-
ဓမ္မာရုံ
အကြည်တော်ရပ်ကွက်ဓမ္မာရုံတစ်ရုံရဲ့ရှေ့တည့်တည့်မှာ နေဖူးကြလား။
ဓမ္မာရုံလေးရဲ့ရှေ့မှာ နေမိသူတစ်ဦး ကြုံရတဲ့ အကြောင်းတွေရယ်၊ ရပ်ကွက်နဲ့ ဓမ္မာရုံတစ်ရုံအတွင်းက အချို့ဖြစ်ရပ်လေးတွေရယ် အကြောင်းတွေကို ဓမ္မာရုံ ဝတ္ထုအသစ်မှာ ဆရာအကြည်တော်က ဘယ်လိုခွီရအောင် ရေးသားခဲ့သလဲ ..?နေ့ညမပြတ် လော်စပီကာအသံက ခပ်ကျယ်ကျယ်၊ ဓမ္မာရုံက သေးသေးသွယ်သွယ်၊
ဤသည်ကား ရပ်ကွက်၏ ပြယုဂ်။ ဓမ္မာရုံကို ကြည့်လျှင် မြင်နိုင်ပါမည်၊ ယိုင်နဲ့နဲ့ သစ်သားတိုင်ပေါ်မှာ မှီတည်နေပြီး ပျဉ်ကြမ်းကပ် သွပ်ဆွေး ခပ်ရွဲရွဲလေး။
ရပ်ကွက်က ကြီးကြီးကျယ်ကျယ် မဟုတ်သော်ငြား သိပ်ပြီး လှီလှသည် မဟုတ်။ အခြေခံလူတန်းစား များသည်။ ထိုရပ်ကွက်ကြီးအလယ်မှာ ဆယ်ပေနှစ်ခန်းသာသာ ဓမ္မာရုံလေးက အချက်အချာကျစွာ ရှိနေသည်။၎င်းရပ်ကွက်၊ ၎င်းဓမ္မာရုံရှေ့တည့်တည့်မှာ ဆိုက်ဆိုက်မြိုက်မြိုက် လာနေမိသူက ဖွားငွေခင်။ ဖွားငွေခင်က ရွာမှာ အေးအေးလူလူ တစ်သက်လုံး နေလာခဲ့သူ။ လင်သားဖြစ်သူ ဦးထွန်းတင့် ကွယ်လွန်ပြီးတော့ သားဖြစ်သူက သူတို့နဲ့လဲ နီးနီးနားနား မြို့မှာ အခြေချပါလား ဆိုလို့ အရပ်တစ်ပါးကို ပြောင်းရွှေ့လာတာ။ ပြောင်းမဲ့ပြောင်းတော့လဲ အနှီရပ်ကွက် ဓမ္မာရုံရှေ့တည့်တည့်က အိမ်။
အဲ့ဒီအိမ် မဝယ်ဖို့ သားဖြစ်သူ ဘယ်လိုနားချချ လက်မခံဘဲ ဝယ်ပြီး နေတယ်။ နေပြီး သကာလမှာတော့ … အင်း ပြောရရင် ဩချရလောက်တဲ့ ရပ်ကွက်ထဲက သာရေးနာရေး ဘာသာရေး ပွဲလမ်းပေါင်းစုံကြောင့် လော်စပီကာဆိုသည့်အရာနဲ့ ဖွားငွေခင်ခမျာ လှလှကြီး တိုးရပါလေရော။ ဖွားငွေခင် ဘာဖြစ်မလဲ?ဖွားငွေခင်ရဲ့ အကြောင်းပြီးလေတော့ ဓမ္မာရုံလေးရဲ့ အကျိုးအကြောင်း အဆိုးအကောင်း ဖြစ်ပုံ ဇာတ်စုံကို ဆရာအကြည်တော်က ဆက်ပြီး ရေးသားတင်ပြတယ်။
သေးသေးသွယ်သွယ် ပိန်လှီလှီ ဆန်ခါပေါက် သွပ်မိုး ဓမ္မာရုံကို ပြင်ဆင်တည်ဆောက်ဖို့ လုပ်ရင်း မုခ်ဦးပဲ ပြီးသွားတာမျိုး၊
ပြီးတော့ ဓမ္မာရုံပြင်ဆောက်ဖို့ ရပ်ကွက်ထဲက ဓမ္မာရုံလူကြီးတွေ နည်းအမျိုးမျိုး ကြံဖန်စဉ်းစား လုပ်ကြရာက မပြုံးဘဲ ဝါးလုံးကွဲရယ်ရမဲ့ ဟာသတွေကို ဖတ်ရမယ်။
အို ဘာပြောကောင်းမလဲ … အလွဲတွေနဲ့ ခွီစရာ ဇာတ်လမ်းတွေ … နောက် ရယ်စရာမောစရာ ဆိုတဲ့အတိုင်း ရယ်ပြီး မောသွားရမယ့် အကြောင်းတွေ …
ရပ်ကွက်ဓမ္မာရုံလေးတစ်ရုံရဲ့ အဖြစ်သနစ်တွေအကြောင်း ဆရာအကြည်တော်ရဲ့ ရေးဟန်အတိုင်း သွက်လက် ရွှင်ပြစွာ ရေးဖွဲ့ထားတဲ့ ဓမ္မာရုံ ဝတ္ထုအသစ်ကို ဖတ်ပြီး ခွီလိုက်ရအောင်လား …Ks 7,000ဓမ္မာရုံ
Ks 7,000 -
ဂေဟာ
မဧကံပထမစာမျက်နှာကို ဖတ်ပြီး အဆုံးထိ ဆွဲခေါ်သွားမယ့် ဝတ္ထုမျိုးမှ ဖတ်ချင်တယ် ဆိုရင်တော့ မဧကံရဲ့ Shelter ဟာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်။ ကေတီဗွီမှာ အလုပ်လုပ်ပြီး မေတ္တာအထားမှားမိလို့ ကိုယ်ဝန်ရသွားတဲ့ ရဲနွယ်လွင် အမည်ရှိ အမျိုးသမီးလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတယ်။ ဒီလို အခင်းအကျင်းမှာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်အဖြစ် Shelter ဝတ္ထု အစကနေ အဆုံး လက်ကမချနိုင်အောင် စာရေးဆရာမ မဧကံက ဘယ်လိုရေးဖွဲ့ထားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှတယ်။
မိဘဆွေမျိုး ကျောထောက်နောက်ခံမရှိဘဲ မိခင်မေတ္တာတစ်ခုတည်းနဲ့ လွယ်ထားရတဲ့ကလေးကို မရရအောင် မွေးဖို့ဆုံးဖြတ်ခဲ့တဲ့ ရဲနွယ်လွင်။
ရဲနွယ်လွင်တစ်ယောက် ရှမ်းပြည်နယ်ထဲက ဂေဟာတစ်ခုကို အားကိုးတကြီး ရောက်သွားမိတဲ့အခါ ထင်မှတ်မထားတဲ့ အရာတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။
တွေ့ဆုံရင်းနှီးမိတဲ့ ကားသမားလေး ထူးမြတ်နောင်နဲ့ကော ဘာတွေဆက်ဖြစ်သွားကြမလဲ။
အပင်မရှိဘဲ မွှေးနေတဲ့ စန္နကူးနံ့တွေကတစ်ဆင့် အမှတ်မထင် သိရှိလိုက်ရတဲ့ စောမြဝေ။
သည်မိန်းကလေးရဲ့အဖြစ်အပျက်တွေကိုရော ရဲနွယ်လွင်တစ်ယောက် သိခွင့်ရလာမှာလား။
ဂေဟာက ဆရာမကြီးဒေါ်သက်ဝေကိုရော ရဲနွယ်လွင် ယုံကြည်အားကိုးရပါ့မလား။
ရဲနွယ်လွင်ဟာ သူလွယ်ထားရတဲ့ ကလေးကိုရော အပြည့်အဝကာကွယ်နိုင်ပါ့မလား။
ဒီဂေဟာထဲမှာ ရဲနွယ်လွင်ရဲ့အနာဂတ်ဟာ ဘယ်လိုတွေရှေ့ဆက်ဖြစ်လာမလဲ။သူခိုလှုံဖို့ရောက်လာမိတဲ့ ဂေဟာကြီးဟာ လျှို့ဝှက်ချက်တွေပြည့်နေလေတော့ ရဲနွယ်လွင်တစ်ယောက် ဘယ်လို ရင်ဆိုင် ကျော်လွှားသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြက်သီးထအောင် ဖတ်ရှုရပါလိမ့်မယ်။
စာရေးဆရာမ မဧကံဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့တစ်ခုကို အခြေခံပြီး ဇာတ်လမ်းတစ်ခုလုံးကို သည်းထိတ်ရင်ဖိုဖြစ်အောင် ဖန်တီး ရေးသားသွားပါတယ်။ စဖတ်မိကတည်းက စာဖတ်သူကို တောက်လျှောက် ဆွဲခေါ်သွားမယ့် ဇာတ်အိမ်ဖြစ်ပြီး ဖတ်နေတဲ့လူကိုပါ ဂေဟာထဲ ဆွဲခေါ်သွားနိုင်တဲ့ အရေးအသားမျိုးဖြစ်တယ်။
Shelter ဝတ္ထုဟာ ဇာတ်လမ်းအဆုံးထိကို ဖတ်ပြီးမှ စိတ်ကျေနပ်ရမယ့် စာအုပ်ဖြစ်ပါတယ်။ ရင်ထိတ် အံ့ဩဖွယ်များ ဖတ်ရှု ခံစားလိုသူတိုင်း လက်မလွတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။
Ks 8,000ဂေဟာ
Ks 8,000 -
မယ်သီတာဂျိုကာ
အကြည်တော်လက်ဝှေ့ လို့ ဆိုရင် ဘာကို အရင်ဆုံး မြင်မိကြသလဲ?
ဗလကောင်းကောင်း လက်ဝှေ့သမားကြီးတစ်ယောက်ဖြစ်ဖြစ်၊ ကြိုးဝိုင်းထဲ လူနှစ်ယောက် တိုက်ခိုက်နေတာဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးမှ အနိုင်ရတဲ့ အားကစားအဖြစ် မြင်မိကြမှာပါ။ ပြီးတော့ လက်ဝှေ့လို့ ဆိုလိုက်တာနဲ့ ယောက်ျားလေး(အမျိုးသား) ဆိုတာကို အကုန်လုံးနီးပါး တွဲမြင်ကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က အမျိုးသမီးတွေလည်း လက်ဝှေ့ ကစားကြပါတယ်။ ကွယ်လွန်သူ ဆရာအကြည်တော် ရေးသားထားခဲ့ပြီး မထုတ်ဝေရသေးတဲ့ စာအုပ်အသစ်တွေထဲကတစ်အုပ် ‘မယ်သီတာဂျိုကာ’မှာ အမျိုးသမီးလက်ဝှေ့မယ်အကြောင်း ဖတ်ရှုရပါမယ်။
အိမ်နီးချင်းနိုင်ငံတခုက နာမည်ကျော်လက်ဝှေးကစားသမား ခွန်းနက်ကို မယ်သီတာဂျိုကာ ဘယ်လို ယှဉ်ပြိုင်မလဲ? ကိုမင်းထင် မသိအောင်ရော ရေရှည် ဖုံးကွယ်နိုင်မှာလား? ဖတ်ရခဲတဲ့ အမျိုးသမီး လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဝတ္ထုတစ်အုပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ အချိတ်အဆက်မိမိ ရေးသားထားသလို ဆရာအကြည်တော်ရဲ့ စာအုပ်တွေအတိုင်း ဖတ်ရင်းနဲ့ ခွိခနဲ ပြုံးရ၊ ရယ်ရမယ့် ဇာတ်ကွက်တွေ ပေါင်းစပ်ထားတာမို့ မယ်သီတာဂျိုကာဟာ အကြည်တော်ရဲ့ ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်ရစေဦးမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။Ks 11,000မယ်သီတာဂျိုကာ
Ks 11,000 -
ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ
နေဝန်းနီ(နတ်မောက်)ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေတဲ့။ ဒီစာအုပ်လေးမှာ ဆရာနေဝန်းနီ(နတ်မောက်)က နိုင်ငံရပ်ခြားကို အခက်အခဲတွေကြား အသက်စွန့်ပြီးသွားရတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝဖြစ်စဥ်ကို ဝတ္ထုဟန် ရေးဖွဲ့ထားတယ်။ ဇာတ်လမ်းအစမှာ ကတည်းက ဇာတ်ကောင်နဲ့ထပ်တူ လိုက်ပါရင်း၊ စိတ်လှုပ်ရှားရင်း၊ ပူပန်ထိတ်လန့်ပေးရင်း … တဖက်နိုင်ငံကို စာဖတ်သူပါ အတူရောက်ရှိသွားသလို ခံစားရမယ်။ တကယ်တမ်း ရောက်သွားပြန်တော့လဲ မမျှော်လင့်ထားတဲ့ အလုပ်ဖြစ်နေတဲ့အခါ ဇာတ်ကောင်တွေနဲ့အတူ ထပ်မောရပြန်တယ်။ မျှော်မှန်းထားသလို မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ ဆန့်ကျင်ဘက် အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရတဲ့အခါ မွန်းကြပ်ပြီး လွတ်မြောက်ချင်သူတွေက အများအပြားပါပဲ။ မခံနိုင်တဲ့အခါ လွတ်မြောက်ရာလမ်းကို ပြေးထွက်ကြရင်း ပြန်လမ်းမဲ့သွားသူတွေလဲ ရှိရဲ့။နိုင်ငံရပ်ခြားမှာ တိုင်းတစ်ပါးသားတွေရဲ့ လူလည်ကျမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေက ဒီစာအုပ်ကို ဖတ်နေရင်း ခံပြင်းစရာကောင်းတာကို နားလည်လာပါမယ်။ လည်ရင်လည်သလိုမျိုး မြန်မာနိုင်ငံသားတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာကြပုံဟာ ရင်နာစရာ ကောင်းလှပါတယ်။ နိုင်ငံ အကြီးအသေး ကွာဟပြီး အလုပ်အကိုင် ရှားပါးမှုအရ တက်ဖိခံထားရတဲ့ ဘဝတွေဟာ ပြားချပ်လို့။ လူလူချင်း အမြတ်ထုတ်ကြပုံတွေ၊ လူလူချင်း ချောင်ပိတ်ရိုက်ကြပုံတွေဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ဘာမှမဟုတ်သလိုနဲ့ ကြီးထွားလာကြတယ်။ တဖြည်းဖြည်း ပျောက်ဆုံးလာတဲ့ လူသားပီသမှုတွေကို ဒီစာအုပ်ဖတ်နေရင်း ရင်ထဲမှာ ခံစား တွေ့မြင်ရပါလိမ့်မယ်။လူသားတိုင်းဟာ ကိုယ့်ဘဝကိုယ်တော့ ကြယ်တစ်ပွင့်လို တောက်ပချင်ကြတာပါပဲ။ မှေးမှိန်နေရာကနေ အနည်းငယ် ထွန်းလင်းမလားရယ်လို့ နိုင်ငံရပ်ခြားကို မျှော်လင့်တကြီး သွားရောက်လုပ်ကိုင်ကြတဲ့အခါ အဲ့ဒီကြယ်တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ။ သူတို့အားကိုးမိတဲ့ အရပ်ဒေသကရော တကယ့်ကောင်းကင်မှ ဟုတ်ပါလေစ။ သူတို့ဖြစ်ချင်သလို ထွန်းလင်းတောက်ပခွင့်ရော ရှိလာပါ့မလား။ ဒီစာအုပ်လေးထဲမှာ ကြယ်ကလေးတွေ ဘဝအကြောင်း မနီးမဝေး မြင်ကွင်းအချို့၊ ကြယ်ကလေးတွေ ထွန်းလင်းဖို့ ကြိုးစားပုံ၊ ကြယ်ကလေးတွေရဲ့ယုံကြည်ရာ၊ ကြယ်ကလေးတွေရဲ့ ရုန်းကန်ရမှုတို့ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။Ks 6,500ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ
Ks 6,500 -
ကျားဖောင်
အာကာခေတ်ပိုင်ကျားဖောင်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပင်လယ်ပြင်က ငရဲခန်းလို့ ပြေးမြင်မိကြမှာပါ။
လူတွေဟာ ပင်လယ်ထဲက သတ္တဝါတွေကို ကုန်းပေါ်ဆယ်ယူပြီး စီးပွားရေးလုပ်ကြတယ်။ တချို့ကတော့ ပိုက်ဆံအတွက် ပင်လယ်ထဲကို ပြန်ဆင်းပြီး အသက်ပေးသွားရပြန်တယ်။
ကျားဖောင်ကို လူနဲ့သတ္တဝါ၊ လူနဲ့ငွေကြေး၊ အလဲအထပ်လုပ်ကြတဲ့နေရာလို့ ဆိုရင်လည်း မမှားပါဘူး။ ပင်လယ်ပြင်ကြီးကပေးတဲ့ ဝေဒနာ၊ လူလူချင်းကပေးတဲ့ ဒုက္ခတွေကြား ကုန်းပေါ်ပြန်တက်မယ့်ရက်ကို လက်ချိုးစောင့်နေရပြီး ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းရတဲ့ လူ့ငရဲတွင်းတစ်ခုပါပဲ။
ဆရာအာကာခေတ်ပိုင်က ဒီဖြစ်ရပ်တွေကို ကျားဖောင်ဆိုတဲ့စာအုပ်အဖြစ် ပုံဖော် ရေးဖွဲ့ထားပါတယ်။ ဒီစာအုပ်ထဲမှာ ပင်လယ်မှာ အသက်မွေးပြီး စီးပွားရှာကြတဲ့ ကျားဖောင်လုပ်ငန်းအကြောင်းကို ဗဟုသုတရစရာအဖြစ် သိခွင့်ရပါလိမ့်မယ်။
ဒါ့အပြင် ဖောင်ဦးစီးချုပ်တွေ၊ ဖောင်ဦးစီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ ဖောင်နောက်လိုက်တွေအပေါ် ကိုယ်ချင်းမစာနာစွာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း မြင်တွေ့ရပြန်ပါတယ်။
လူပွဲစားတွေရဲ့ ငွေရလိုမှုတစ်ခုတည်းအတွက် လူလူချင်းအမြတ်ထုတ်ပုံတွေကို ဖတ်ရတဲ့အခါမှာလည်း ဒေါသထွက်ပြီး ခံပြင်းစရာပါ။ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လူမျိုးအချင်းချင်းက လူကုန်ကူးတဲ့ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာ လူမသိသူမသိဘဲ အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို စာရေးဆရာက စာရေးခြင်းအတတ်ပညာနဲ့ ဝတ္ထုတစ်အုပ်ထဲမှာ လှလှပပ အကွက်ဆင်ကာ ထည့်သွင်းပုံဖော်ထားပါတယ်။
ကျားဖောင်စာအုပ်ထဲမှာ ဖောင်ဦးစီးမှတ်ကြီး၊ ဦးခင်ဝင်း၊ မိုးစည်နဲ့ရဲထက်တို့ လေးဦးရဲ့ မတူညီတဲ့ ဘဝဖြစ်စဉ်တွေကို တွေ့ရပါလိမ့်မယ်။ ဒီလူလေးဦးဟာ အန္တရာယ်များပြားလှတဲ့ ကျားဖောင်ပေါ်ကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာကြသလဲ၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆရာအာကာခေတ်ပိုင်က စိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ ဒီလူတွေဟာ ကုန်းပေါ်ကိုရော ပြန်ရောက်ခွင့်ရပါ့မလား။ ပင်လယ်ထဲမှာ အချိန်မရွေး အစပျောက်သွားမလား။ ကိုယ့်နိုင်ငံအတွင်းမှာပဲ နေထိုင်ရင်း ကျားဖောင်ပေါ်က လုံခြုံမှု မရှိတဲ့ဘဝတွေအတွက် ရင်လေးစရာပါပဲ။
ကျားဖောင်စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးဖြစ်သူ ရဲထက်ပြောတဲ့ စကားလေးတစ်ခွန်းက စာဖတ်သူတို့ကို မှတ်မှတ်ထင်ထင် ရှိစေမှာ ဖြစ်ပါတယ်။
“ပင်လယ်ရေတွေ ခန်းသွားရင်ကောင်းမယ်” တဲ့။
တချို့တွေအတွက် အိမ်ပြန်နိုင်ဖို့ အခွင့်အရေးဟာ ပင်လယ်ကြီး ခန်းခြောက်သွားမှတဲ့လား … ။
Ks 9,000ကျားဖောင်
Ks 9,000 -
-
-
နာဂိုဒေး မိုင်ဒူဂူရီ
မယ်ကျွိအာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။
မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။
အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။
Ks 3,500နာဂိုဒေး မိုင်ဒူဂူရီ
Ks 3,500 -
ဇော်က ကနေသည်
အကြည်တော်ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။
တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။
ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။
ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။
Ks 3,000ဇော်က ကနေသည်
Ks 3,000 -
ညီမလေး
မဧကံညီမလေး …
မီးမီးရဲ့ ညီမလေး ငယ်ငယ်။
ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။
မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။
ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။
ငယ်ငယ်လား … သူများတွေအတွက်တော့ ငယ်ငယ်က ကွယ်လွန်ချင် ကွယ်လွန်ပြီး ဖြစ်ပေမဲ့ မီးမီး အနားမှာ ငယ်ငယ်က ရှိနေတာ။ မီးမီးတို့ မတော်တဆမှု ဖြစ်တော့ မီးမီး ခြေကျိုး၊ နံရိုးကျိုးတော့ ဆေးရုံတက်ရတယ်။ ဆေးရုံပေါ်မှာ သတိပြန်ရကတည်းက ငယ်ငယ်က ခုတင်ဘေးမှာ ငိုင်ငိုင်လေး ရပ်နေတာ မီးမီး တွေ့နေရတာပဲကို။
ငယ်ငယ်က သူ့အစ်မ မီးမီးကို သိပ်ချစ်တယ်။ အမြွာညီအစ်မတွေ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတာ။ ငယ်ငယ် ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီး အနားမှာ သူရှိနေပါတယ်။ မီးမီး ကလဲ သူငယ်ချင်း အပေါင်းအသင်း မရှိသလောက် နည်းတယ်။ ချောင်တစ်ချောင်မှာ တိတ်တိတ်လေး ငြိမ်နေပြီး မီးမီးပြောတဲ့ စကားတွေ နားထောင်နေတဲ့ ညီမလေး ငယ်ငယ်နဲ့ပဲ မီးမီး ကျောင်းသူဘဝတစ်ခုလုံး နေထိုင်ရှင်သန်ခဲ့တာ။ ညီမလေးဟာ ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီးနဲ့ပဲ ရှိနေပြီး မီးမီး အသက်ကြီးသွားတဲ့ ကာလအတိုင်း ညီမလေးပါ လိုက်လံကြီးထွားလာခဲ့တာ။ ငယ်ငယ့်အကြောင်း ဘယ်သူ့ကိုပဲ ပြောပြော မယုံကြဘဲ မီးမီးကို အရူးတစ်ယောက်လိုသာ အကြည့်ခံရတာသာ အဖတ်တင်တာ။ မီးမီးလဲ အပေါင်းအသင်း နည်းတဲ့ ဘဝမှာ အနားမှာ အမြဲလိုလိုရှိနေတဲ့ ငယ်ငယ့်ကို စကားတွေ ပြောလိုက်၊ ရင်ဖွင့်လိုက်နဲ့ပေါ့။ ထူးခြားတာက ငယ်ငယ်က ပြောသမျှကို နားထောင်ပေးပေမဲ့ ဘာမှ ပြန်မပြောဘူး။ တိတ်တိတ်လေးပဲ အမြဲနေနေတာ။
ဒီလိုနဲ့ ငယ်ငယ် နဲ့ မီးမီး တို့ ခွဲရမဲ့ နေ့ရက်အချိန်တစ်ခုကို ရောက်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်တွေကလဲ မီးမီးရဲ့ ဘဝထဲကို ချစ်သူ ကိုဦး ရောက်လာတာကနေ စခဲ့တာပါပဲ။
မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။
ညီမလေးဟာ ဘာမှ ပြန်မပြောဘူး။ မျက်ရည်တွေပဲ ကျလို့။ မီးမီးလဲ သူ့ကို သနားတာ တစ်ဖက်၊ ကိုယ့်ဘဝကို ရှေ့ဆက်ရမှာ တစ်ဖက်နဲ့ ဘာလုပ်လို့ လုပ်မိမှန်း မသိဘဲ …ငယ်ငယ် အခုထွက်သွား လို့ ကြုံးအော်လိုက်မိတယ်။ ငယ်ငယ်ကလေ ဝမ်းနည်းလွန်းတဲ့ ပုံနဲ့ စိုက်ကြည့်ပြီး လှေကားကနေ တဒုန်းဒုန်း ပြေးဆင်းသွားတော့တယ်။ အဲ့ဒီအချိန်မှာပဲ မီးမီးလေ .. မှားသွားပြီလို့ တွေးပြီး ညီမလေးစိတ်နဲ့ မူးမေ့ သတိလစ်ခဲ့တဲ့အထိပါပဲ။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။
ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။
ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။
“ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။
“ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။
Ks 4,500ညီမလေး
Ks 4,500 -
ပြုံးရွှင်သည် ငိုတတ်သည်
အကြည်တော်ပြုံးပျော်ရွှင်နေတဲ့သူတွေ တကယ် ပျော်ကြရဲ့လား။
အထူးသဖြင့် ပရိသတ်ကို ပြုံးပျော်စေဖို့ ဟာသတွေ တရစပ်ထုတ်၊ ပရိသတ် တဝေါဝေါနဲ့ ပွဲကျနေချိန် အဲဒီ ဟာသထုတ်နေတဲ့ လူရွှင်တော် ရင်ထဲမှာ တကယ် ပျော်နေပါသလား ။
ဒါမှမဟုတ် ပြုံးနေတဲ့ မျက်နှာအောက်က ရင်ဘတ်ထဲမှာ မီးစကြီး မြိုထားရသလိုပဲ ခံစားနေရသလား ။
သူတပါးကို အားနာတတ်ပြီး ရိုးသားတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝက လူကောင်းမှန်ပေမဲ့ အကျိုးပေး မကောင်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့ ။ တကိုယ်ကောင်းဆန်တဲ့ ဇတ်ဆရာကြောင့် လေဖြတ်နေတဲ့ မိန်းမနဲ့ မွေးကင်းစ သမီးလေးကို ကျောပိုးပြီး ဇတ်သဘင်လောက ကနေ အနားယူလိုက်ရတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝဟာ ခါးသက်လွန်းခဲ့တယ်။
စင်ပေါ်ကနေ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေနိုင်သူရဲ့ စင်နောက်က ဘဝဟာ အတော်ဆိုးပါလား နော်။
ဆရာ အကြည်တော်ရေးတဲ့ ဝတ္ထုဆိုရင် ရယ်မောစရာလို့ပဲ မှတ်ယူထားသူတွေအတွက် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားစေနိုင်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်ပါ။
ဇတ်စင်ပေါ်က ဟာသ ပြက်လုံးတွေ တစ်လှေကြီး ပါပြီး ကြေကွဲရတဲ့ ဝတ္ထု တပုဒ်၊ ကိုယ်တိုင်က ပူပင်သောက ဗရပွပေမဲ့ သူများကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ လူရွှင်တော်တွေရဲ့ ဘဝခါးခါး ကို စာနာစိတ်လေး ဝင်သွားစေနိုင်တဲ့ ဝတ္ထု တပုဒ် ဖြစ်ပါကြောင်း …။Ks 10,000ပြုံးရွှင်သည် ငိုတတ်သည်
Ks 10,000











