သည်းထိတ်ရင်ဖိုဘုရင်လို့ ခေါ်ကြတဲ့ စာရေးဆရာကြီး Stephen King ရဲ့ The Mist ဟာ Horror နဲ့ Psychological Thriller ပရိသတ်တွေကြားမှာ ခေတ်အဆက်ဆက် ရေပန်းစားခဲ့တဲ့ လက်ရာတစ်ခုပါပဲ။ အခုဇာတ်လမ်းဟာ သူ့ရဲ့ကိုယ်တွေ့ကိုအခြေခံပြီး ရေးသားထားတယ်လို့ ဆိုပါတယ်။
ဇာတ်လမ်းအစကို မိန်းပြည်နယ်က မြို့ငယ်လေးတစ်ခုမှာ ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ထူထပ်လွန်းတဲ့ အဖြူရောင်မြူခိုးတွေ လွှမ်းမိုးသွားခဲ့တာနဲ့ ဖွင့်လိုက်တယ်။ ဒီမြူထုကြီးဟာ ရိုးရိုးသဘာဝမြူ မဟုတ်ဘဲ မြို့တစ်မြို့လုံးကို ခဏချင်းအတွင်းမှာပဲ ပိန်းပိတ်အောင် လွှမ်းမိုးခဲ့တာ။
အဲဒီနောက်မှာတော့ တစ်မြို့လုံးရဲ့ ပုံမှန်အေးချမ်းမှုတွေ ပျက်စီးသွားပြီး မြူတွေထဲမှာ သတ္တဝါဆန်းကြီးတွေ ပါဝင်လာတယ်။ အဲဒီမှာ သွေးပျက်စရာ ဇာတ်လမ်းကြီး စတင်လာတော့တာပါပဲ။ စူပါမားကတ်တစ်ခုထဲမှာ ပိတ်မိနေကြတဲ့ မြို့ခံလူစုရဲ့ လွတ်မြောက်ဖို့ ရုန်းကန်မှုတွေနောက်မှာ လိုက်ပါစီးမျောရင်း စာဖတ်သူကိုယ်တိုင် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဇာတ်လမ်းထဲ ရောက်သွားပါလိမ့်မယ်။
ဒီဇာတ်လမ်းမှာ လူသားတို့ရဲ့ စိတ်အမှောင်ခြမ်းနဲ့ အတ္တတွေကိုလည်း ပြသွားတာက အင်မတန်မှ စိတ်ဝင်စားဖွယ်ရာပါ။ အပြင်ဘက်က သတ္တဝါဆန်းတွေထက် စူပါမားကတ် အဆောက်အအုံအတွင်း ပိတ်မိနေကြတဲ့ လူတွေရဲ့ စိတ်ဓာတ်ကျဆင်းမှုနဲ့ ကြောက်ရွံ့မှုတွေကို ပေါ်လွင်အောင် ရေးဖွဲ့ထားတယ်။ လူတွေဟာ ကြောက်ရွံမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့လာတာ၊ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှု လွန်ကဲလာတာ၊ နောက်ဆုံးမှာ မိမိကိုယ်တိုင် ဘယ်လောက်အထိ ရိုင်းစိုင်းပြီး ကြောက်စရာကောင်းသွားနိုင်သလဲ ဆိုတာကို ‘မြူ’ မှာ ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ။
The Mist ကို Stephen King ရဲ့ စာအုပ်များ ပြန်ဆိုခဲ့တဲ့ ဆရာလင်းခန့်မှ ညက်ညောစွာ ဘာသာပြန်ရေးဖွဲ့ထားပါတယ်။ 'မြူ' ဟာ အစကနေ အဆုံးထိ စာဖတ်သူကို ရင်တမမနဲ့ ဆွဲခေါ်သွားမှာပါ။ စာဖတ်သူကိုယ်တိုင် အခန်းကျဉ်းတစ်ခုထဲ ရောက်ရှိသွားသလို ပီပြင်တဲ့ ခံစားချက် အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ သဘာဝလွန် အဖြစ်အပျက်တွေ၊ ထိတ်လန့်ချောက်ချားဖွယ် ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီစာအုပ်ဟာ စာအုပ်စင်မှာ မဖြစ်မနေ ရှိရမဲ့ လက်ရာတစ်ခုပါပဲ။





