“ The most important light is the
light you cannot see “
ဒီစာကြောင်းလေးက စာရေးဆရာ အန်ထော်နီဒူဝါ ( Anthony Doerr ) ရဲ့ ပူလစ်ဇာဆု ရတဲ့စာအုပ်ဖြစ်တဲ့ “ All the Lights We Cannot See “ ထဲက စာကြောင်းလေး တစ်ကြောင်းဖြစ်ပါတယ် ။ ဒီစာအုပ်နဲ့ ၂၀၁၅ ရဲ့ ရသဆိုင်ရာ ပူလစ်ဇာဆုကို ရခဲ့တာပါ ။
မြန်မာပြန်ကို ဆရာရာပြည့်နဲ့ ဆရာမိုးမင်းသိမ်းတို့ ပြန်ဆိုပြီး မဟာက ထုတ်ဝေထားတာ ရှိပါတယ် (ဒီစာအုပ်ကို ဘာသာပြန်နေတုန်း ဆရာ ရာပြည့်ကွယ်လွန်သွားလို့ မဟာရဲ့ စီစဉ်မှုနဲ့ ဆရာ မိုးမင်းသိမ်းက ဆက်ပြန်ဆိုပေးခဲ့တာပါ )
ဒီစာအုပ်ကို ဖတ်ရင် ထူးခြားချက်လေးတွေ တွေ့ရနိုင်ပါတယ် ။ မူရင်းရေးသူက သတင်းစာဆရာ ဖြစ်တာမို့ အဖြစ်အပျက် တွေကို ပုံဖော်တဲ့နေရာမှာ ထူးခြားပြောင်မြောက်လှပါတယ် ။
ဇာတ်အိမ်တွေကို ချိတ်ဆက်တဲ့နေရာမှာ Non-Linear စတိုင်နဲ့ ရေးဖွဲ့သွားပြီး နောက်ဆုံးမှ ပြန်ချိတ်ဆက်သွားပြပါတယ် ။
အတွေးတွေကိုလည်း Third Person Narrative ပုံစံနဲ့ရေးသွားတာ ဖြစ်ပေမယ့် ဇာတ်ကောင်တွေရဲ့ နေရာကို ဝင်ပြီးခံစားနိုင်တဲ့အထိ ပြောင်မြောက်လွန်းပါတယ် ။
ဆရာ နှစ်ယောက်ပြန်ထားပေမယ်လည်း တစ်ပိုင်းချင်းစီကို သိသိသာသာကြီး ကွာခြားမှု မခံစားရဘဲကို ဖတ်လိုက်ရပါတယ် ။ အရေးအသား အနှေး အသွက် ကွာပေမယ့်လည်း ဇာတ်အိမ်ကလည်း အရှိန်တက်လာတာမို့ ဖတ်ရတာ မွေ့လွန်းပါတယ် ။
ဒီစာအုပ်ကို ဖတ်ပြီးတဲ့ သူငယ်ချင်းတစ်ယောက်က Netflix မှာ ရုပ်ရှင်ရှိတယ်လို့ ညွှန်းတော့ ချက်ချင်း မကြည့်ဖြစ်ပါဘူး ။
ရုပ်ရှင်ကြည့်ပြီးရင် စာအုပ်ဖတ်ထားတဲ့ အရသာ ပျောက်သွားတတ်လွန်းလို့ပါ
ဒါပေမယ့်လည်း မနေနိုင်ပါဘူး .. ကြည့်မိတာပါပဲ
ရုပ်ရှင်ကလည်း အရသာတစ်မျိုးပါပဲ … မူရင်းစာအုပ်နဲ့ အနည်းငယ်ကွဲလွဲမှုလေးတွေ ရှိပေမယ့် တစ်မျိုးကောင်းတာပါပဲ … ရုပ်ရှင်ကြည့်ရင်း စာအုပ်ကို ပြန်မြင်လာတယ် ..
ရုပ်ရှင်မှာ မင်းသားကြီး Mark Ruffalo ( Hulk က မင်းသားကြီး ) နဲ့ House Series ထဲက ဆရာဝန်ကြီး Hugh Laurie တို့ နဲ့တင် ကြည့်ရတာ တန်ပါတယ် ။
ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်တုန်းက ပြင်သစ်ပြည် စိန့်မာလို မြို့ကို နာဇီတွေ ဝင်တိုက်တဲ့အချိန်ကို ရေးဖွဲ့ထားပါတယ် ။ မျက်မမြင်မလေးတစ်ယောက် ၊ ရေဒီယိုကျွမ်းကျင်တဲ့ စစ်သားလေးတစ်ယောက် တို့ကြားက မမြင်လိုက်ရတဲ့ အလင်းရောင်တွေ အကြောင်းပါပဲ …
တင်စားမှု ၊ ဖွဲ့နွဲ့မှု ၊ ပုံဖော်မှုတွေနဲ့ တွေးစရာလေးတွေ အများကြီး ပါပါတယ် ။
History Fiction, Drama , World War 2 Fiction တွေ ကြိုက်တဲ့လူတွေ ၊ ခပ်လေးလေး ကြိုက်တဲ့သူတွေအတွက် တော့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ , စာအုပ်ပဲ ဖတ်ချင်တဲ့လူတွေကတော့ မဟာစာပေမှာ ရနိုင်ဦးမယ်ထင်ပါတယ် ။
စာအုပ်ထဲက ကြိုက်မိတဲ့ Quotes လေးတစ်ခုကတော့
“ War is a bazaar where lives are traded like any other commodity: chocolate or bullets or parachute silk."
ဟုတ်ပါတယ် လူ့အသက်တွေဆိုတာလည်း စစ်ပွဲကြားက ဈေးဗန်း တွေလိုပါပဲ
# မမြင်နိုင်သော အလင်းတန်းများ
# All the lights we cannot see

