“ကိုယ့်ပေါင်ကိုယ်လှန်ထောငိးသော တစ်ခိုင်လုံးရွှေ “
စနေနေ့ည ဖတ်စရာစာအုပ်ရှာရင်း သင်္ကြန်တွင်းမှ ဖတ်မယ်ဆိုပြီး အု ထားတဲ့ စာအုပ်ပုံတွေဆီ လက်ကရောက်သွားပါလေရော။ အဲ့မှာ မဟာစာပေကနေ ထုတ်ဝေထားတဲ့ ဆရာငဒိန်းရဲ့ တစ်ခိုင်လုံးရွှေဆိုတဲ့ စာအုပ်ကိုသွားတွေ့မိတယ်။ ဖျပ်ကနဲ့အတွေးဝင်သွားတာကတော့ သူမို့လို့ဒေါက်တာကြီးကို မကြောက်မရွှံ့နဲ့ တရေး စသတ်တစ်ထားတယ်လို့တွေးပြီး တစ်ယောက်ထဲပြုံးမိပါတယ်။ ဒါနဲ့ဘဲ မထူးဘူး ဒီစာအုပ်ဘဲအရင်ဖတ်မယ်ဆိုပြီး စကိုင်လိုက်တာပေါ့။
စစခြင်းဘဲ နာမည်ပြောင်အပေးကောင်းတဲ့ မြန်မာ့အတွေးတွေကိုတွေ့ရတော့တာပါဘဲ။ ကိုရီးယားကို ကကြီး တဲ့။ ယိုးဒယားကို ယပက်လက်တဲ့။ ဖိလစ်ပိုင်ကိုတော့ ဖဦးထုပ်တဲ့။ အင်ဒိုကိုတော့ အ တဲ့။ အမယ်အမယ် မြန်မာကိုတော့ ရွှေတဲ့။ သင်္ဘောသား အုပ်စုထဲမှာ သင်္ဘောတစ်စီးလုံးမြန်မာတွေဆိုရင် တစ်ခိုင်လုံးရွှေ တဲ့။
အစကစာအုပ်နာမယ်ကြည့်ပြီး တစ်ခိုင်လုံးရွှေဆိုတော့ အငြိမ့်အကြောင်းတွေများလားထင်မိတာ ဖတ်ကြည့်မှ သင်္ဘောသားတွေအကြောင်းဖြစ်နေပါပကော။
ဆရာငဒိန်း ရဲ့ အရေးသွက်ချက်ကတော့ အမြည်းဆိုပြီး ဖတ်ကြည့်လိုက်တာ စာမျက်နှာ 30 ကျော်ကျော်ကို ခဏလေးနဲ့ရောက်သွားပါလေရော။ နာရီကြည့်လိုက်တော့ ည 11နာရီကျော်နေပြီ။ နောက်ရက် က တနင်္ဂနွေဆိုတော့ မနက်မှဘဲဆက်ဖတ်မယ်ဆိုပြီးအိပ်လိုက်တော့တာပေါ့။ တနင်္ဂနွေ နေ့ ရောက်တော့ မနက်စာစားပြီးကတည်းက တစ်ခိုင်လုံးရွှေ ကို ကိုင်တော့တာပါဘဲ။
ဖတ်နေရင်းက ဘာဆက်ဖြစ်မလဲလို့သိချင်စိတ်တွေများလို့လာပါတယ်။ ဇာတ်လမ်းကတော့ မြန်မာပြည်က ထွက်ကုန်လူသားတွေက မလေးရှားသင်္ဘောလိုင်းတစ်ခုမှာ သင်္ဘောသားအဖြစ်နဲ့ လိုက်ကြရတာကစတာပါဘဲ။ ဖြစ်ချင်တော့ အဲ့ဒီသင်္ဘောအသစ်မှာ ရှိရမယ့် ကုန်းပတ်( Chief Officer)၊စက်ခန်း( Second Engineer)၊ဆီလောင်း(Oiler)၊ အစရှိတဲ့အောက်ခြေ၀န်ထမ်းအားလုံးက ရွှေတွေချည်းဘဲဆိုတော့ Miniတစ်ခိုင်လုံးရွှေလို့ဆိုနိုင်ပါသတဲ့။
သင်္ဘောရဲ့ထိပ်ဆုံးပိုင်းဖြစ်တဲ့ ကပ္ပတိန်နဲ့ စက်ချုပ်(Chief Engineer)ကတော့ နိုင်ငံခြားသားပေါ့။ သူတို့လိုက်ရမယ့်သင်္ဘောနာမည်က MTCHARMLU၊ မလေးရှားနိုင်ငံမှာရှိတဲ့ ကုမ္မဏီပိုင်သင်္ဘောပေါ့။ မြန်မာနိုင်ငံကနေ ကွာလမ်လမ်ပူကိုသွားကြမဲ့ သူတို့အဖွဲ့ကအားလုံး(၁၉)ယောက်။ သူတို့သင်္ဘောမှာ ဘိုစင်အဖြစ်လိုက်မဲ့သူက ကိုရာဂျူး အသက်ကတော့ကြီးနေပြီ၊ သင်္ဘောမလိုက်တာလဲကြာပြီ။ အခုမှသူသားလေးကို သင်္ဘောတင်ဘို့ငွေလိုလာလို့ ထ လိုက်ရတာတဲ့။ အေဘီ နှစ်ယောက်ကတော့ ဘိုစင်နဲ့အသက်သိပ်မကွာလောက်တဲ့ ဦးသိန်းကျော်နဲ့ လူငယ်ပိုင်းက ကိုနိုင်ဇော်။ ဒီသင်္ဘောပေါ်က ဇာတ်ကြောင်းကိုပြန်ပြောပြနေသူကတော့ ၀လုံးလို့ခေါ်ကြတဲ့ သင်္ဘောပေါ်မှာရာထူးအနိမ့်ဆုံးလူ။
ဒီဇာတ်လမ်းရဲ့မင်းသားကတော့ AB (တက်မကိုင်) ကိုကျော်သက်။ သူက မဟုတ်မခံ ။ မှန်မှန်ကန်ကန်နေပြီး ရင့်လာ ကျောလာတယ်ဆိုရင်လည်း မကြောက်မရွှံ့ခံဖိုက်တဲ့လူစားမျိုး ဆိုတော့ မမှန်တာလုပ်ထားကြတွေနဲ့ပြည့်နေတဲ့ ဒီသင်္ဘောပေါ်မှာတော့ သူက ဖိုက်တာဘဲ။ ၀လုံးနဲ့က တစ်ခန်းထဲ အတူနေကြတယ်ဆိုတော့ ကိုကျော်သက်က ၀လုံးရဲ့ ဆရာ၊ ၀လုံးကို ကာကွယ်စောင့်ရှောက်သူပေါ့။ ၀လုံးအတွက်တော့ ကိုကျော်သက်က idol ဘဲ။
သင်္ဘောပေါ်မှာက နာမယ်အရင်းကိုခေါ်လေ့မရှိကြဘဲ ရာထူးကို နာမည်လုပ်ပြီးခေါ်ကြတာကိုး။ အဲ့တော့ ချက်ကြီး (ထမင်းချက်) လင်ပန်း(စားဖိုဆောင်က၀န်ထမ်း)၊မီးကြိုး(လျှပ်စစ်ပိုင်းဆိုင်ရာလူ) ကုန်းချုပ်၊သူကြီး၊ဆီလောင်း ဆိုတော့ အဲ့ဒါတွေလိုက်မှတ်နေရတာကို က စိတ်ဝင်စားစရာတစ်ခု။ ဒါပေမယ့်လည်း ကျွန်တော်က လူတွေရဲ့စိတ်ကိုပိုပြီး စိတ်ဝင်စားတော့ သင်္ဘောပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ညစ်ကြ ရစ်ကြ ခွေကြ ပညာပြကြတာတွေကိုဖတ်ရင်း ရင်မောလာမိပါတယ်။
ကိုယ်နေရာကောင်းရဘို့ ရာထူးတက်ဘို့ ဆိုတဲ့ ကိုယ့် အဘို့ တစ်ဘို့ထဲသာကြည့်ပြီးလုပ်ငန်းခွင်ထဲမှာ အုပ်စုဖွဲ့ကြ အချောင်ခိုကြ ဂျောက်တွန်းကြနဲ့ဆိုတော့ အငြိမ့်ထဲကလူရွှင်တော်တွေပြောသလို “ အကောင်းကို မကုန်ဘူး“ဖြစ်နေပါတော့တယ်။ မြန်မာပြည်ရဲ့သင်္ဘောသားလောက ကလည်း အတော်ဇာတ်ရူပ်တာ ဆရာငဒိန်းရေးပြမှဘဲသိရတော့တယ်။ ဆရာငဒိန်းကလည်း သင်္ဘောပေါ်မှာ ကျင်လည်နေသူဆိုတော့ တကယ့်ကို နိူက်နိူက်ချွတ်ချွတ်သိနေသူဆိုတော့ သူကလည်း အတော်ကို ပျစ်ပျစ်နှစ်နှစ်ရေးထားလိုက်တော့ ဖတ်ရတာ တကယ့်ကိုတနင့်တပိုးကြီးပါဘဲ။
သင်္ဘောလိုက်သူတိုင်းက အေးဂျင့်တွေ ပွဲစားတွေကိုဘဲ အားကိုးနေကြရတော့ သူတို့လိမ်သမျှခံဘို့ ပိုက်ဆံတွေကြိုရှာထားရတာပေါ့။ ပွဲစားတွေကလည်း သူတို့ပွဲခရဘို့ အတွက်အရည်အချင်းမမှီတဲ့သူတွေကို လက်မှတ်အတု ထောက်ခံစာအတုတွေနဲ့ တင်ပေးလိုက်တာ သင်္ဘောပေါ်ရောက်မှကိုယ်ဖြစ်ကိုယ်ခံဘဲ။
အဲ့တော့ ပြဿနာဖြစ်ခဲ့ရင် ရိုက်ကြေး လိုင်းကြေးလေးတောင်မရဘဲပြည်တော်ပြန်ရတဲ့သူတွေလည်း ရှိလာပြန်ပါတယ်။ သင်္ဘောသားဆိုတာ ဒေါ်လာစားတွေဆိုတော့ မြန်မာ့ငွေပြန်လဲလိုက်ရင် မြိုးမြိုးမျက်မျက်လေးရနိုင်ကောင်းတယ်ဆိုတာလေးကိုဘဲ မျှော်ကိုးပြီး အသက်ဘေးအန္တရာယ်နဲ့နီးပေမယ့်လည်း အပင်ပန်းဆင်းရဲခံပြီးသင်္ဘောပေါ်လိုက်ဘို့ကြိုးစားကြရတာပေါ့။ ဖတ်ရင်းဖတ်ရင်းနဲ့ ဒီလူတွေဆိုးလှပါလားလို့ တောင်မထင်ရက်တော့ဘဲ ကိုယ်ခြင်းစာနာမိပြီးသနားဘို့ကောင်းတယ်လို့ခံစားလာရပါတယ်။ အဲ့တော့ ဒီလိုအဖြစ်တွေဟာ သင်္ဘောသားတွေဘဲဖြစ်နေတာလားလို့ပြန်ဆန်းစစ်ကြည့်လိုက်တော့ မြန်မာပြည်ရဲ့အလွှာအသီးသီးကလူတိုင်းမှာ တစ်ပုံစံထဲဖြစ်နေတာကိုတွေ့နေရတော့ နောင်ဖြစ်လာမယ့် အနာဂတ်အတွက်စိတ်လေးမိပါတယ်။
နောင်လာမယ့် အနာဂါတ်က ကလေးတွေအတွက် ကျွန်တော်တို့လူကြီးတွေက စိတ်ဓါတ်တွေပြုပြင်ဘို့လိုပြီလို့ဘဲတွေးမိလိုက်ပါတယ်။ ဒီစာအုပ်ကိုရေးတဲ့ ဆရာငဒိန်းကိုလည်း ကျွန်တော်က ကျေးဇူးတင်ပါတယ်။
မဟာစာပေမိသားစုဝင်တစ်ယောက်ဖြစ်လာတဲ့ အတွက်လည်း ၀မ်းသာပါတယ်။ နောင်လည်း ဒီလိုဇာတ်လမ်း ကောင်းကောင်းလေးတွေရေးပါအုံးလို့ ။
ကိုပေါက်(မန္တလေး)
24-3-2025

