အိမ်က ထွက်ပြေးချင်တဲ့စိတ်တစ်ခုတည်းနဲ့ မသေချာတဲ့ရင်ခွင်တစ်ခုထဲကို ပစ်ဝင်လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ဖူးတဲ့သူရှိလား။
"မိသားစုဆိုတာ ပစ်ချင်သလို ပစ်လိုက်လို့ရတဲ့ ခရီးဆောင်အိတ်မှမဟုတ်တာပဲ"
အေး၊ မိသားစုဆိုတဲ့စိတ်နဲ့ ခရီးတစ်လျှောက်လုံးသယ်ခဲ့တာပဲ။ ဒါပေမဲ့ အဲ့ဒီအိတ်နဲ့ ကပ်ပါလာတဲ့ အရာအားလုံးဟာအကုန်လေးနေတော့တာ၊ အိမ်ထောင်ရေးဆိုတာ ယောကျာ်းနဲ့မိန်းမတစ်ခြင်ထောင်တည်း အတူအိပ်လိုက်ရုံနဲ့ပြီးသွားတာမဟုတ်ဘူး၊ အတူနားလည်မှုယူပြီး ကျော်ဖြတ်ရမှာတွေကအများကြီး" ကိုယ်နေထိုင်နေတဲ့ ပတ်ဝန်းကျင်ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တစ်ခါတစ်လေ အရမ်းမွန်းကြပ်လာတဲ့အချိန်မျိုးမှာ ဒီပတ်ဝန်းကျင်ထဲကနေ ထွက်ပြေးသွားလိုက်ချင်တဲ့စိတ်မျိုးတော့ ဘဝမှာတစ်ခါလောက်ဖြစ်ဖူးကြမယ်ထင်ပါတယ်။
ကိုယ်တစ်သက်လုံးနေထိုင်လာတဲ့နေရာကနေ ရုန်းထွက်တယ်ဆိုတဲ့နေရာမှာ အခြေအနေက နှစ်မျိုးရှိပါတယ်။ ကိုယ့်အားအင်နဲ့ကိုယ်ရုန်းထွက်မလား၊ တခြားတစ်ယောက်ရဲ့ဘဝထဲကို မျက်စိစုံမှိတ်ခိုဝင်လိုက်မလားဆိုတာပါပဲ။ အထူးသဖြင့် ငယ်ငယ်ကတည်းက ကိုယ့်စွမ်းအားကိုယ်မမြင်နိုင်အောင် သွန်သင်ဆုံးမခံရတဲ့ မြန်မာအမျိုးသမီးလေးတွေဟာ ဒီလိုဆုံးဖြတ်ချက်မျိုးကို ချတတ်ကြပါတယ်။ အမျိုးသားတွေကသာ အိမ်ထောင်တစ်ခုကိုဦးစီးနိုင်တယ်၊ မိသားစုတစ်ခုကို တည်ဆောက်နိုင်တယ်၊ အမျိုးသမီးတစ်ယောက်က နောက်လိုက်အဖြစ်နဲ့ အမျိုးသားတစ်ယောက်ရဲ့အရိပ်ကို ခိုလှုံတာကမှမှန်တယ်လို့ သွန်သင်ခံထားရတဲ့ အမျိုးသမီးလေးတွေဟာ အချစ်နဲ့တွေ့တဲ့အချိန်မှာ မျက်ကန်းဖြစ်ပြီး ဒီအမျိုးသားဆီမှာပဲ ဘဝကိုပုံအပ်လိုက်တာမျိုးပေါ့။
ဒီလိုဆုံးဖြတ်ချက်မျိုးက အမြဲမှားတယ်လို့တော့ပြောလို့မရပါဘူး။ အမျိုးသားရဲ့တာဝန်ယူစိတ်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ဘဝကတောက်ပသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အမျိုးသမီးလေးတွေ ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ ကိုယ့်ရဲ့စွမ်းရည်ကိုမမေ့သွားဖို့ပဲလိုပါတယ်။ ဒီစာအုပ်လေးထဲမှာတော့ အမြဲမကောင်းတဲ့ဆီကိုပဲ ဦးတည်ဆွဲခေါ်သွားတတ်တဲ့ ပတ်ဝန်းကျင်ရယ်၊ အဆိပ်တွေပဲပေးနေတဲ့ မိသားစုရယ်၊ တာဝန်မယူတတ်တဲ့ အမျိုးသားတစ်ယောက်ကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့အမျိုးသမီးလေးတစ်ယောက် ဒီအတိတ်ကို အတိတ်မှာထားခဲ့ပြီး ဘယ်လိုအင်အားနဲ့ရုန်းထွက်သွားလဲဆိုတာကို ရေးသားထားပါတယ်။ ရသဝတ္ထုတွေရှားပါးလာပြီဖြစ်တဲ့ မြန်မာစာပေလောကထဲမှာ တန်ဖိုးထားဖတ်ရှုသင့်တဲ့ မြန်မာဝတ္ထုစစ်စစ်လေးတစ်ပုဒ်ဖြစ်ပါတယ်။
ကိုယ်က အိမ်ထောင်ရေးကံကောင်းနေသည်ဖြစ်စေ၊ ဆိုးနေသည်ဖြစ်စေ ကိုယ့်သားသမီးတွေလိမ္မာရင်လိမ္မာသလို၊ ဆိုးရင်ဆိုးသလို လက်ညှိုးထိုးဖို့ကိုပဲ အရင်ဆုံးဖြတ်ကြတဲ့ ပတ်ဝန်းကျင်ဆိုတဲ့အရာထဲမှာ ရှင်သန်ရပ်တည်နေဖို့ အမျိုးသမီးလေးတွေဟာ ဘေးမှာ အမျိုးသားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ဖို့လိုအပ်ပါတယ်။ ဒီအတွက်လည်း စာအုပ်လေးတွေဆိုတာ တည်ရှိနေတာဖြစ်ပါတယ်။ အမြဲအနာဘက်ကပဲ ဖြစ်နေတဲ့ အမျိုးသမီးလေးတွေအတွက် ခွန်အားလေးတွေဆိုလည်း မမှားပါဘူး။
စာအုပ်အမည် - အတိတ်ရဲ့အခြားတစ်ဖက်မှာ
စာရေးသူ - သဲဆုမွန်
စာမျက်နှာ - 234
The Book Pushcart - စာအုပ်တွန်းလှည်းလေး
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၁၁
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
