ခံစားမှုရနံ့လေး **************** အတိတ်ဆိုသောကာလသည် ဘဝမှာထင်ကျန်နေ သောခြေရာတွေ ရှိနေသည့်လမ်းမြေပါ။
ခြေရာရဲ့အဖိအဖော့အနော့အသာအလိုက် ဘဝကဏ္ဍလေးတွေမှာ ကကြိုးစုံလှသည်။ ဘဝဇာတ်ခုံမှာချော်လဲရ၊ ကုန်းထ က,ခဲ့ရ၊ကကွက်တွေအလိုက် အသောအရယ် အလွမ်းအဆို ငိုခဲ့ရှိုက်ခဲ့ရ။ ဒီလိုနှင့်မင်းသမီးလေးရဲ့ ဘဝလမ်းမှာ ပညာတွေလည်းမျိုးစုံရခဲ့။ နောင်တတွေလည်းရှိ။ပြန်ပြုပြင်မရခဲ့တဲ့အတိတ်တွေ။ ဆရာမလေးသဲဆုမွန်က "အတိတ်ရဲ့အခြားတစ်ဖက်မှာ" ဆိုတော့ ပစ္စုပ္ပန်လား၊ အနာဂတ်လား တွေးတောစဉ်းစားရင်းလှမ်းမျှော်ကြည့်ခဲ့ပါသည်။ သူ့ဇာတ်ကောင်မေလွင်ရဲ့ အတိတ်တွေက အကြောင်းကြောင့်အကျိုးဖြစ်သည်ပေါ့၊ မီးခိုးငွေ့တွေမြင်တော့မီးဖိုကိုရှာမိသည်။ မေလွင့်ဘဝက နောက်အိမ်ထောင်ပြုထားသောအမေနှင့်နေရတော့အမေ၏နောက်အိမ်ထောင်မှမွေးသောသားသမီးများကို ထိမ်းသိမ်းစောင့်ရှောက်ပေးရပြီး အမေကိုကူညီရင်း အိမ်အတွင်းမှာပဲ ဘဝကိုအမြှုပ်နှံခံနေခဲ့ရသဖြင့် ဘွဲ့ရအောင်သာပညာသင်ခဲ့ရသောလည်း လူမှုရေးရာဗဟုသုတအသိဥာဏ်မရှိခဲ့ပါ၊
ဒါကြောင့်သာပဲငယ်ရွယ်စဉ်အိမ်ထောင်ပြုမှားခဲ့သည်။ အသုံးမကျသော အမေချစ်သားကိုယူမိခဲ့၍ စရိုက်ဆန်သော မိသားစုအဝန်းအဝိုင်းထဲရောက်ရှိခဲ့ပြီးဆင်းရဲခြင်းရောက်ခဲ့ရသည်။ နောက်ဆုံးမေလွင်၏ ဇာတ်လမ်းဘယ်လိုအဆုံးသပ်မလဲ။ ဇာတ်ကိုမျှောချမလား၊ဖေါက်ထွက်မလား ။ဒါကတော့ဆရာမလေးရဲ့ဇာတ်ကိုကိုင်တွယ်မှုပေါ်မှာ မူတည်သည်။ ကျမရေးပြချင်တာကတော့ ဆရာမလေးရဲ့အရေးအသား ဒဿနလေးတွေပါ။ * တခါတရံမှာ ရောက်လိုသည့်နေရာကိုသွားဖို့ မဖြစ်မနေ ဖြတ်သန်းသွားရမည့်လမ်းတွေရှိ၏ ။ထိုလမ်းတို့သည် ချောမွေ့ချင်မှသာ ချောမွေ့လိမ့်မည်။အချိန်ကြာကောင်းကြာပါလိမ့်မည်။ သို့သော်လမ်းမှန်ဖို့သာ လိုပါ၏။ * လွတ်မြောက်ရာမရှိသော မိန်းမအများစုကို ကြည့်လိုက်လျှင် သူတို့ေနာက်ေကျာမှ လက်များမှာ မိန်းမသားအချင်းချင်း၏ လက်ကပိုများလေ၏။ တွန်းသည့်လက်ထက် ဆွဲသည့်လက်သာ ဖြစ်ခွင့်ရချင်ပါသည်။ * မေတ္တာယောင်ဆောင်ထားသော လှောင်ချိုင့်များကိုပို၍ကြောက်သည်။ အမြင့်ဆုံးရောက်စေချင်သည် ဟုပြောသောသူများကပင် အတောင်များကို ရိုက်ချိုးပြီးသားဖြစ်လေ၏။ *. သွားပုပ်လေလွင့်ဆိုတာ သူများကိုအပုပ်ချချင်စိတ်နဲ့ ထွက်သမျှစကားတွေဟာနံနေတာ။ ကိုယ့်ပါးစပ်ကိုအမှိုက်ပုံး ဖြစ်အောင်မဖန်တီးကြနဲ့။ * အချစ်သည် ယုံကြည်အားကိုးစိတ်ဖြင့်သာ တောက်ပတတ်သော အရာမဟုတ်ပါလား။
*. သူ့အမေရဲ့ထိရောက်တဲ့စကား " ငါကတော့ပုံစံခွက်ထဲလုံးချေထည့်ခံရတဲ့ အိမ်ထောင်ေရးမျိုးကို သည်းခံပြီး ထိမ်းသိမ်းစရာမလိုဘူးလို့ထင်တယ်။အဲဒီအိမ်ထောင်ရေးမျိုးက မိသားစုဘဝကို တည်ဆောက်နေတာမှုတ်ဘူး ။မိန်းမတစ်ယောက်ရဲ့ဘဝကိုအညွန့်ချိုးနေတာ" ။ *. မုန်းတီးနာကျင်စိတ်ကြောင့် မဖြစ်ချင်ပါဘူးလို့ စွဲနေတဲ့စိတ်အစွဲတွေ ဟာလည်း ကိုယ့်ဆီမှာပဲ တန်ပြန်သက်ရောက်လေ့ရှိတယ်။ *. တံခါးဆိုတာ အကာကွယ်ပေးနိုင်မှ လုံခြုံတာ။ တချို့တံခါးတွေရဲ့တည်ရှိမှုက ကိုယ့်ကိုလုံခြုံမှု ပေးဖို့မဟုတ်ဘဲ ကိုယ့်ကိုချောင်ပိတ်ပြီး ချုပ်နှောင်ထားတာလည်း ဖြစ်တတ်တယ်။ *. အဖုံးပေါ်က စာသားလေးကိုတော့အကြိုက်ဆုံးပါ။ "တံခါးမရှိသော အိမ်ကလေးများသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် အသက်ရှူချောင်ပါလိမ့်မည်။" "အချိန်ကာလတစ်ခုကို ဖြတ်ကျော်ပြီးသည့်အခါ ကြွေခဲ့ဖူးသော အရွက်တို့သည်လည်း ပြန်ဝေနိုင်ပါ၏"။ ဒီစာသားဒဿနလေးတွေ ဖတ်မိသည့်အခါ ဆရာမလေးကဇာတ်လမ်းကိုဘယ်လိုအဆုံးသပ်မလဲဆိုတာရိပ်မိနိုင်ပါသည်။ အိမ်ထောင်ရေး ဇာတ်လမ်းကို နာကျင်စွာထိထိမိ မိရေးသွားခဲ့သဖြင့် ဖတ်နေရင်းမှာပင် မေလွင်ကို သနားမိသော်လည်း သူ့နေရာမှာငါသာဆို ဆိုသည့်အတွေးတွေက ပြေးလွှားနေမိခဲ့၍ ဆရာမလေးက ဇာတ်ကိုဆွဲခေါ်နိုင်စွမ်းရှိပါ၏။ ဘယ်လောက်ပဲ မိခင်၏အိမ်ထောင်ဖြိုခွဲမှု၊နောက်အိမ်ထောင်ပြုမှုကို အထင်သေးအထင်လွဲခဲ့ပါစေ၊ မိခင်၏ဇာတ်ရုပ် ကိုဖေါ်ရင်းမှာပင် မိခင်ရဲ့စိတ်စေတနာ မေလွင့်ပေါ်မှာ အကာကွယ်ပေးတာ၊နည်းပေးလမ်းပြ ပြောဆိုဆုံးမတာတွေကို ပြသွားနိုင်ရုံမက နောက်ဆုံးေမလွင်ဒုက္ခရောက်လာသည့်အချိန်မှာ လက်ခံကယ်တင်ပေးတာကို ပါမြင်ရသဖြင့် မိခင်ပီသမှုကို နားလည်သွားသည်။ ဆရာမလေးသဲဆုမွန်က အတိတ်ကိုရေးပြ သော်လည်း ရပ်မထားခဲ့ပေ။
အတိတ်ရဲ့အခြားတစ်ဖက် ပစ္စုပ္ပန်မှာ တွေးတောသုံးသပ်ပြီး အနာဂတ်လမ်း ဘဝတစ်ခု ကိုပုံဖေါ်ဖို့ အတွက်ဟု နားလည်လိုက်သည်။ ထွက်ပေါက်ထားခဲ့သည်။ ဝတ္ထုနှင့်ပတ်သက်၍ ရေးပြစရာ ခံစားမှုရနံ့လေးတွေများစွာရှိပါေသးသည်။ ကျွန်မကိုယ်တိုင်နေမကောင်း၍ စာသိပ်မရိုက်နိုင်သဖြင့် ဒီလောက်ပဲရနုံ့ပေးပါရစေ။ ဆရာမသဲဆုမွန်ရဲ့ ဆက်လက် ထွက်ရှိမည့် စာအုပ်များကိုလည်း မျှော်လင့်နေပါရစေ။ အောင်မြင်မှုပန်းတွေ ဆက်ပန်ဆင်နိုင်ပါစေ။
စာပေသစ္စာဖြင့်.. ✍️ တက္ကသိုလ်အေးမြစန္ဒာ✍️
Aye Mya Sandar
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၁၂
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
