ယနေ့ခေတ်ကနေ ရုတ်တရက်ကြီး နှစ်ပေါင်းရှစ်ရာကျော်ကို အချိန်ခရီးသွားဖြစ်ခဲ့မယ်ဆိုရင် ဘာတွေ ဘယ်လို နေထိုင်ရှင်သန်ရမလဲလို့ တွေးမိစေတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီစာအုပ်ထဲက အဓိကဇာတ်ဆောင် အောင်သူရကတော့ ဓမ္မရာဇကဘုရားမှာ ကျောက်စာဖတ်နေရင်း မမျှော်လင့်ဘဲ ၁၂ ရာစု ပုဂံခေတ်က နရပတိစည်သူမင်း လက်ထက်ဆီ ရောက်သွားခဲ့တယ်။ အဲဒီကနေ သစ်မတီအရပ်က ရှင်ကြာအို့တို့ ညီအစ်မနဲ့ ဆုံဖြစ်ပြီး မတူညီတဲ့ ခေတ်နှစ်ခေတ်ကြားက စိတ်ဝင်စားစရာ အဖြစ်အပျက်တွေဟာ စတင်လာပါတော့တယ်။
အောင်သူရ ရောက်သွားတဲ့ ပုဂံဟာ ဘုရားပုထိုးတွေနဲ့ သမိုင်းဖြစ်ရပ်တွေကိုပဲ တွေ့ရတဲ့ဒေသတစ်ခု မဟုတ်ပါဘူး။ သစ်မတီအရပ်ရဲ့ ပတ်ဝန်းကျင်၊ ရိုးရှင်းစွာ ရှင်သန်နေထိုင်ကြသူတွေရဲ့ နေ့စဉ်ဘဝ၊ အသက်မွေးဝမ်းကျောင်းနဲ့ ကိုးကွယ်ယုံကြည်မှုတွေကိုပါ ဇာတ်လမ်းနဲ့အတူ မြင်တွေ့ရပါမယ်။ စာမျက်နှာတွေထဲက ပုဂံခေတ်ဟာ သမိုင်းစာအုပ်ထဲကလို အဝေးတစ်နေရာမှာ ရှိနေတဲ့ ခေတ်တစ်ခေတ် မဟုတ်တော့ဘဲ လူတွေနေထိုင်၊ စကားပြော၊ ချစ်ခင်ကြတဲ့ နေရာတစ်ခုလို နီးနီးကပ်ကပ် ဖြစ်လာအောင် ရေးဖွဲ့ထားပါတယ်။
သစ်မတီအရပ်၌ ဝတ္ထုမှာ ခေတ်နှစ်ခေတ်ရဲ့ ကွာခြားချက်တွေကို မြင်ရသလို အဲဒီကွာခြားမှုတွေကြားက မတူညီတဲ့ လူနေမှုဘဝတွေကိုလဲ တွေ့ရမှာပါ။ တစ်ခါတလေ ခေတ်မတူလို့ ဖြစ်လာတဲ့ ၁၂ ရာစုခေတ်က လူသားတွေရဲ့ ရိုးရှင်းတဲ့ ဆက်ဆံရေးနဲ့ အူကြောင်ကြောင် အခြေအနေတွေက စာဖတ်သူကို ပြုံးမိစေမှာပါ။
ခတ္တာခင်ရဲ့ ရေးဟန်က ရိုးရှင်းပြီး ပြေပြစ်သလို ဇာတ်လမ်းထဲက ခံစားချက်တွေကိုလဲ စာဖတ်သူနဲ့ နီးနီးကပ်ကပ် ရောက်လာအောင် ရေးဖွဲ့နိုင်ပါတယ်။ ခေတ်ဟောင်းအသုံးအနှုန်းတွေနဲ့ ခေတ်ပြိုင်စကားပြေကို သဘာဝကျကျ ပေါင်းစပ်ထားတာကြောင့် စာဖတ်ရတာက ရှုပ်ထွေးမနေပဲ ရိုးရှင်းလွယ်ကူလှပါတယ်။
သမိုင်းနောက်ခံဝတ္ထုကောင်းတစ်အုပ်ကို ဖတ်ရှုချင်သူများ၊ ပုဂံခေတ်ယဉ်ကျေးမှုကို စိတ်ဝင်စားသူများအတွက် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်လို့ ဆိုလိုက်ပါရစေ။ ပြီးတော့ ၁၂ ရာစုကို ရောက်သွားတဲ့ အောင်သူရ (ခေါ်) သူရာကရော ... သူနေထိုင်ရာ ယနေ့ခေတ်ကို ပြန်လည်ရောက်ရှိလာနိုင်ပါ့မလားဆိုတာကလဲ စာဖတ်သူကို ရင်ခုန်စိတ်လှုပ်ရှားစေပါလိမ့်မယ်။





