ဆရာချစ်ခိုင်စံ ၏ ကိုယ်ရေးအကျဥ်း
အမည်ရင်း ဦးမျိုးချစ်ခိုင်ဖြစ်သည်။ ကလောင်အမည်မှာ ချစ်ခိုင်စံ ဖြစ်ပြီး ကလောင်ခွဲမှာ ညီညီဈာန် ဖြစ်သည်။ အဖ ဦးတင်မောင်ခိုင်၊ အမိ ဒေါ်အေးအေးချစ် တို့မှ ၁၇.၄.၁၉၉၃ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးသားဦး ဖြစ်သည်။
၂၀၁၀ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အထက-ထုံးကြီးကျောင်းမှ ဓာတုဗေဒဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးကာ ၂၀၁၅ခုနှစ်တွင် ပညာရေးဘွဲ့(B.Ed) နှင့် ၂၀၂၃ခုနှစ်တွင် Professional Diploma in Business Management and Administration ဘွဲ့နှင့် Honorary Award in Leadership တို့ကို MMI တက္ကသိုလ်မှ ရရှိခဲ့သည်။
၂၀၁၂ခုနှစ်ထုတ် ရန်ကုန်ပညာရေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းပါ လေပြည်သွေးတိုင်း အလွမ်းသင့်စေ´ ဝတ္ထုတိုကို ချစ်ခိုင်စံ ကလောင်ဖြင့်ရေးသားကာ စာပေနယ်သို့ ခြေချခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ပြည်တွင်း၌ ထုတ်ဝေခဲ့သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုင်းတွင် ပညာရေး၊ လူမှုရေး၊ လူငယ်ရေးရာနှင့်ဆိုင်သော ဆောင်းပါးများ၊ အက်ဆေးများ၊ ဝတ္ထုတိုများကို အပုဒ်ရေ (၁၀၀) ကျော် အထိ စဉ်ဆက်မပြတ် ရေးသားခဲ့ပါသည်။
၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် သူငယ်ချင်းများဖြစ်သော ဇွဲ(ပညာရေး)၊ မောင်ထက်ဝေ (ငါ့တရော်)တို့နှင့်အတူ သုံးနားညီတြိဂံ - လူငယ်နှင့်စာပေရေးရာ ဆောင်းပါးများ ´စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ်တွင် ထုတ်ဝေသော အက္ခရာသစ်´ စာအုပ်များ နှင့် ကျောက်ရိုင်းတုံးများ ထုဆစ်ခြင်း´ စာအုပ်တွင် အားဖြည့်ရေးသားခဲ့သည်။
ချစ်ခိုင်စံ ကလောင်ဖြင့် ရေးသားခဲ့သော စာအုပ်များ
၁။ တိတ်တဆိတ် ပျံသန်းနေတဲ့ လိပ်ပြာ - ရသစာတမ်းငယ်များ စာအုပ် (၂၀၁၉၊ ဇူလိုင်) ၊
၂။ လူငယ်တွေ တကယ်ညံ့နေသလား - ဆောင်းပါးစုစည်းမှု စာအုပ် (၂၀၁၉၊ ဒီဇင်ဘာ) ၊
၃။ စကားများတဲ့တီကောင် - ဝတ္ထုတိုစုစည်းမှု (၂၀၂၀၊ ဒီဇင်ဘာ) ၊
၄။ ရွက်ခြောက် - လုံးချင်းဝတ္ထု (၂၀၂၂၊ မတ်) ၊
၅။ နေခြည်ဖြာ၍ လင်းစေသား -လုံးချင်းဝတ္ထု (၂၀၂၂၊ ဒီဇင်ဘာ) ၊
၆။ ဗီလိန် - လုံးချင်းဝတ္ထု (၂၀၂၃၊သြဂုတ်)
၇။ ဝေ - လုံးချင်းဝတ္ထု (၂၀၂၆၊ ဖေဖော်ဝါရီ)
ထို့ပြင် ညီညီဈာန် ကလောင်ဖြင့်လည်း လူငယ်ရေးရာစာအုပ် (၅) အုပ် ရေးသားခဲ့သလို၊ ဂျွန်နိုင်းစာပေ ကို တည်ထောင်ကာ စာအုပ်ထုတ်ဝေရေးကိုလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပါသည်။
ပူးတွဲအနေဖြင့် Infinity Light Educational Service Company ကို တည်ထောင်ကာ CEO အဖြစ် တာဝန်ယူရင်း GED ပညာရေး နှင့် တခြား ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။
ယခုအခါ ပဲခူးမြို့တွင် ဇနီး ဒေါ်ဆွေဇင်ဝင်း၊ သား မောင်ဂျွန်နိုင်းတို့နှင့်အတူ အေးချမ်းစွာ နေထိုင်ရင်း စာပေ နယ်ပယ်နှင့် ပညာရေး နယ်ပယ်တွင် ကျင်လည်ရှင်သန်လျက် ရှိပါသည်။







