ညီမလေး …
မီးမီးရဲ့ ညီမလေး ငယ်ငယ်။
ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။
မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။
ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။
မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။
ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။
ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။
“ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။
“ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။





