ဒို့ယောက်ျားယူ ရင်ကွယ်...........
ဟိုတလောက ဖေစ်ဘုတ်စာမျက်နှာ တွေလျှောက်ဖတ်ကြည့်ရင်း “မိုးမိုး(အင်းလျား)”စာအုပ်တွေရယ် “ “ဂျူး”စာအုပ်တွေရယ် ဖတ်ပြီးတဲ့အခါ “ယောက်ျားယူချင်စိတ်ပျောက်သွားတယ်”ဆိုတဲ့အုပ်စုနဲ့ “ ယောက်ျားယူချင်စိတ်တော့ပျောက်မသွားဘဲ စဉ်းစားစရာတွေ တိုးလာတယ်”ဆိုတဲ့အုပ်စုနှစ်စု အပြန်အလှန် ရေးထားကြတာဖတ်ပြီး သဘောကျမိပါတယ်။
မတူသောအမြင်တွေနဲ့ရေးကြတာကိုး။ ပြီးခဲ့တဲ့သင်္ကြန်ရက်အတွင်းက အပြင်သိပ်မထွက်ဘဲစာဖတ်လိုက်ရုပ်ရှင်ကြည့်လိုက်လုပ်နေမိတဲ့အထဲမှာမဟာစာပေတိုက်ကထွက်ထားတဲ့ “သဲဆုမွန်”ရဲ့” အတိတ်ရဲ့ အခြားတစ်ဖက်မှာ”စာအုပ်လေးကိုဖတ်မိတာပြန်သတိရသွားသပေါ့။ ဒီစာအုပ်လေးရဲ့အကြောင်းအရာက လည်း အ်ိမ်ထောင်အပြုမှားတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ မြန်မာပြည်က မပြည့်စုံတဲ့ မိသားစုတွေက မိန်းကလေးတွေတို့၊တင်းကျပ်လွန်းတဲ့စည်းကမ်းအောက်မှာကြီးပြင်းရတဲ့ မိန်းကလေးတွေတို့၊ မိထွေး ပထွေး နဲ့ နေရတဲ့ မိန်းကလေးတွေတို့၊မိဘမဲ့ဖြစ်ပြီး ဆွေမျိုးအိမ်မှာကပ်နေရတဲ့ မိန်းကလေးတွေရဲ့ စိတ်မှာ ကိုယ်အားကိုးမယ်လို့ ထင်ရတဲ့သူနဲ့ အိမ်ထောင်ပြုလိုက်ခြင်းဟာ လွတ်မြောက်ခြင်းလို့ ထင်ပြီး အဲ့လိုလုပ်တတ်ကြပါတယ်။ အဲ့လိုအိမ်ထောင်ပြုကြတဲ့အခါ နှစ်ဘက်သဘောတူလို့ ကြည်ဖြူစွာလက်ထပ်ကြတဲ့သူရှိသလို၊ခိုးရာလိုက်ပြေးကြရတဲ့ သူတွေလည်းရှိပါရဲ့။ခိုးရာလိုက်ပြေးလို့သာထုံးစံမပယ်ချင်လို့ မကောင်းတတ်လို့ တောင်းရမ်းလက်ထပ်ပြီး ဧည့်ခံပွဲလုပ်ပေးကြရပေမယ့် တစ်ဘက်နဲ့တစ်ဘက် ကြည်ကြည်သာသာမရှိတာလဲရှိ။
အဖြစ်အပျက်တွေက အစုံစုံ ပြောမကုန်နိုင်အောင်ပါဘဲ။ နောက်ကျွန်တော်တို့ရဲ့အပြင်ဘ၀ထဲမှာ ယောက္ခမနဲ့ချွေးမ၊သမီးယောင်းမတွေ မတည့်ကြတာကထုံးစံကြီးတစ်ခုလိုဖြစ်နေပြန်ပါတယ်။ အိမ်မှာချွေးမရောက်လာရင် အိမ်ရဲ့ခိုင်းဖတ်လိုထားမယ်၊အိမ်စေလို အိမ်အလုပ်တွေလုပ်ရမယ် သမီးတွေနဲ့တန်းတူမထားဘူးဆိုတာ ပုံစံကျကြီးဖြစ်လို့ပေါ့။ ယောင်းမတွေကလည်း အစ်ကိုဖြစ်ဖြစ်မောင်ဖြစ်ဖြစ်ယူလာတဲ့ မိန်းမဆိုရင် တည့်ကြပြုကြတာရှားပါတယ်။ ပုကျ ပုကျိနဲ့ အုပ်စုဖွဲ့ကြ ရန်ဖြစ်ကြ အနိုင်ကျင့်ကြတာ ဘယ်ခေတ်ကတည်းကရှိလာတဲ့ ထုံးစံလည်းဆိုတာတော့ မသိတတ်နိုင်အောင်ပါဘဲ။ “သဲဆုမွန်”ရဲ့” အတိတ်ရဲ့ အခြားတစ်ဖက်မှာ” စာအုပ်ထဲမှာလည်း “မေလွင်”ဆို တဲ့ကောင်မလေးကနောက်အိမ်ထောင်ပြုလိုက်တဲ့ အမေ့ကို မကျေနပ်လို့ ပထွေးနဲ့ မနေချင်လို့ သူအားကိုးရမယ်ထင်တဲ့ “ကိုအောင်”နောက်ကိုခိုးရာလိုက်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့ဘ၀မှာ သူထင်တာတွေနဲ့ လွဲရတဲ့ အကြောင်းတွေကို အသေးစိတ်ရေးသားထားတာကို ဖတ်နေချိန်မှာ ဘာတွေဆက်ဖြစ်အုံးမလဲလို့ ရင်တမမ။ သူ့စိတ်မှာစွဲနေတဲ့ အစွဲအလန်းတစ်ခုက သူ့အဖေနဲ့အမေကွဲလို့သူ အခုလို ဘ၀ဆိုးနဲ့ကြုံရတာ။
ဒီလို လင်မယားကွဲတာ မိန်းမဖြစ်သူက သည်းမခံလို့ မထိန်းသိမ်းနိုင်လို့ဖြစ်ရတာ သူ့ အလှည့်ကျရင် ဒီလိုမဖြစ်စေရဘူးလို့ သူဆုံးဖြတ်ချက်ချထားပါတယ်။ သူဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်နိုင်ရဲ့လား ဆိုတာကိုတော့ စာအုပ်ဝယ်ဖတ်ကြည့်ရင်ပိုသိပိုပြီးအရသာရှိမယ်လို့ထင်မိပါရဲ့။ နောက်တစ်ချက်က အမေကိုချစ်တဲ့သားက ဘယ်တော့ မှ လင်ကောင်းမဖြစ်ဘူးဆိုတဲ့ သီအိုရီကလည်း ကျွန်တော့်တို့ ဓလေ့ထုံးစံလိုဖြစ်နေပြန်ပါတယ်။ မိန်းကလေးတွေမှာအိမ်ထောင်သည်ရယ်လို့ဖြစ်သွားရင် ဘ၀ဆုံးသွားသလိုပါဘဲ။ ပြန်ပြင်နိုင်ဘို့ ခဲယဉ်းတဲ့ ဘ၀ထဲမှာစုံးစုံးမြုတ်သွားတာပါဘဲ။ အဲ့ဒါတွေကြောင့် အိမ်ထောင်မပြုဘဲ တော့ မနေကြပါဘူး။
ဒီတော့လည်း ဒို့ယောက်ျားယူရင် ………….ဘယ်လို ဘယ်ညာ ဆိုတဲ့ plan လေးတော့ ချထားရင် ကောင်းလေ မလားလို့ တွေးမိပါရဲ့။ ကဲ ဆရာမ သဲဆုမွန်ရေ အဖြေလေးပေးလိုက်ပါအုံး။
ကိုပေါက်(မန္တလေး) ၅၅၂၅
Ko Pauk Mdy
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၁၁
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
