အမွေစာအုပ်ဟာ စာရေးဆရာအောင်သင်းရဲ့ စာအုပ်များထဲကမှ နာမည်ကျော်စာအုပ်တစ်အုပ်လို့ ဆိုနိုင်ပြီး ခေတ်အဆက်ဆက် လူငယ်ပြုပြင်ရေးစာအုပ်များစွာထဲမှာ ထည့်သွင်းဖော်ပြခံရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဆရာအောင်သင်းက အမွေဆိုပြီး ခေါင်းစဥ်ပေးဖြစ်ပုံအကြောင်းကနေ စတင် ပြောပြထားတာ ဖတ်ရှုရပါမယ်။ လောကကြီးမှာ ကောင်းမွေ၊ ဆိုးမွေ ဆိုပြီး ရှိကြတဲ့အခါ လူငယ်တွေအတွက် ဘယ်လိုအရာတွေ ချန်ထားမလဲဆိုတာကို စာရေးဆရာက လေ့လာ ဟောပြောထားတယ်။ ဆရာအောင်သင်းရဲ့ အမွေခေါင်းစဥ်အောက်က ဟောပြောမှုတွေကို ဖတ်ကြည့်ရတဲ့အခါ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး စာဖတ်နာသူ လူကြီးတစ်ဦးက လူငယ်များကို သိသင့်သိထိုက်တဲ့ အကြောင်းအရာများ၊ ဗဟုသုတများကို ဘေးမှလာ၍ ပြောဆို ဆုံးမ သွန်သင်နေသကဲ့သို့ပင် ခံစား နာယူရမှာ အမှန်ပဲ ဖြစ်ပါတယ်။
ဒီလို ပြောဆို ဆုံးမ သွန်သင်နေသကဲ့သို့ ဆိုတဲ့နေရာမှာလည်း ဆရာအောင်သင်းဟာ သူ့ကိုယ်သူ မပြည့်သောရေပုံးနှင့် နှိုင်းယှဥ်ပြီး မျှော်လင့်ချက် အများကြီး မထားဖို့ ပြောထားပြန်ပါတယ်။ ဒါကြောင့် အမွေစာအုပ်မှာ လူကြီးတစ်ဦးက လူငယ်များအပေါ် ငါသိ၊ ငါတတ်ဟူ၍ ဆရာလုပ်လိုသည့် သဘောမဟုတ်ဘဲ လူတိုင်းမကင်းခဲ့သော အမှားများကို လိုက်ပြီးမပြုလုပ်မိစေဖို့ စေတနာထား လက်ဆင့်ကမ်းထားခြင်းမျိုးပင် ဖြစ်ပါတယ်။
ဆရာအောင်သင်းရဲ့ အမွေစာအုပ်က ဆွေးနွေးချက်များမှာလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှတာကို ဖတ်ရှုရပါမယ်။ အထူးသဖြင့် လူငယ်တို့ရဲ့ ဘဝကိုအခြေခံတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ ဆရာအောင်သင်းရဲ့ အတွေးအခေါ်နဲ့ ဒဿနတွေဟာ ထူးခြားဆန်းသစ်လှတာကို တွေ့မြင်ရမှာ ဖြစ်ပြီး စာပေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လူငယ်နဲ့ နိုင်ငံရေးအမြင်တွေကို ဖွင့်ဆိုရှင်းလင်းထားတယ်။ ဒါကြောင့်မို့ ဆရာအောင်သင်းရဲ့ အမွေစာအုပ်ဟာ လူငယ်တို့ ဖတ်ရှုလေ့လာသင့်ပြီး လူငယ်ရှိတဲ့အိမ်တိုင်း ရှိထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။





