စူးစမ်းလေ့လာသောကြောင့် အသိတရား ဖြစ်ပေါ်လာရသည်။ ထိုတရား၏အကြောင်းရင်းကို ပြန်လည်သုံးသပ်မိသောကြောင့် ပညာဖြစ်ပေါ်လာရသည်။ #အောင်သင်းဒီနေ့ခေတ်မှာ လူငယ်တွေဟာ ဗဟုသုတတွေ၊ အချက်အလက်တွေကြားထဲမှာ နစ်မွန်းနေကြပေမဲ့ တကယ့်အသိပညာက ဘာလဲဆိုတာကို ဝေခွဲရခက်နေတတ်ကြပါတယ်။ စာမေးပွဲအောင်ဖို့၊ လက်မှတ်ရဖို့၊ အလုပ်အကိုင်ရဖို့၊ စတာတွေ အားသွန်ခွန်စိုက် ကြိုးစားနေရင်းနဲ့ ကိုယ့်ဘဝကို ဘယ်လိုပုံဖော်ရမလဲဆိုတဲ့အပိုင်းမှာ လိုအပ်ချက်တွေ ရှိလာတာပါ။ ဒီလိုမျိုး ခေတ်ရေစီးကြောင်းထဲ လမ်းပျောက်မသွားဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် ဆရာအောင်သင်းရဲ့ ‘လူငယ်နှင့် အသိပညာ’ ဆိုတဲ့ စာအုပ်ဟာ လမ်းပြမီးအိမ်တစ်ခု ဖြစ်ပါလိမ့်မယ်။ဆရာအောင်သင်းက ဒီစာအုပ်ထဲမှာ ‘ပညာ’ဆိုတဲ့အဓိပ္ပာယ်ကို သာမန်ရှုမြင်ပုံထက် ပိုပြီး လေးလေးနက်နက် ဖွင့်ဆိုထားပါတယ်။ စာအုပ်စာပေတွေ အလွတ်ကျက်မှတ်ရုံ၊ ဘွဲ့လက်မှတ်တွေ ရရုံသက်သက်ကို ပညာလို့ မခေါ်ဘဲ အမှားအမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်တဲ့ ‘အမြင်’ ရှိလာတာကိုမှ စစ်မှန်တဲ့ အသိပညာလို့ ထောက်ပြထားတာပါ။ လူငယ်တစ်ယောက်ရဲ့ ရင်ထဲမှာ မေးခွန်းထုတ်တတ်တဲ့ စိတ်ဓာတ်နဲ့ အမှန်တရားကို ရှာဖွေချင်တဲ့ ဆန္ဒတွေ ကိန်းအောင်းနေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဒီစာအုပ်မှာ တင်ပြထားပုံက ထိထိမိမိ ရှိလှပါတယ်။ “ပညာသင်တယ်ဆိုတာ အတွေ့အကြုံ လက်ဆင့်ကမ်းခြင်း ဖြစ်တယ်” ဆိုတဲ့ ဆရာအောင်သင်းရဲ့ စကားကလည်း တကယ့်ကို မှတ်သား နာယူစရာပါပဲ။ ဒီ စာအုပ်မှာ လူငယ်တွေကို အပေါ်ယံ အောင်မြင်မှုတွေနောက်ပဲ ဇွတ်မှိတ်မလိုက်ဘဲ ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။ သူများပြောတိုင်း ယောင်လို့လိုက်တာမျိုး မဟုတ်ဘဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်ချတတ်တဲ့ လူငယ်တွေ ဖြစ်လာစေချင်တဲ့ ဆရာ့ရဲ့ စေတနာတွေကို စာမျက်နှာတိုင်းမှာ အထင်အရှား မြင်တွေ့နိုင်ပါတယ်။ ခေတ်စနစ် ဘယ်လောက်ပဲ ပြောင်းပြောင်း လူငယ်တွေရဲ့ ရင်ထဲမှာ ရှိနေရမဲ့ မွန်မြတ်တဲ့ စိတ်နေသဘောထားတွေကို အရိုးရှင်းဆုံးနဲ့ အထိမိဆုံး နှိုးဆော်ပေးထားတာပါ။ဆရာအောင်သင်းရဲ့ လူငယ်ပညာပေး အတွေးအခေါ် ဆောင်းပါးတွေ ပုံစံအတိုင်း ဥပမာဥပမေယျတွေ၊ လောကအမြင်တွေကို ဇာတ်လမ်းလေးတွေနဲ့ ယှဉ်တွဲပြီး ရေးသားထားတာမို့ ဆွဲဆောင်မှု အပြည့်ရှိပါတယ်။ လူငယ်တွေတင်မကဘဲ လူငယ်တွေကို လမ်းပြပေးချင်တဲ့ မိဘတွေ၊ ဆရာသမားတွေပါ လေ့လာ ဖတ်ရှုသင့်တဲ့ စာအုပ်မျိုးပါ။ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပဲ ပြောင်းလဲမြန်ဆန်နေပါစေ ... လူတယောက်အဖို့ အတွင်းစိတ်ဓာတ် ဖြောင့်မတ်မှန်ကန်မှုနဲ့ အသိပညာ ပြည့်ဝမှုကသာ ဘဝရဲ့ တက်လမ်းနဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားမှာပါ။ ဆရာအောင်သင်း ရေးသားတဲ့ လူငယ်နှင့် အသိပညာ စာအုပ်ဟာ အသိ ဆိုတာ ဘာလဲ? ပညာ ဆိုတာရဲ့ တန်ဖိုးက ဘယ်လောက်ကြီးလဲ? စတဲ့ ဘဝအတွက် တကယ့်ကို တန်ဖိုးကြီးမားပြီး အနှစ်သာရ အပြည့်ရှိတဲ့ အတွေးအမြင်သစ်တွေကို ရရှိစေမဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုလိုက်ပါရစေ ...

လူငယ်နှင့် အမိုက်တရား
အောင်သင်း
Ks 5,000




