၁၉၉၂ခုနှစ်၊ ဩဂုတ်လ ၁၅ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ အီမီဆိုကို ဦးမြင့်အောင်၊ ဒေါ်ခင်သန့်ရွှေတို့က မွေးဖွားခဲ့သည်။ ၂၀၀၈ခုနှစ်တွင် အ.ထ.က (၁) တောင်ကုတ်မှ တက္ကသိုလ်ဝင်တန်း အောင် မြင်ခဲ့ပြီး ၂၀၁၅ခုနှစ်တွင် ရှေးဟောင်းသုတေသနပညာ မဟာဝိဇ္ဇာဘွဲ့၊ ၂၀၁၆ခုနှစ်တွင် ရှေးဟောင်းသုတေသန ပညာ မဟာသုတေသနဘွဲ့တို့ကို ရန်ကုန်တက္ကသိုလ်က ရရှိခဲ့သည်။ ၂၀၁၉ခုနှစ်တွင် ရှေးဟောင်းသုတေသန ပညာ ပါရဂူကြိုတန်း တက်ရောက်ခဲ့သည်။
၂၀၂၁ခုနှစ်တွင် ကိုရီးယားဘာသာစကားကို စတင် လေ့လာခဲ့သည်။ ၂၀၂၃၊ ၂၀၂၄ခုနှစ်တို့တွင် ကိုရီးယားနိုင်ငံ စာရေးဆရာများ၊ ကဗျာဆရာများ ဦးစီးသင်ကြားသည့် Global Korean Writing Zoon Class ကို တက်ရောက်ခဲ့ပြီး ကိုရီးယားစာပေ ဖန်တီးရေးသားမှုကို လေ့လာခဲ့သည်။ ကိုရီးယားဒစ်ဂျစ်တယ် စာရေးဆရာများအသင်း ဥက္ကဌ စာရေးဆရာဂါဂျယ်ဆန်း၏ ကမ်းလှမ်းချက်အရ ၂၀၂၅ခုနှစ် ဧပြီလတွင် ကိုရီးယားဒစ်ဂျယ်တယ် စာရေးဆရာ မြန်မာကိုယ်စားပြု အသင်းဝင် ဖြစ်လာခဲ့သည်။ ကိုရီးယားနိုင်ငံ စာရေးဆရာများနှင့်အတူ အက်ဆေးစာအုပ် နှစ်အုပ်တွင် အက်ဆေးနှစ်ပုဒ် ပါဝင် ရေးသားထုတ်ဝေခဲ့သည်။
၂၀၂၄ခုနှစ်မှစ၍ မီခို ကိုရီးယား - မြန်မာ စာကြည့်တိုက်တွင် ကလေးများအတွက် စာဖတ်၊ စာရေးခြင်းကို ယခုအချိန်ထိ သင်ကြားပေးလျက်ရှိသည်။ Global Korean Writing Zoon Class တွင်လည်း ကိုရီးယားစာရေးဆရာများနှင့်အတူ ရသစာပေ ဖန်တီးရေးသားမှုအကြောင်းကို သင်ကြားပေးနေပြီး ကိုရီးယားစာအုပ်များကို ၂၀၂၄ခုနှစ်တွင် စတင် ဘာသာပြန်ခဲ့သည်။ “ ကြယ်တွေဟာ မင်းအတွက်ပဲ လင်းလက်တောက်ပနေတာပါ” ၊ “ ငါပီသစွာပဲ ရှင်သန်သွားတော့မလို့” ၊ စာသင်ခန်းထဲက တရားခံ” စသည့် ကိုရီးယား - မြန်မာပြန် စာအုပ်များကို စာရိပ်မြိုင်စာပေက ထုတ်ဝေခဲ့သည်။ “ Every Day Korean” အမည်ဖြင့် ကိုရီးယား နေ့စဉ်သုံး စကားပြော စာအုပ်ကို ၂၀၂၆ခုနှစ်တွင် မဟာစာပေက ထုတ်ဝေ ခဲ့သည်။
Freelance Interpreter and Translator (Korean) တစ်ဦးအနေဖြင့် လုပ်ကိုင်လျက် ရှိပြီး ကိုရီးယားစာအုပ်များကို မြန်မာဘာသာ ပြန်ဆိုခြင်းနှင့် ကိုးရီးယားဘာသာစကားဆိုင်ရာ အထောက်အကူပြု စာအုပ်များကို ရေးသားလျက် ရှိသည်။






