတွေက ပြန်ဖောက်သည်ချတာကို လမ်းဘေးအုတ်ခုံမှာ အတူထိုင်ရင်း နားဆင်ကြရတဲ့ကာလ။ အဲ့လိုဆိုတော့ သူရွှီးသမျှကို ပါးစပ်လေးအဟောင်းသားနဲ့ နာခံရတော့တာပေါ့။ အရပ်သတင်း ပါးစပ်သတင်းဆိုတော့မှားတာလဲပါ။ မှန်တာလဲပါ။ ဟုတ်တာလဲပါ မဟုတ်တာလဲပါ။
ကိုယ်ကလည်း သူပြောတာလေးတွေ နားထောင်ပြီး မသိသေးတဲ့ ကောင်တွေကို ဆရာကြီးပေါက်နဲ့ ထပ်ပြီး ပွားရတာကိုက အရသာတမျိုးလေး။ လူငယ်ဆိုတော့ ဂီတနဲ့ ပါတ်သက်တဲ့ အဆိုတော် တွေအကြောင်းကို ပိုစိတ်ဝင်စားရသပေါ့။ အဲ့ခေတ်က မဂ္ဂဇင်းတွေ ဂျာနယ်တွေ မှာပါတဲ့ သတင်းတွေကလည်း ခုတ်ထစ်ဖြတ်တောက်ပြီးသား။ အပြင်မှာ တကယ်ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်းမရေးခဲ့ ရေးခွင့်မရ ခဲ့ကြဘူးလေ။
ဒီတော့ ပုံနှိပ်တွေမှာပါတာကို ဖတ်ထားသူနဲ့ ပါးစပ်သတင်းတွေကိုနားထောင်လာသူရဲ့ သိတာတွေကကွာခြားချက်တွေရှိလာတာပေါ့။ အဲဒါလေးကိုဘဲ ငြင်းကြခုန်ကြ စိတ်ဆိုးကြ ရန်ဖြစ်ခဲ့ကြတာကိုပြန်သတိရရင် တကယ့်ကိုလွမ်းစရာကြီးပါ။ အခု “နိုင်ဇော်၁၀၀ “ကိုဖတ်မိတော့ ကိုယ့် ဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ကို ပြန်လွမ်းမိသွားပါတယ်။
ကျွန်တော် အရွယ်ရောက်တဲ့ အချိန် အိမ်မှာ ရေဒီယို ကက်ဆက် ဘာမှ မရှိတော့ ကိုယ်ကြိုက်တဲ့သီချင်းလေးများ ရေဒီယိုကလာနေရင် ဆက်မသွားနိုင်ဘဲ သီချင်းဆုံးတဲ့ အထိ ရပ်နားထောင်နေမိတာ၊ ကက်ဆက်သာအိမ်မှာ မရှိတာ ကိုယ်ကြိုက်တဲ့ သီချင်းခွေလေးတွေဆို ၀ယ်သိမ်းထားပြီး ကိုယ်ထိုင်နေကျ လက်ဘက်ရည်ဆိုင် မှာ သူငယ်ချင်းတွေနဲ့ အတူဖွင့်ရင်းနားထောင်ကြ ခုံခေါက်ပြီး လိုက်ဆိုကြတာတွေက အမှတ်ရစရာ လူငယ်ဘ၀တွေပါ။
နောင်တချိန်မှာ ကျွန်တော်ကိုယ်တိုင် အလုပ် လုပ် ရမယ်ဆိုတာ မသိခဲ့တဲ့ လမ်း၈၀ တရုတ်တန်းက “လှိုင်းတေးသံသွင်း”မှာ သီချင်းအသစ်ထွက်လို့ ဖွင့်ထားတာနဲ့ကြုံရင် ဆိုင်ရှေ့က ကုက္ကိုပင်အောက်မှာထိုင်ပြီးနားထောင်ခဲ့ရတာကလည်း ဘ၀ရဲ့ အမှတ်တရတွေထဲက တစ်ခုပေါ့။
“နိုင်ဇော်၁၀၀ “ ထဲမှာပါတဲ့ လူတွေထဲက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ စတိတ်ရိူးကန်ထရိုက် ကိုနေ၀င်း(မန္တလေး)ကိုတော့ အထူးသတိရမိပါရဲ့။ ကျွန်တော့်သူငယ်ချင်းတွေက “မန္တလေး တေးသံသွင်း “ဆိုင်ဖွင့်တော့ သူငယ်ချင်းရဲ့ ယောက်ဖဖြစ်သူ ကိုနေ၀င်း(မန္တလေး)နဲ့ ပူးပေါင်းပြီး သူတို့တွေက ဆီးရီးစ်တွေထုတ်ဖြစ်ကြပါတော့တယ်။
ပြန်ဆိုသီချင်းတွေခေတ်စားချိန် ပြန်ဆိုသီချင်းတွေထုတ်ဖြစ်ကြတာပေါ့။နောက်တော့ သူတို့က ဖိုးချိုအတွက် တေးရေး“ဆူး “ ဆီက သီချင်းတွေ ၀ယ်ဖြစ်ကြပါတယ်။ အဲ့လိုသီချင်းတွေဝယ်ရင်းနဲ့ ခင်မောင်ထူး ရဲ့ နာမည်ကြီးသီချင်းဖြစ်လာမယ့် မောင့်မူံရွှေရည် ၀ယ်ဖြစ်လိုက်ပါတယ်။ ဒီ “မူံရွှေရည်” ဆိုတဲ့စာသားလေးကတော့ ရှေးသီချင်း မအေးမိ ရဲ့ “ရွှေနှင်းဆီ “သီချင်းထဲမှာ
“မူံရွှေရည် ခိုင်မာလာနှင်းဆီ မိုင်ဒါလင်ဆွီတီ “လို့ စကြားဘူးတာပါ။
နောက်တော့ ၀င်းဦးရဲ့ “မူံရွှေရည် “ရုပ်ရှင်နဲ့အတူ“မူံရွှေရည် ခိုင်မာလာနှင်းဆီ ကြိုင်စွာသာသင်းကြည် “ဆိုတဲ့သီချင်းကို တပြည်လုံးအနှံ့ကြားခဲ့ရပါတော့တယ်။ဒီအစပိုင်းလေးကတော့ နှစ်ပုဒ်စလုံးအလိုက်တူပါတယ်။ထုတ်လုပ်သူကိုနေ၀င်းဆီက သိရတာတော့ ဒီစာသားလေးအသုံးပြုတဲ့အတွက် ဥာဏ်ပူဇော်ခ ပေးခဲ့ တယ်ဆိုတာပါဘဲ။ဒါတွေထားလိုက်တော့။
စာအုပ်ထဲပါတဲ့ အကြောင်းတွေပြောရရင်တော့ နိုင်ဇော်ဆိုတဲ့ နာမည်ကြီး ဂီတာ သမားဖြစ်လာဘို့ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေက မခါးပေမယ့် သိပ်တော့ မချိုလှဘူးဆိုတာကို သိလိုက်ရပါတယ်။ စွန့်လွှတ်အနစ်နာခံမူ့ မရှိဘဲ လုံ့လ၀ိရိယစိုက်ထုတ်မူ့ မရှိဘဲ အောင်မြင်မူ့ဆိုတာ ကိုယ့် ဆီ အလိုလိုကြွေကျမလာဘူးဆိုတာကိုလည်း အဲ့ စာအုပ်ထဲမှာ ပါတဲ့ ဂီတသမားတွေအကြောင်းကိုဖတ်ပြီး သိလိုက်ရပါတယ်။
နောက်သီချင်းလေးတစ်ပုဒ်ကို ကျွန်တော်တို့ နားဆင်ခံစားနိုင်ဘို့ နောက်ကွယ်ကဖန်တီးရှင်တွေဖြစ်တဲ့ တေးရေးသူ နဲ့ ဂီတဖန်ဆင်းရှင်တွေ ရဲ့ စိုက်ထုတ်ရမူ့တွေကိုလေးစားမိပါတယ်။ စင်ပေါ်မှာ ဖြစ်ခဲ့ရတဲ့ အလွဲတွေဖတ်ရတာကြောင့် စိတ်ထဲမှာ ပြုံးမိ ကျေနပ်မိရပြန်ပါတယ်။
“နိုင်ဇော်၁၀၀ “ထဲမှာပါတဲ့ စတိတ်စင်နောက်ကွယ်ကဖြစ်ရပ်တွေ၊ လူမြင်ကွင်းနောက်ကွယ်မှာ နေကြတဲ့ အနုပညာသည်တွေရဲ့ နေ့စဉ် ဘ၀အချို့တွေကို ကန်ထရိုက်ကိုနေ၀င်း(မန္တလေး)ဆီက နေကြားဘူးတာလေးတွေလည်းရှိခဲ့ပါတယ်။ သူတို့လဲ လူသားတွေဆိုတော့ ခံစားမူ့တွေ ကိုယ်စီရှိကြမယ်ဆိုတာ ကိုယ်ချင်းစာမိပါရဲ့။ ကိုနိုင်ဇော့်ရဲ့ဖေစ်ဘုတ်စာမျက်နှာမှာ ရေးတင်ချိန်က အကုန်လုံးမဖတ်မိလိုက်ပါဘူး။ ထုံ့ပိုင်းထုံ့ပိုင်းသာဖတ်မိတာပါ။ ဒါကြောင့် စာအုပ်ဖြစ်လာရင်ကောင်းမယ်လို့တွေးခဲ့ဘူးပါတယ်။
ဒါကြောင့်လည်း စာအုပ်ထွက်လာတာနဲ့ တန်းပြီးမှာမိ အခုလို မြန်မြန်ဆန်ဆန်ဖတ်မိတော့တာပေါ့။
ဒီစာအုပ်ဖတ်ရင်း ကျွဲတပ်ဆုံကိစ္စ(ကျွန်တော်လည်း ၂၀၂၅ ဇူလိုင်လမှာ ရန်ကုန်လာရင်း ကိုနိုင်ဇော်လို အကြာကြီး စောင့်ခဲ့ရပါတယ်။ ကားကို လှန်လှောရှာခံခဲ့ရပါတယ်။ ကားနောက်ခန်းထဲမှာ ဆီထုတ်တဲ့ ပိုက်ခွေခွေ လေးကြောင့်ပါ)၊ မီးဘေးရေဘေးလို သဘာဝဘေးအန္တရာယ် ဒုက္ခသည်တွေကိုအကြောင်းပြုပြီး ကောင်းမူ့ရှာပရိုမိုးရှင်းဆင်းကြတဲ့ ကိစ္စ၊ မူပိုင့်ခွင့်ကိုနားမလည်ကြတဲ့ ဂီတရူးသွပ်သူ လူငယ်တွေအပေါ်အမြတ်ထုတ်ကြတဲ့ကိစ္စ တွေကို ဖော်ထုတ်ရေးသားတဲ့ အတွက်ကတော့ ၀မ်းစမိုးပါ ကိုနိုင်ဇော်။
စိတ်ထဲမှ မချင့်မရဲဖြစ်မိတာကတော့ ဖေစ်ဘုတ်မှာရေးတင်စဉ်ကအတိုင်း မပြင်မဆင် မဖြတ်မတောက်ဘဲ
မူရင်းအတိုင်း တင်လိုက်တဲ့ အတွက် ( နောက်အချိန်ရရင် ဆက်ရေးပါမည်) ဆိုတဲ့စာသားမျိုးကဖတ်ရတာ ခုတုတု ဖြစ်သွားတာကတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ခံစားချက်ပါ။ အင်မတန်မှ အရသာရှိလာ တဲ့ ဂီတအကြောင်းတွေ ဆက်တိုက်ဖတ်လာရင်းက နောက်ဆုံး အပိုင်းမှာအမေရိကန်သမတကြီး အကြောင်းပါလာတာကတော့ ထမင်းစားပွဲမှာ ကိုယ့် အကြိုက်ဟင်းတွေနဲ့ အားရပါးရ တွယ်နေတုန်း ကိုယ်မကြိုက်တဲ့ ဟင်းကို ထမင်းပုဂံထဲ လာထည့် ပေးတော့ စားရတာ အရသာ ပျက်သွားသလို ခံစားရပါတယ်။
ကိုနိုင်ဇော်လိုဘဲ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောတတ်တော့ အခုလို ပြောမိတာ စိတ်မတိုပါနဲ့လို့တောင်းပန်ရင်း ဒီစာအုပ်လေး ဖတ်ရအောင် မအားတဲ့ကြားက ကြိုးစားပမ်းစားရေးခဲ့တဲ့ ကိုနိုင်ဇော်ကို ကျေးဇူးတင်ပါတယ်။ ထပ်ပြောရရင် ဖတ်ရတာ ကြိုက်လို့ ညဖတ်လို့ မပြီးတဲ့ အခါ မနက်အစောကြီး အိပ်ယာထပြီးဖတ်တာဗျို့၊ ရန်ကုန်မှာပူနေပေမယ့် မူဆယ်က ဆောင်းရောက်ပြီမို့ စောင်ခြုံပြီးဖတ်ရတာ အမှတ်တရ။
ကိုပေါက်(မန္တလေး)
၂၅-၁၁-၂၅

