-မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ-
မြစ်ကျိုးအင်း
အကြိမ်အကြိမ် ရိုက်နှိပ် ထုတ်ဝေနေပေမဲ့ ကျွန်တော် သတိမထားမိခဲ့။ ကျွန်တော်ရဲ့ပေါ့လျော့မှုပေါ့။ YouTube_ ကနေတော့ ကမ္ဘာပျက်ခြင်း၊ ရင်လွဲအိမ်၊ အပြန်၊ မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ၊ စတဲ့ ဝတ္ထုတိုတွေကို ဖတ်ထားဖြစ်ခဲ့တာပါ။ ဒီစာအုပ်လေးကို ဆရာမတစ်ယောက် လက်ဆောင်အဖြစ် ဝယ်ပေးလို့ ဖတ်ကြည့်တဲ့အခါ ဝတ္ထုတိုပေါင်း ၁၈_ပုဒ်ပါပါတယ်။ အဲဒီဝတ္ထုတိုလေးတွေလည်း ပြန်ပါလာတယ်။ ဆရာမြစ်ကျိုးအင်းဟာ စာရေးကောင်းသူတစ်ယောက် စာဖတ်သူကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်ပြီး ဖြစ်လေ့ဖြစ်ထ ဖြစ်စဉ်တွေ သာမန်အသေးအမွှားလေးတွေကို အရသာရှိအောင် ရေးပြတတ်တယ်။
မျှော်လင့်ခြင်းကို မျှားတဲ့ ညနေငါးကိုမျှားတာထက် မျှော်လင့်ခြင်းကို မျှားလာတဲ့ ညနေဆိုတာကို နောက်တစ်ခေါက်ပြန်ဖတ်ရတော့ သဘောပေါက်လာတယ်။
အပြန်အပြန်ကျတော့ ရင်နာနာနဲ့ မချိတင်ကဲ ဖြစ်မိတယ်။ ဘာကိုမကျေနပ်လို မကျေနပ်ရမှန်း မသိဘူး။ မကျေနပ်စရာတွေက အများသား။ ခိုငှက်လေးတွေတော့ သနားစရာပါ။ ခိုငှက်နဲ့တူတဲ့ အိမ်ဝေး၊ ဇနီးသားသမီးနဲ့အဝေး မြန်မာ လုပ်သားလေးတွေ အပေါ်လည်း စာနာမိပါရဲ့။
အကြွေပန်းက မှောင်ရိပ်ထဲဝတ္ထုတိုမှာ ဘယ်ခေတ်ဘယ်ကာလပဲ ဖြစ်ဖြစ် အကြွေပန်းတွေက မှောင်ရိပ်ထဲ။ စားနေကျကြောင်ဖားကတော့ လူပေါ်လူဇော်လုပ်နေမြဲ။ အဲဒါမျိုးကို အကောင်းထင်နေမယ့်သူတွေကလည်း ဒုနဲ့ဒေး။ အပြစ်ရှိတဲ့ သူတွေကကျ အပြစ်ဒဏ် မသင့်ဘဲ အပြစ်မဲ့သူတွေကျ အပြစ်သားတွေ ဖြစ်နေရတယ်။ တွေးကြည့်ပြီး ရင်နာလိုက်တာ။ ပြီးတော့ ဆရာမြစ်ကျိုးအင်းရဲ့ ရှုထောင့်ယူပုံ သေသပ်လှပတယ်လို့ ထင်မိတယ်။ စဖတ်လိုက်တာနဲ့ ဆက်ဖတ်ချင်သွားတယ်။
ဥာဏ်များတဲ့ ဘကြီးမြစ်ဆိုတဲ့ အပုဒ်မှာ ကျွန်တော် မပြုံးဘဲ မနေနိုင်ဘူး။ ရင်နာစရာ၊ ငိုစရာ၊ လွမ်းစရာတွေကြား ပျော်စရာလေး ထည့်လိုက်တော့ အချိုပေါ် ကြံသကာဆင့်သလိုပါပဲ။
မလက်နိုင်တဲ့ကြွေ မခုန်နိုင်တဲ့ကြက်ဝတ္ထုတိုမှာ ဆရာမြစ်ကျိုးအင်းကို မေးချင်တာလေတစ်ခုရှိတယ်။ မလက်နိုင်တဲ့ကြွေ မခုန်နိုင်တဲ့ကြက် ဝတ္ထုတိုမှာ စစ်စီးတောရွာက သေနတ်နဲ့ သပြေတန်းရွာက မေတ္တာနဲ့ အပြိုင်ခွပ်တာ ဘာလို့ မေတ္တာကို အနိုင်မပေးရတာလဲဗျာ။ နိယာမသဘောတရားအရ သေနတ်က မေတ္တာကို နိုင်နေပေမဲ့ မေတ္တာက အရောင်မှိန်နေတာတော့ လက််မခံချင်လည်း လက်ခံရမှာပါ။ ဒါပေမဲ့ ကြွေတစ်လက် ကြက်လည်း တစ်လှည့်ခုန်လာနိုင်မယ်လို့ ထင်မိပါတယ်။
နှလုံးသားရှိတဲ့အရပ်ကျွန်တော်အရွယ်ရောက်လာချိန် သီချင်းနားထောင်တတ်လာစဥ်က မှတ်မှတ်ရရ ဘေးအိမ်မှ ဖွင့်သည့် ရဲသွင်၏ နှင်းဆီလှိုင်းများ သီချင်းကို လိုက်ဆိုမိတော့ ကျွန်တော်နှင့်ရွယ်တူ အိမ်ရှင်ကောင်လေးက မနာလိုစိတ်ဖြင့် ကက်ဆက်ကို ပိတ်ပစ်ခဲ့သည်။ ထိုစဥ်တုန်းက ကိုကို ကျွန်တော့်ကို ကြည့်ပြီး မျက်ရည်ဝဲကာ စျေးသို့ ချက်ချင်းပြေး၍ ရဲသွင် သီချင်းစာအုပ် ဝယ်ပေးခဲ့သလို ကျွန်တော်နဲ့အတူ စာအုပ်ကြည့်ပြီး သီချင်းတွေ အော်ဆိုပေးခဲ့တာ သတိရသွားမိသည်။
ကျွန်တော် မူလတန်းကျောင်းသားဘဝက မနက်ကိုးနာရီ မုန့်စားဆင်းချိန်တိုင်း ကျောင်းနားက ဗာဒံပင်ကြီးအောက်တွင် ကော်ဖီခွက်လေးနှင့် မုန့်တစ်ခုကိုင်ကာ နေပူပူမိုးရွာရွာ ကိုကိုစောင့်ကျွေးခဲ့သည့် မြင်ကွင်းက မရည်ရွယ်ဘဲ ကျွန်တော့်မျက်လုံးထဲ ထင်းထင်းကြီး ပြန်ပေါ်လာသည်။....
ဒီဝတ္ထုလေး ဖတ်ပြီး အရမ်းခံစားရတယ်။ မျက်ရည်လည်း ကျမိတယ်။ စိတ်ထဲပေါ်လာတာတွေ ရေးချင်လာတယ်။ ရေးခွင့်ပြုပါ။ ကျွန်တော့်မှာက အစ်ကို မရှိပေမဲ့ အစ်မနဲ့ ညီလေးရှိတယ်။ အစ်မနဲ့ ဖုန်းပြောနေရင် စိတ်မပါတတ်တာမျိုး အချိန်မပေးချင်တာမျိုး တစ်ခါတလေ လုပ်တတ်တယ်။ အိမ်ကမိသားစုရဲ့ ကိစ္စတွေဆို အလေးမထားတာမျိုးပေါ့။ ဒါပေမဲ့ ညီလေးအပေါ်ကျ ငယ်ငယ်လေးထဲက ဂရုစိုက်ခဲ့တာ။ ညီလေးနဲ့က ၈_နှစ်လောက်ကွာတယ်။ ညီလေး မူကြိုတက်တုန်းက ကျွန်တော်က အဋ္ဌမတန်းတက်နေပြီ။ မူကြို အပို့အကြိုတာဝန်ကို ကျွန်တော်ပဲ ယူခဲ့တာ။ အဖေနဲ့အစ်မက အလုပ်သွား။ အမေက အိမ်ရဲ့ ဝေရာဝစ္စလုပ်ပေါ့။ တစ်ရက်ကျ မိုးတွေ သဲသဲမဲမဲ ရွာတဲ့နေ့ကြီး ညီအစ်ကိုနှစ်ယောက် မူကြိုက အပြန်လမ်းမှာ လမ်းပေါ်မှာ လိပ်ကလေးတစ်ကောင် တက်လာလို့ လိုက်ဖမ်းကြတာ။ ညီလေးရော ကျွန်တော်ရော မဖမ်းတတ် ဖမ်းတတ်နဲ့ လိုက်ဖမ်းတာ လိပ်ကလေးကို မိတယ်။ တစ်ကိုယ်လုံးတော့ ပေကျံနေတာပဲ။ အိမ်ရောက်တော့ အမေက မေးမေးပြီး ကျွန်တော့်ကို ဆော်တော့တာပဲ။ "နင်... ကြီးကောင်ကြီးမှားနဲ့ ဒီလောက်ဆော့ရသလား။ ဘာညာနဲ့ပေါ့"
ကျွန်တော်က ပိုနာတာပေါ့ဗျာ။ အကြီးကိုဗျ။ ဘာမှမဖြစ်ပါဘူး နာပါစေ။ ညီလေးမနာရင်ပြီးရောဆိုပြီး ကျွန်တော်ချည်းအရိုက်ခံခဲ့တယ်။ ခြေသလုံးတွေ လက်မောင်းတွေမှာ အရှိုးအရာတွေချည်းပဲ။ လိပ်ကလေးကိုတော့ အုပ်ကန်တစ်ကန်ထဲ ဖွက်ထားတာ။ ညီလေးက လွတ်မပေးချင်ဘူး။ ကျွန်တော်လည်း သူနားလည်အောင်မပြောပြတတ်ဘူး။ အဲ့ဒါနဲ့ ကျွန်တော်တို့လိပ်ကလေးတစ်ကောင်မိလာတာကို ဦးသာထွန်းခိုင်ကို ပြောပြလိုက်တယ်။ ဦးသာထွန်းခိုင်က သိပြီး ရောက်လာတယ်။ ညီလေးကိုလည်း နားဝင်အောင်ပြောတယ်။
"လိပ်ကလေးကို မလှောင်ထားရဘူးလေ သားရဲ့ လိပ်ကလေးကို သားက အခုလို လှောင်ထားတော့ သူ့မှာလည်း လိပ်မေမေ၊ လိပ်ဖေဖေတွေ ရှိမှာပေါ့။ ပြီးတော့ သားရဲ့အစ်ကိုလို လိပ်ကိုကိုလည်း ရှိမှာပေါ့ သားရဲ့။ သူများမိသားစုကို ခွဲမထားကောင်းပါဘူးကွာ။ နော် ပြန်လွတ်ပေးလိုက်ပါ သားကလိမ္မာပါတယ်"
ဦးသာထွန်းခိုင်ရဲ့ စကားဆုံးတာနဲ့ ညီလေးက ငြိမ်ကျသွားတယ်။ တုတ်တုတ်မျှမလှုပ်တော့။ ပြီးတော့ ကျွန်တော်တို့ မထင်မှတ်ထားတာကို ညီလေးက လုပ်လိုက်တယ်။ ကျွန်တော့်ရင်ခွင်ထဲ အတင်းတိုးဝင်လာပြီး ငိုကြီးချက်မနဲ့ ပြောတော့တာပဲ။ ကျွန်တော့်အင်္ကျီလည်း ညီလေး မျက်ရည်တွေ ရွှဲလို့။ ပထမတော့ သူဘာပြောနေလဲ ကောင်းကောင်း နားမလည်ဘူး။ အဲဒီစကားကိုပဲ ထပ်ခါတလဲလဲပြောနေတယ်။
"သား... ဖေဖေတို့ မေမေတို့နဲ့လည်း မခွဲနိုင်ဘူး။ ကိုကိုနဲ့ဆို ပိုမခွဲနိုင်ဘူး။ လိပ်ကလေးကို သူ့မိသားစုဆီ ပြန်ပို့ပေးပါမယ် အီး ဟီး... ဟီး" ရှိုက်ကြီးတငင်ကို ငိုနေတော့တာပဲ။ ဦးသာထွန်းခိုင်နဲ့ကျွန်တော်ကလည်း ညီလေးကို အရမ်း သနားသွားတယ်။ အဲဒီနေ့ ချက်ချင်းပဲ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်နဲ့ ဦးသာထွန်းခိုင်ရယ် ကျုံးဘေးသွားပြီး လိပ်ကလေးကို လွတ်ပေးလိုက်တယ်။ ညီလေး စိတ်လက်ပေါ့ပါးပြီး အရမ်းပျော်နေရှာတယ်။ အပြန်ကျ ဦးသာထွန်းခိုင်က ဝက်သားတုတ်ထိုးဝယ်ကျွေးလို့ စားလိုက်ရသေးတယ်။

