“မနုသောမြက် နှင့် မကြည်သောရေ “
ကနေ့မနက် နန်းတော်ပေါက်ကိုရောက်တော့ ၀င်ခွင့်မရသေးလို့ ဂိတ်ပေါက်ဝမှာ ဖိနပ်ဖင်ခုထိုင်နေကြတဲ့ လူတွေကို မြင်ရတော့ စိတ်မကောင်းဘူး။
အထုပ်အပိုးတွေ ခရီးဆောင်အိတ်တွေက နံဘေးနားမှာ။
လက်ထဲမှာက စမတ်ကဒ်လို့ ခေါ်တဲ့ စာရွက်အဖြူလေးတွေကိုကိုင်လို့ပေါ့။
တရုပ်ပြည်ထဲကို ၀င်ဘို့ အတွက် ပွဲစာမမတွေကလာဆက်သွယ်မယ့် အချိန်ကို ထိုင်စောင့်နေကြတာပေါ့။
13/ ကိုင်ထားလို့ စာအုပ်အနီပိုင်ရှင်များကတော့ အထဲဝင်ဘို့ တန်းစီစောင့်နေကြလေရဲ့။
လက်ဆွဲအိတ်တွေအများကြီးလက်ထဲမှာကိုင်ထားတဲ့မိန်းမတွေကလည်း အထဲဝင်မယ့်သူတွေရဲ့လက်ထဲကို ဇွတ်လိုက်ပေး။
မသိရင်လက်ဆောင်တွေပေးနေသလိုလို။
တကယ်တော့ အဲ့လိုပေးတာတွေကမြန်မာပြည်ဘက်ကပစ္စည်းကို ဟိုဘက်ထဲ ကယ်ရီသယ်ခိုင်းတာပါ။
ဒီဘက်မှာပစ္စည်းပေးလိုက်။
ဟိုဘက်ကနေပြီးသူတို့ လူကစောင့်သိမ်း။
ကယ်ရီခ ၅ယွမ် ၁၀ယွမ်ရတယ်ဆိုပေမယ့်လည်း လူတိုင်းကတော့ မယူပါဘူး။
ပိုက်ဆံရတယ်ဆိုပေမယ့် အ၀င်ဂိတ်ထဲမှာ အိပ်စ်ရေးစက်နဲ့စစ်တာကို ကြောက်လို့ မသယ်တဲ့လူက မသယ်ပါဘူး။
ဒီမြင်ကွင်းတွေ မထူးဆန်းတော့တဲ့ ပုံရိပ်တွေပါ။
ကိုယ့်မြေ မှာ ရှာဖွေစားသောက်ရတာ မလုံလောက်တော့ ဂျစ်ပစီတွေလိုရေကြည်ရာ မြက်နုရာပေါ့။
ပြီးခဲ့တဲ့ရက်က ကျွန်တော်မှာထားတဲ့စာအုပ်တွေရောက်လာပါတယ်။
မူဆယ်ကနေရန်ကုန်ကိုစာအုပ်လှမ်းမှာရင် တိုက်ရိုက် ပို့ရင် ကယ်ရီခ ဈေးကြီးပါတယ်။
အဲ့တော့ ကိုယ်ကြိုက်တာလေးကို လှမ်းမှာထား။
လေးငါးခြောက်အုပ်လောက်စုမိမှ မန္တလေးကို ဒယ်လီနဲ့ ပို့။
မန္တလေးကမှ တဆင့် မူဆယ်ကို ကားကြုံနဲ့ပို့။
အဲလိုပို့ရင်ကုန်ကျစားရိတ်သက်သက်သာသာနဲ့စာအုပ်တွေဖတ်ရတာပေါ့။
ဒါပေမယ့် ထွက်ထွက်ခြင်းမဖတ်ရတဲ့ လိုအပ်မူ့လေးတော့ရှိလာပေမယ့်လည်း မဖတ်ရတာထက်စာရင်တော်ပါသေးရဲ့လို့ ကိုယ့်စိတ်ကိုယ်ဖြေရတာပေါ.။
အခုရောက်လာတဲ့စာအုပ်ထုပ်ထဲမှာ အေးမင်းစောရဲ့မီးခိုးရောင်အိမ်ကလေး၊နေ၀န်းနီ(နတ်မောက်)ရဲ့ မြက်နုရာ၊သဲဆုမွန်ရဲ့ ဟားရီဘဲပါလာတယ်။ တကယ်တော့ ဖတ်ချင်စိတ်အားကြီးလာလို့ စာအုပ်ထပ်မစုတော့ဘဲ ပို့ခိုင်းလိုက်တော့တာ။
ကနေ့မြင်ခဲ့ရတဲ့ မြင်ကွင်းလေးကို မြင်တော့ ပြီးခဲ့တဲ့ ပိတ်ရက်ကမှ ဖတ်လိုက်မိတဲ့
နေ၀န်းနီ (နတ်မောက်)ရဲ့ မြက်နုရာ အရပ်မှာ ကစိတ်ထဲကိုရောက်လို့လာပါတယ်။
ပညာတွေအများကြီးသင်ခဲ့ Bed ဆိုတဲ့ဘွဲ့ရပြီး လူငယ်တွေကိုလမ်းပြပေးမယ့် ကျောင်းဆရာဘ၀ကိုရောက်ပြီးခါမှ သူများနိုင်ငံထဲကို တရားမ၀င်ရောက်လာခဲ့ရတဲ့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေပါ။
ကျွန်တော်တို့ နိုင်ငံနဲ့ နယ်နိမိတ်ခြင်းဆက်စပ်နေတဲ့ လာအို ဆိုတဲ့ နိုင်ငံလေးဟာ အလုပ်အကိုင်ရှားပါးလာတဲ့ ကျွန်တော်တို့ အတွက်တော့ရေကြည်ရာ မျက်နုရာအရပ်လေးပေါ့။
အကြောင်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ အဲ့ဒီကိုရောက်လာကြတဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေဟာတဆင့်နိမ့်ဘ၀နဲ့နေကြရပါတဲ့။
အဲ့ဒီမှာအသုံးများတဲ့ စိနတိုင်းရဲ့ဘာသာစကားမတတ်ရင် အလုပ်မရနိုင်ပါဘူးတဲ့။
ဒေသခံလာအိုလူမျုိး၊စိနလူမျိုး တွေကို ဘယ်အရာမှ မကျော်လွန်နိုင်ပါဘူးတဲ့။
အလုပ်အကိုင်အတွက်သေချာရေရာတဲ့ အာမခံချက်မရှိဘဲ ရောက်လာခဲ့လေတော့
တဆိုင်ဝင်တဆိုင်ထွက် အလုပ်သမားလိုလား လို့ ခြေတိုအောင်လိုက်မေးပြီး မှ အလုပ်တခုကိုရနိုင်ပါသတဲ့။
အလုပ်မရှိရင် စားဘို့လဲခက် နေဘို့လဲခက် ဖြစ်သလိုကုပ်ကပ်နေကြရပါသတဲ့။
အလုပ်လေးတခုကို ရလာပြန်တော့လည်း အတူလုပ်ကြတဲ့ နယ်ခံလူတွေက ဗိုလ်ကျတာခံရ၊
ကိုယ့်လို ရွှေမြန်မာအချင်းချင်းက ဗိုလ်ကျတာခံရနဲ့ မလွယ်ကြတဲ့ဘ၀တွေကိုလက်ခံထားကြရသူတွေပါ။
နမူနာယူစရာကောင်းတာလေးကတော့ စိမ့် ဆိုတဲ့ အမျိုးသမီးလေးရဲ့စိတ်ဓါတ်ပါဘဲ။
သူများနိုင်ငံရောက်တဲ့ အခါ အဲ့ ဒီမှာ မတတ်ရင် မဖြစ်တဲ့ စိနဘာသာစကားကို တစ်လုံးစ နှစ်လုံးစကနေ နည်းနည်းခြင်းသင်ယူပြီး လုပ်ငန်းခွင်ထဲမှာရှေ့ရောက်အောင်တိုးဝင်ခဲ့တာပါ။
ဖုန်း ဆိုတာ အပျော်ဆော့စရာ တစ်တော့ ဆော့စရာလိုအများသတ်မှတ်ပြီးသုံးနေကြပေမယ့် စိမ့်ကတော့
ဖုန်းက တစ်ဆင့် ဘာသာဗေဒတွေ သင်ယူပြီး သာမန်စားပွဲထိုးကနေ ကောင်တာထိုင်တဲ့ဘ၀ရောက်အောင်
ကြိုးစားခဲ့တာကိုတော့ အတုယူသင့်ပါတယ်။
ကျွန်တော်တို့တတွေက နိမ့်ပါးသွားကြတဲ့ အနေအထားမှာ ရေစုန်မျောပြီး နေကြတာကအများစုဖြစ်လို့နေပါတယ်။
ဖြစ်လေရာဘ၀မှာ ဖြစ်သလိုနေကြရင်းနဲ့ ပိုမိုနက်တဲ့ ဆင်းရဲတွင်းထဲကိုရောက်သွားတတ်သလို
သူများနိုင်ငံမှာ အနေအထိုင်မတတ်ရင် အထူးသဖြင့် မိန်းကလေးတွေက ဘ၀ပါပျက်တဲ့ အထိနိမ့်ဆင်းသွားနိုင်ပါတယ်။
ဒီစာအုပ်လေး ဖတ်ပြီးတဲ့ အခါ ရေကြည်ရာ မြက်နုရာလို့ ထင်မှတ်ပြီးလာခဲ့ပေမယ့်
ပုတ်စော်နံဟောင်တဲ့ ရေသေအိုင်ထဲကို သက်ဆင်းသွားကြသူတွေ၊
ပိုမိုကြမ်းတမ်းပြီးသွေ့ခြောက်နေတဲ့ မြက်ကြမ်းတွေကိုသာ ကြုံရသူတွေက ပိုများနေတယ်လို့ခံစားမိပါတယ်။
ဆင်းရဲဒုက္ခရောက်တာ အနှိမ်ခံရတာတွေကို ငိုညည်းပြမနေဘဲ တိုးတက်ဘို့ အတွက် ထိုးထွက်လို့ရမယ့် လမ်းစကို ပြပေးခဲ့ ဆရာနေ၀န်းနီ(နတ်မောက်)ရဲ့စေတနာကိုတော့
အသိအမှတ်မပြုဘဲမနေနိုင်ပါဘူး။
နောင်လည်း ဒီလိုစာမျိုးလေးတွေ ရေးပါအုံးလို့ တိုက်တွန်းမိပါတယ်။
ဖတ်ရင်းနဲ့ပြုံးမိတာလေးတစ်ခုကတော့ ရှေးခေတ်ကဘုတ်အုပ်တွေထဲကလို
ကွင်းစကွင်းပိတ်လေးနဲ့ (စကားချပ်)ဆိုပြီးရေးထားတာလေးကိုပါ။
ဆရာရေးထားတဲ့ စာက ချောတာရယ်၊ဘာတွေများဖြစ်အုံးမလဲ လို့ သိချင်စိတ်ဇောကြီးတာရယ်ကြောင့်စာမျက်နှာ (၂၆၀)ကျော်ကို ခဏလေး နဲ့ ဖတ်လို့ပြီးသွားလေရဲ့။
ဗဟုသုတတွေရရုံမကဘဲ စိတ်အဆာပါပြေစေတဲ့စာတစ်ပုဒ်လို့ မှတ်ထားလိုက်ပါတယ်။
ကိုပေါက်(မန္တလေး)

