မိုးကျော်ဇင်
၁၉၈၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအရှေ့၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်၌ အဖဦးကျော်မြင့်၊ အမိ ဒေါ်ဝိုင်းတို့က မွေးဖွားခဲ့သည်။ အ.ထ.က (၁) ကညွတ်ကွင်းမှ အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၃-ဝ၄တွင် ကညွတ်ကွင်းမြို့၊ လောကပြတင်းစာကြည့်တိုက်တွင် စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် ပင်လယ်ကူးသင်္ဘောသားအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
၂၀ဝ၅ ခုနှစ်၊ စက်တင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ် ကဏ္ဍတွင် ရွေးချယ်ဖော်ပြခံခဲ့ရသည့် နယ်နိမိတ်မရှိတဲ့နိုင်ငံ ဝတ္ထုတိုဖြင့် စာပေ လောကသို့ စတင်ရောက်ရှိခဲ့သည်။ ရန်ကုန်မြစ်၏တစ်နေရာ မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၁၇)၊ အခန်းနံပါတ် (၆) (၂၀၁၈)၊ အို… အင်းဝ အက်ဆေးအချို့နှင့် ဆောင်းပါးအနည်းငယ် (၂၀၁၈)၊ ငါးဖမ်းသမား (၂၀၁၉)၊ ချက်ကော့၏ သေနတ် မဂ္ဂဇင်းဝတ္ထုတိုများ(၂၀၂၀)၊ လက်ဖက်ရည်ဆိုင်ထဲက အိမ် (၂၀၂၀) တို့ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် မိုးကုတ်မြို့၊ သဟာယစာကြည့်တိုက်က ပေးအပ် သည့် သဟာယစာပေဆုကို ရန်ကုန်မြစ်၏တစ်နေရာ မဂ္ဂဇင်းဝတ္ထုတိုများ စာအုပ်ဖြင့် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုကို ငါးဖမ်းသမား လုံးချင်းဝတ္ထုဖြင့် ရရှိခဲ့သည်။
ယခုအခါ ကညွတ်ကွင်းမြို့၌ ဇနီးမဆွေဇင်လင်း၊ သမီး မရွှေယဉ်မိုးတို့ နှင့်အတူနေထိုင်လျက်လူ့ဘဝကို ဆက်လက်ဖြတ်သန်းနေပါသည်။