• ဓါးလွတ်ကိုင် ဆာမူရိုင်း၏ ကိုကာကိုလာယဉ်ကျေးမှု

    ဆရာကျော်အောင်ရေးသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် စာရေးသူ ဂျပန်နိုင်ငံတွင် စာအုပ်ထုတ်ဝေရေးသင်တန်းကို တစ်လကျော် တက်ရောက်ခဲ့စဉ်က နေ့ရက်များအကြောင်း ပြန်လည်မျှဝေထားသည့် ခရီးသွားစာပေဆောင်းပါးရှည်ကြီး ဖြစ်၏။ အာရှဒေသ ယူနက်စကိုအဖွဲ့ခွဲက နှစ်စဉ်နှစ်တိုင်း တိုကျိုတွင် ဖွင့်လှစ်သင်ကြားသော သင်တန်းဖြစ်ပြီး ဆရာကျော်အောင်သည် ၁၉၇၇ ခုနှစ်တွင် သွားရောက် လေ့လာသင်ကြားခွင့် ရခဲ့၏။ သင်တန်းကာလ ၃၃ ရက်ကြာသော ခရီးသွားအတွေ့အကြုံကို စန္ဒာမဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါးရှည်အဖြစ် ၁၉၇၉ နိုဝင်ဘာ မှ ၁၉၈၂ ဇွန်ထိ ၃၂ ဆက်တိုက်ဖော်ပြခဲ့ပြီး ၎င်းအခန်းဆက်ဆောင်းပါးကို စုစည်း၍ ယခုစာအုပ်အဖြစ် ထုတ်ဝေလိုက်ပါသည်။

    စာအုပ်၏ အဖွင့်ကို ဂျပန်နိုင်ငံသို့အသွား ပထမဆုံးနေ့ရက် ၁၉၇၇ စက်တင်ဘာလ ၂၆ ရက် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်သို့အသွား ခရီးဖြင့် စထားသည်။ ဆရာကျော်အောင်၏ ဂျပန်ခရီးစဉ်လမ်းကြောင်းသည် ရန်ကုန် – ဘန်ကောက် – မနီလာ – တိုကျို ဖြစ်သည်။ ရန်ကုန်မှ ဘန်ကောက်သို့ စတင်၍ လေယာဉ်စီးချိန်မှ စပြီး ဂျပန်နိုင်ငံ မရောက်မီ လေယာဉ်လမ်းကြောင်းတစ်လျှောက် စာရေးသူ ကြုံတွေ့ရသော အကြောင်းအရာများကို ဤဆောင်းပါးရှည်တွင် ဖတ်ရှုရပေမည်။ ဂျပန်သို့ ရောက်ရှိပြီး စတင်၍ သင်တန်းတက်သောနေ့မှစ၍ ဆရာကျော်အောင် မျှဝေသည့် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို ဖတ်ရပေမည်။ စာရေးသူသည် တစ်ပတ်လျှင် တနင်္လာမှ သောကြာထိ မနက်ကိုးနာရီမှ ညနေလေးနာရီခွဲအထိ သင်တန်းတက်သည်။ အခြားအချိန်များတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် လေ့လာရေးထွက်သည်။ ယခုခရီးသွားဆောင်းပါးရှည်စာအုပ်တွင် ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးစံ၊ စရိုက်၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုလုပ်ငန်း၊ ကိုးကွယ်ယုံကြည်မှု စသည်တို့ကို စာရေးသူက ရေးသားဖော်ပြထားသည်ကို ဖတ်ရမည်ဖြစ်သည်။

    ထို့အပြင် ယခုကာလကဲ့သို့ စမတ်ဖုန်း၊ အေအိုင် အတတ်ပညာများ မရှိသေးခင်က ခရီးသွားကြသောသူတို့၏ နေ့ရက်များကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သလို ထိုခေတ်ထိုအခါ ဂျပန်နိုင်ငံအကြောင်းကိုလည်း သိရှိနိုင်ပေမည်။ ဥပမာအားဖြင့် တိုကျိုမြို့ရှိ ဆရာကျော်အောင် တည်းခိုသောဟိုတယ်ခန်းထဲတွင် တီဗီ ရှိသော်လည်း တီဗီကြည့်ရန် တည်းခိုသူမှ တစ်ရက်စာ ယန်း ၂၀၀ ထည့်မှ ကြည့်ခွင့်ရှိသောကိစ္စမျိုး စသဖြင့် ဖတ်ရှုရပေမည်။ သင်တန်းကို တိုကျိုမြို့တွင် သင်ကြားသော်လည်း ကျိုတိုမြို့သို့ သွားရောက်လေ့လာခြင်းမျိုးကိုလည်း ဖတ်ရှုရမည်။

    ဆရာဇော်ဂျီက “ခရီးသွားစာပေ ဖတ်ရှုခြင်းဟာ ကျဉ်းမြောင်းတဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကျော်ပြီး ကျယ်ပြန့်တဲ့ သက်ရှိ၊ သက်မဲ့ ကမ္ဘာလောကမှာ စိတ်ဝင်စားလာချင်ကြအောင် မျက်စိ ဖွင့်ကြည့်ချင်လာကြအောင်၊ တိုးတက်ကြံဆမှု ရှိချင်လာကြအောင် မျှမျှတတ ချိန်ဆသုံးသပ်မှု ရှိလာချင်ကြအောင် ပြုနိုင်စွမ်းရှိတယ်လို့ ယူဆချင်ပါတယ်” ဟု ဆိုခဲ့ပါသည်။ ယခုစာအုပ် ဆရာကျော်အောင် ရေးသားသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် တစ်ခေတ်တစ်ခါက ဂျပန်နိုင်ငံအကြောင်းကို လှစ်ဟပြသည့်နှယ် သမိုင်းတံခါးချပ်အား ရှုမြင်ရမည်ဖြစ်ပြီး ဖတ်ရှုစဉ်ကာလတစ်လျှောက် စာရေးသူနှင့်အတူ ဂျပန်နိုင်ငံသို့ လိုက်ပါ လည်ပတ်ကြည်ရှုရသကဲ့သို့ ခံစားရမည်လည်း ဖြစ်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

    Ks 25,000
  • နာဂိုဒေး မိုင်ဒူဂူရီ

    အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။

    မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။

    အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။

    Ks 3,500

Main Menu