#သဲဆုမွန် #
အတိတ်ရဲ့အခြားတစ်ဖက်မှာ ပထမဆုံး စဖတ်လိုက်တဲ့အချိန်မှာ အော် လာပြန်ပြီပေါ့။ ခေတ်အဆက်ဆက် စာရေးသူတွေရဲ့ ဖန်တီးမှုဖြစ်တဲ့ အိမ်ထောင်ရေး ဇာတ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားနောက် လိုက်ပြေးတဲ့ မိန်းမငယ်လေး။ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကလည်း နောက်ခံတူ ဝတ္ထုတစ်ပုဒ်ကို ဖတ်ခဲ့ဖူးပါတယ်။ အဲဒီတော့ စာရေးသူတစ်ယောက်ဟာ တူညီတဲ့ သတ်ကွင်းကို ဝင်ရရင် အဲဒီနယ်ပယ်ကို သူ့အပိုင်ဖြစ်အောင် ဘယ်လို လုပ်မလဲ။ အဲဒါကို ကျွန်တော် စိတ်ဝင်စားတာရယ် အစ်မစာအုပ်မို့ ငါ ဖတ်ရမယ် ဆိုတဲ့ ပုဂ္ဂိုလ်ခင်လို့ တရားမင်မှုနဲ့ရယ် ကျွန်တော် ဖတ်ခဲ့ပါတယ်။
ပင်ကိုယ်ရေးဆိုတာကလည်း သူများရေးတာကို reference ယူလို့လည်း မရ ကျမ်းကိုးတွေကို ယူလို့လည်း မရတဲ့အခါ။ ကျွန်တော်တို့ရေးတဲ့အခါ နောက်တစ်ခုက သူများတကာဟာကို ပြန်လည်reference ယူဖို့နေနေသာသာ တူသွားရင် ဆဲခံရမယ့်အပေါက်။ အဲဒီအထဲမှာ ရေးသူ များကြတဲ့ အိမ်ထောင်ရေးမသာယာမှုတွေကို ရေးတော့မယ် ဆိုတာ "သိနေခြင်း" မှာကို "သိလိုခြင်း"တွေ ပါလာအောင် ရေးနိုင်တာ အစ်မရဲ့ခံစားအားထုတ်မှုပါပဲ။ လူတိုင်းဝင်နေကျ သတ်ကွင်းကို ခေါ်ပြီး ကိုယ့်အပိုင်ဓားနဲ့ ပြန်ထိုးတာမျိုးပေါ့လေ။ အဲဒီတော့ ဝတ္ထု သုံးပုံ နှစ်ပုံကို ဘယ်လို ကုန်သွားလဲ မသိခဲ့ဘူး။ ဖတ်ရတာ မအီဘူး။ မအိုင်ဘူး။ ( classicသမား တချို့အတွက်တော့ နည်းနည်းခါတယ် ခံစားရနိုင်။ ) နောက်ခံတူမှာ ကာလာကွဲတယ်။ အသံတွေကွဲတယ်။ စကားလုံးတွေကွဲတယ်။ နောက်တစ်ခုက အပြတွေမှာ ထင်မထားတဲ့ အပြလေးတွေဟာ ရုတ်တရက် ဝင်ဝင်ဆောင့်သလို ခံစားရတယ်။ ၅၀တန် ကော်ဖီမစ်၊ ၃၀တန် ခေါင်းလျှော်ရည်။ ထမင်းအစား ပေါင်မုန့်တစ်လုံးကို ရေနဲ့မျှောချရတာတွေ။ ဘာမှ မဟုတ်တဲ့ အာချီမိတ်ကပ်တစ်ကော်စာလေးကြောင့် အပြောခံရတာတွေ၊ အဲဒီအပြလေးတွေက ဇာတ်ကို လှပ်ခနဲ လှစ်ဟသွားတယ်။ ဘဝကို ဒါပါလား လို့ ဘဝထဲက ဘဝတွေကို ဟပြတယ်။
အိမ်ထောင်ရေးအပြင် အမေကို စိတ်နာတဲ့သမီးနဲ့ သမီးကို စိတ်မနာပေမဲ့ စိတ်မာတဲ့ အမေ အကြောင်း parenting အလွဲအမှားရယ်၊ မိခင်မေတ္တာရယ်ကို ဟိုဘက်ဒီဘက် မျှအောင် ကစားပြသွားတယ်။ မေလွင် ကလေးမီးဖွားခါနီး ခက်ခဲနေချိန်မှာ " သမီးဆီမှာ မနောကံ အပြစ်တွေ ရှိခဲ့ရင် ကျွန်မ ခွင့်လွှတ်ပါတယ်။ သမီးမှာ တားဆီး ပိတ်ဆို့နေတဲ့ ကံတွေ အကုန်ပွင့်ပါစေ " ဆိုတဲ့ မေလွင့်အမေရဲ့ ဆုတောင်းစကားမှာ ဖတ်ပြီး မျက်ရည်လည်တဲ့အထိ ခံစားရတယ်။ ကိုယ့်သားသမီးမှ သားသမီး၊ ကိုယ့်ကိစ္စ ကိုယ့်အသိုင်းအဝိုင်းမှ မဟုတ်ရင် တခြားမိန်းမတွေကို ဆွဲချချင်တတ်တဲ့အကြောင်းကို "မိန်းမတွေဟာလေ တစ်ယောက်ဘဝကို တစ်ယောက်က ဖျက်ဆီးနေကြတာနော်" တဲ့။ " ဘယ်တတ်နိုင်မလဲ။ ရမှတော့ မွေးရမှာပေါ့" ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ ကလေးရှိလာမှုအပေါ် မပျော်ပြနိုင်တဲ့ အရှိတရားများ။ "အိမ်ထောင်ရှိမှန်း သိရင်တောင် ညီမ အမှားမဟုတ်ပါဘူး။ ပတ်သက်မှုတိုင်းမှာ မိန်းကလေးက စပြီး တက်ခွလို့မှ မရတာလေ" ဆိုတဲ့ မေလွင့်ရဲ့ စကား။ "ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ရိုးရိုးတည်းခိုခန်းခတောင် အကုန်မခံနိုင်ဘဲ ချုံပုတ်ထဲ ဆွဲသွင်းမယ့် ယောက်ျားမျိုးတွေကို လက်မခံနဲ့။ " စတဲ့ ဒိုင်ယာလော့ခ်တွေကလည်း ဇာတ်ကို ထပ်ပြီး ပင့်သက်ရှိုက်စေတယ်။
နောက်တစ်ခုက ဇာတ်ကောင်ဟာ ဆရာမလေး ဖြစ်ဖို့ ကြိုးစားတဲ့ အိပ်မက်လေးမှာ ဇာတ်က ချိုးချသွားမလား ထင်ပေမဲ့ မချိုးသွားဘူး။ လောကမှာ အိပ်မက်တွေဟာ ခက်ခဲတတ်ကြောင်း သိနေတဲ့ ကျွန်တော့အတွက် ဆရာမအိပ်မက်လေး ကျကွဲခဲ့ရတာကို နားလည် စာနာတယ်။ ရည်းစားထားဖူးတယ် အိမ်ကလည်း သိတဲ့သူက အေးဆေးပေါ့ပါးပြီး ယောက်ျားလိုချင်နေလားလို့ ဆူပူမာန်မဲ ထိန်းချုပ်ခံခဲ့ရတဲ့သူက ဒုက္ခမျိုးစုံ ကြုံခဲ့ရတာ ဘာကြောင့်များ ဖြစ်မလဲ။ classic တအား မဆန်လို့ မကြိုက်ချင်တဲ့သူရယ် (ဒါတောင် အစ်မက classic နဲ့ ခေတ်ပေါ်ကို ကြားချ ရေးထားတာပါ။ ) အိမ်ထောင်ရေးမို့ မဖတ်ချင်တဲ့ သူရယ်ကလွဲရင် ဖတ်တဲ့အခါမှာ တစ်ခုခု ရင်ထဲ ထင်ကျန်စေနိုင်မယ့် ဝတ္ထုပါပဲ။ ရေးပေးတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်။
Khoon Nyo Thway
တင်ထားသည့်ရက် ၃/၅/၂၀၂၆ • ကြည့်ရှုမှု ၁၀
အတိတ်ရဲ့ အခြားတစ်ဖက်မှာ

စာဖတ်သူမှတ်ချက်များ
ဤစာညွှန်းအပေါ် သင့်အမြင်ကို မျှဝေပါ။
0 မှတ်ချက်
မှတ်ချက်မရှိသေးပါ
ဤစာညွှန်းတွင် ပထမဆုံးမှတ်ချက်ရေးသူ ဖြစ်လိုက်ပါ။
