• အရှက်သည်းသည်း

    “ရှက်ဖူးကြသလား …”

    မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
    ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။

    ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။

    အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။

    “စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
    “ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
    “မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”

    ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။

    “ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။

  • ပြုံးရွှင်သည် ငိုတတ်သည်

    ပြုံးပျော်ရွှင်နေတဲ့သူတွေ တကယ် ပျော်ကြရဲ့လား။

    အထူးသဖြင့် ပရိသတ်ကို ပြုံးပျော်စေဖို့ ဟာသတွေ တရစပ်ထုတ် ၊ ပရိသတ် တဝေါဝေါနဲ့ ပွကျနေချိန် အဲဒီ ဟာသထုတ်နေတဲ့ လူရွှင်တော် ရင်ထဲမှာ တကယ် ပျော်နေပါသလား ။

    ဒါမှမဟုတ် ပြုံးနေတဲ့ မျက်နှာအောက်က ရင်ဘတ်ထဲမှာ မီးစကြီး မြိုထားရသလိုပဲ ခံစားနေရသလား ။
    သူတစ်ပါးကို အားနာတတ်ပြီး ရိုးသားတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝက လူကောင်းမှန်ပေမဲ့ အကျိုးပေး မကောင်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့ ။ တစ်ကိုယ်ကောင်းဆန်တဲ့ ဇတ်ဆရာကြောင့် လေဖြတ်နေတဲ့ မိန်းမနဲ့ မွေးကင်းစ သမီးလေးကို ကျောပိုးပြီး ဇတ်သဘင်လောက ကနေ အနားယူလိုက်ရတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝဟာ ခါးသက်လွန်းခဲ့တယ် ။
    စင်ပေါ်ကနေ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေနိုင်သူရဲ့ စင်နောက်က ဘဝဟာ အတော်ဆိုးပါလား နော်။
    ဆရာ အကြည်တော်ရေးတဲ့ ဝတ္ထုဆိုရင် ရယ်မောစရာလို့ပဲ မှတ်ယူထားသူတွေအတွက် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားစေနိုင်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်ပါ။
    ဇတ်စင်ပေါ်က ဟာသ ပြက်လုံးတွေ တစ်လှေကြီး ပါပြီး ကြေကွဲရတဲ့ ဝတ္ထု တစ်ပုဒ် ။
    ကိုယ်တိုင်က ပူပင်သောက ဗရပွ ပေမဲ့ သူများကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ လူရွှင်တော် တွေရဲ့ ဘဝခါးခါး ကို စာနာစိတ်လေး ဝင်သွားစေနိုင်တဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်ပါကြောင်း …

  • ဖွေရှာမောရသူမယ်

    ကျွန်တော်တို့တစ်တွေ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တခုအဖြစ် ကိုယ်ချင်းစာတတ်ခြင်း ဆိုတာ ရရှိခဲ့ပါတယ်။ အဲဒီ ကိုယ်ချင်းစာတရားကို နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ ယောကျာ်းလေးတွေ ၊ မိန်းကလေးတွေ အပေါ်မှာ ထားနိုင်ဖို့ ဒီစာအုပ်လေးက အထောက်အကူ ပြုနိုင်ပါတယ်။

    မိဘနှစ်ပါး အတူမနေကြတဲ့ ၊ ခွဲခွာနေကြရတဲ့ မိသားစုက ကလေးတွမှာ စိတ်ဒဏ်ရာတွေ ရှိတတ်ကြတယ် ။ တချို့က ပေတုံးပေါ်က သံတွေ သံခဲလို မာကျောသွားကြတယ်။ တချိူ့ကျတော့ ပတ်ဝန်းကျင် နဲ့ လူသူစိမ်းတွေကို ကြောက်ရွံ့ သွားတတ်တဲ့ ယုန်သူငယ်လေးလို ဖြစ်သွားတတ်တယ်။ အဲဒီလို မိသားစု တစ်ခုထဲက မွေ့မွန် ဆိုတဲ့ ကောင်းမလေး တစ်ယောက်ရဲ့ နာကျင်မှု နဲ့ ဖြတ်သန်းမှု တွေကို ကြည့်မယ်ဆိုရင်… ။

    သူစိမ်း တစ်ယောက်လို တခါတရံ မှ လာတွေ့တတ်တဲ့ အဖေကို စိတ်ထဲ နာကျဉ်းနေတဲ့ မွေ့မွန် ဟာ အမေတယောက်သာ မှီတွယ်ရာရှိတဲ့ ကမ္ဘာကျဉ်းကျဉ်းလေး ထဲမှာပဲ ရှင်သန်နေသူပါ ။

    လူ့လောကကို သူ စရောက်ကတည်းက အမေနဲ့  သူ့ကို ပစ်ထားတယ် ဆိုပြီး အဖေကို  စိတ်နာနေခဲ့တာ။ အဖေနဲ့ ဝေးနေသူ သမီးလေးကို မာကျော ကြံ့ခိုင်စေချင်တဲ့ မေမေ ရဲ့ တွန်းအားတွဟော မွေ့မွန် ကို တသက်သာ နာကျင်နေတဲ့ သစ်ရွက်ဝါလေး တရွက်လို ဖြစ်သွားစေတယ် ။

    စိတ်သန္တန်ရဲ့ အောက်ဆုံးအလွှာမှာ ခိုကပ်နေတဲ့ ၊ နက်ရှိုင်းတဲ့ ၊ နာကျင်မှုကလာတဲ့ အထီးကျန်ဝမ်းနည်းမှုတွေ အကင်းမသေနိုင်သေးတဲ့ မွေ့မွန် ဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘဝ ပြဿနာ အဖုံဖုံကို သိရပြီးနောက် လောကကြီးမှာ မိမိ တယောက်တည်း ခံစားနရေတာ မဟုတ်ဘူး ဆိုတာ သိသွားပါတယ် ။

    ချင်းတွင်းမြစ်အထက်ပိုင်းက မော်လိုက်မြို့လေးက မွေ့မွန် ဆိုတဲ့ ကောင်မလေး တစ်ယောက် ရဲ့ အကင်းမသေနိုင်သေးတဲ့ အထီးကျန်ဝမ်းနည်းမှုတွေနဲ့အတူ အရုပ်မြို့တော်လို့ မွေ့မွန် တင်စားထားတဲ့ ယူအေအီးနိုင်ငံ အထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်

  • နှင်းပန်း

    ဆရာမပျိုးရဲ့ နှင်းပန်းဆိုတဲ့ ဒီဝတ္ထုကလေးကို ဖတ်ပြီးတဲ့အခါ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ အားမလိုအားမရ ဖြစ်ခြင်းတွေဟာ စာဖတ်သူတို့ရဲ့ ခံစားမှု အသိအာရုံတွေထဲ တိုးဝင်လာပါလိမ့်မယ်။ ဒီဝတ္ထုလေးဟာ အမျိုးသမီးတို့ရဲ့ ဘဝအချိုးအကွေ့တွေကို အဆင့်ဆင့်ပုံဖော်ထားတဲ့ တောင်တက်လမ်းကလေးလိုပါပဲ။ လှိုက်ခနဲ၊ ငြိမ့်ခနဲ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားပြီးမှ အဆုံးသတ်မှာ နင့်ခနဲ နာကျင်မှုတွေနဲ့အတူ ချန်ရစ်ခံလိုက်ရသလိုမျိုး။

    အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးဆိုတာ ကိုယ်တိုင်ရွေးချယ်မိတဲ့ ခရီးသွားလက်မှတ်တစ်စောင်ပါ။ ခရီးလမ်း အစကနေ အဆုံးထိ ဖြောင့်ဖြူးမလား၊ ကြမ်းတမ်းမလားဆိုတာ မလျှောက်လှမ်းခင်မှာ ကြိုမသိနိုင်ပါဘူး။ အားလုံးဟာ လွယ်ကူအဆင်ချောတဲ့ လမ်းကို မျှော်လင့်ခဲ့ကြပေမဲ့ ခက်ခဲတဲ့လမ်းပေါ်ကို ရောက်သွားတတ်ကြတဲ့ အိမ်ထောင်ရေးတွေဟာ ရှိစမြဲပါ။ ကိုယ့်ခရီးစဥ် မှားတဲ့အခါ ခေါ်ဆောင်လိုက်မိတဲ့ သားသမီး အစဥ်အဆက်ကပါ ခရီးကြမ်းထဲ မျောပါရတော့တယ်။

    ဒီစာအုပ်လေးထဲမှာ နှင်းပန်းဆိုသူ မိန်းကလေးဟာ ခရီးကြမ်းထဲ မျောပါလာရသူပါပဲ။ လောကဓံကြမ်းကြမ်းကြီးကို အရွယ်နှင့်မမျှအောင် ခါးစည်းခံရတဲ့ကြားက သူ့ဘဝရပ်တည်မှုလေးကို လမ်းကြောင်းမမှားအောင် ကြိုးစားရှင်သန်ခဲ့သူ။ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေရဲ့ ဖျက်ဆီးတတ်တဲ့သဘောကို တွေ့မြင်နားလည်ပြီး အဆိုးဆုံးပတ်ဝန်းကျင်ကြားမှာ အကောင်းဆုံးဖြစ်အောင် ရပ်တည်လာခဲ့သူ။ ဒါပေမဲ့လည်း လူဆိုတာဟာ ဘဝရဲ့အကွေ့တစ်ခုမှာတော့ တစ်ကြိမ်လောက် ခြေချော်ဖူးကြမှာပဲ မဟုတ်လား။ အမျိုးသမီးတွေရဲ့ဘဝမှာ ခလုတ်ကန်သင်းတွေဟာ အချစ်ယောင်ဆောင်ပြီး ဝင်လာတတ်ကြတယ်။ နှင်းပန်းလေးဟာလည်း ခံစားထိရှလွယ်သူ မိန်းကလေးတစ်ဦးမို့ အဲ့ဒီခလုတ်ကို မိမိရရကြီး ဝင်တိုက်လိုက်မိပါတော့တယ်။

    ဒီဝတ္ထုလေးကိုဖတ်နေတဲ့အခါ နှင်းပန်းရဲ့ဘဝအချိုးအကွေ့တိုင်းကို ဘေးကနေအတူ ကပ်လိုက်ရင်း သူနဲ့ ထပ်တူထပ်မျှ ခံစားရပါလိမ့်မယ်။ လဲကျတဲ့အခါ ဘယ်လိုတွေ ရုန်းထမလဲ၊ သူ့နေထိုင်ရပ်တည်မှုအတွက် ဘယ်လိုတွေ ဖြေရှင်းသွားမလဲ ဆိုတာကို ဒီစာအုပ်လေးထဲမှာ ဖတ်ရှုခံစားကြရပါမယ်။ သေချာတာကတော့ ဆရာမပျိုး ရေးသားတဲ့ နှင်းပန်းဝတ္ထုဟာ စာဖတ်သူတို့ကို သူ့ရဲ့ ဘဝခရီးစဥ်လေးထဲ ဖမ်းဆွဲခေါ်ဆောင်ပြီး ခံစားမှုရသတွေကို နက်နက်ရှိုင်းရှိုင်း ပေးသွားမှာပါ။

  • ရေဒီယိုပန်းဆိုင်

    ရေဒီယိုပန်းဆိုင်တဲ့။ ဆရာမခတ္တာခင်ရဲ့ သိမ်မွေ့လှပတဲ့ ဝတ္တုဇာတ်လမ်းလေးနာမည်ပါ။ ဆရာမခတ္တာခင်ဟာ စာဖတ်ပရိသတ်ကို စာအုပ်ခေါင်းစဉ်လှလှလေးတွေက အစပြုပြီး ဆွဲဆောင်နိုင်သူတစ်ဦးလို့ ဆိုရင် မမှားပါဘူး။

    ဒီစာအုပ်လေးမှာဆိုရင် နွေဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ အမည်တပ်လို့ရမယ့် ရင်ခုန်သံအဖြူထည်လေးကို ဘဝနဲ့ရောထွေးပြီး နူးညံ့စွာ ရေးဖွဲ့ပြထားပါတယ်။ ရေဒီယိုပန်းဆိုင်မှာ နွေဦး၊ နှင်းနု၊ ကိုသူဆိုတဲ့ လူသားသုံးဦးကြားက ဖြူစင်မှုတွေ၊ သံယောဇဉ်တွေ၊ သိမ်မွေ့ရှုပ်ထွေးတတ်တဲ့ စိတ်ခံစားချက်တွေကို ဆရာမခတ္တာခင်က ဖြည်းဖြည်းချင်း ပုံဖော်ထားတာ ဖတ်ရှုရပါလိမ့်မယ်။

    ရေဒီယိုလေးတစ်လုံးဟာ အသံလှိုင်းတွေကတဆင့် စိတ်ခံစားချက်တွေကိုချိတ်ဆက်ပေးတယ်။ မမြင်ရတဲ့လိုင်းဆွဲအားတွေ၊ စွမ်းအင်တွေနဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တယ်။ ချစ်ခြင်းမေတ္တာကိုလည်း ဆောင်ယူပေးနိုင်တယ်။ ပန်းကလေးတွေဟာလည်း ရေဒီယိုလေး နည်းတူပါပဲ။ သူ့မှာကတော့ လှိုင်းတွေ၊ ဆွဲငင်အားတွေမရှိပေမယ့် ရနံ့တွေနဲ့ ချိတ်ဆက်နိုင်တယ်။ ပန်းတွေဟာ နူးညံ့တဲ့သဘောရှိပေမယ့် ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်စွမ်းရှိတယ်။ ပန်းကလေးတွေဟာ ခက်ထန်နေတဲ့စိတ်တွေ၊ ဝမ်းနည်းထိရှလွယ်တဲ့ ခံစားချက်တွေကို သူ့ရဲ့ရနံ့၊ အရောင်အဆင်းတွေနဲ့ ဖြားယောင်းပြီး ဆန့်ကျင်ဖက်ဖြစ်အောင်‌ ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။

    နွေဦးကရော ဘယ်အရာတွေကိုမျှော်လင့်ပြီး ဘယ်အရာတွေကို ချိတ်ဆတ်‌ချင်နေပါသတဲ့လဲ။ နွေဦးဟာ မိန်းမသားဖြစ်တဲ့အတွက် ပန်းလေးတစ်ပွင့်ပဲ ဆိုကြပါစို့။ သူ့ရဲ့ရနံ့ဟာ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးနိုင်စွမ်းရှိလာမှာလား။ ပြီးတော့ ရေဒီယိုလေးတစ်လုံးကနေ သူချိတ်ဆက်ချင်တဲ့အရာကရော ဘာများဖြစ်မလဲ။

    အရာအားလုံးကို သေသေချာချာလေး သိဖို့အတွက် ရေဒီယိုပန်းဆိုင်ဆိုတဲ့ စာအုပ်ကလေးကိုကိုင်ပြီး စာမျက်နှာလေးတွေသာ လှန်လှောကြည့်လိုက်ပါ။ ရောင်စုံပန်းခင်းကြီးထဲကနေ ပန်းရနံ့လှိုင်လှိုင်လေး မွှေးနေမှာကတော့ အသေအချာပါပဲ။

  • နာဂိုဒေး မိုင်ဒူဂူရီ

    အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။

    မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။

    အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။

  • ဇော်က ကနေသည်

    ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။

    တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။

    ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။

    ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။

  • ညီမလေး

    ညီမလေး …

    မီးမီးရဲ့ ညီမလေး ငယ်ငယ်။

    ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။

    မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။

    ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။

    ငယ်ငယ်လား … သူများတွေအတွက်တော့ ငယ်ငယ်က ကွယ်လွန်ချင် ကွယ်လွန်ပြီး ဖြစ်ပေမဲ့ မီးမီး အနားမှာ ငယ်ငယ်က ရှိနေတာ။ မီးမီးတို့ မတော်တဆမှု ဖြစ်တော့ မီးမီး ခြေကျိုး၊ နံရိုးကျိုးတော့ ဆေးရုံတက်ရတယ်။ ဆေးရုံပေါ်မှာ သတိပြန်ရကတည်းက ငယ်ငယ်က ခုတင်ဘေးမှာ ငိုင်ငိုင်လေး ရပ်နေတာ မီးမီး တွေ့နေရတာပဲကို။

    ငယ်ငယ်က သူ့အစ်မ မီးမီးကို သိပ်ချစ်တယ်။ အမြွာညီအစ်မတွေ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတာ။ ငယ်ငယ် ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီး အနားမှာ သူရှိနေပါတယ်။ မီးမီး ကလဲ သူငယ်ချင်း အပေါင်းအသင်း မရှိသလောက် နည်းတယ်။ ချောင်တစ်ချောင်မှာ တိတ်တိတ်လေး ငြိမ်နေပြီး မီးမီးပြောတဲ့ စကားတွေ နားထောင်နေတဲ့ ညီမလေး ငယ်ငယ်နဲ့ပဲ မီးမီး ကျောင်းသူဘဝတစ်ခုလုံး နေထိုင်ရှင်သန်ခဲ့တာ။ ညီမလေးဟာ ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီးနဲ့ပဲ ရှိနေပြီး မီးမီး အသက်ကြီးသွားတဲ့ ကာလအတိုင်း ညီမလေးပါ လိုက်လံကြီးထွားလာခဲ့တာ။ ငယ်ငယ့်အကြောင်း ဘယ်သူ့ကိုပဲ ပြောပြော မယုံကြဘဲ မီးမီးကို အရူးတစ်ယောက်လိုသာ အကြည့်ခံရတာသာ အဖတ်တင်တာ။ မီးမီးလဲ အပေါင်းအသင်း နည်းတဲ့ ဘဝမှာ အနားမှာ အမြဲလိုလိုရှိနေတဲ့ ငယ်ငယ့်ကို စကားတွေ ပြောလိုက်၊ ရင်ဖွင့်လိုက်နဲ့ပေါ့။ ထူးခြားတာက ငယ်ငယ်က ပြောသမျှကို နားထောင်ပေးပေမဲ့ ဘာမှ ပြန်မပြောဘူး။ တိတ်တိတ်လေးပဲ အမြဲနေနေတာ။

    ဒီလိုနဲ့ ငယ်ငယ် နဲ့ မီးမီး တို့ ခွဲရမဲ့ နေ့ရက်အချိန်တစ်ခုကို ရောက်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်တွေကလဲ မီးမီးရဲ့ ဘဝထဲကို ချစ်သူ ကိုဦး ရောက်လာတာကနေ စခဲ့တာပါပဲ။

    မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။

    ညီမလေးဟာ ဘာမှ ပြန်မပြောဘူး။ မျက်ရည်တွေပဲ ကျလို့။ မီးမီးလဲ သူ့ကို သနားတာ တစ်ဖက်၊ ကိုယ့်ဘဝကို ရှေ့ဆက်ရမှာ တစ်ဖက်နဲ့ ဘာလုပ်လို့ လုပ်မိမှန်း မသိဘဲ …ငယ်ငယ် အခုထွက်သွား လို့ ကြုံးအော်လိုက်မိတယ်။ ငယ်ငယ်ကလေ ဝမ်းနည်းလွန်းတဲ့ ပုံနဲ့ စိုက်ကြည့်ပြီး လှေကားကနေ တဒုန်းဒုန်း ပြေးဆင်းသွားတော့တယ်။ အဲ့ဒီအချိန်မှာပဲ မီးမီးလေ .. မှားသွားပြီလို့ တွေးပြီး ညီမလေးစိတ်နဲ့ မူးမေ့ သတိလစ်ခဲ့တဲ့အထိပါပဲ။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။

    ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။

    ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။

    “ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။

    “ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။

  • ပြုံးရွှင်သည် ငိုတတ်သည်

    ပြုံးပျော်ရွှင်နေတဲ့သူတွေ တကယ် ပျော်ကြရဲ့လား။
    အထူးသဖြင့် ပရိသတ်ကို ပြုံးပျော်စေဖို့ ဟာသတွေ တရစပ်ထုတ်၊ ပရိသတ် တဝေါဝေါနဲ့ ပွဲကျနေချိန် အဲဒီ ဟာသထုတ်နေတဲ့ လူရွှင်တော် ရင်ထဲမှာ တကယ် ပျော်နေပါသလား ။
    ဒါမှမဟုတ် ပြုံးနေတဲ့ မျက်နှာအောက်က ရင်ဘတ်ထဲမှာ မီးစကြီး မြိုထားရသလိုပဲ ခံစားနေရသလား ။
    သူတပါးကို အားနာတတ်ပြီး ရိုးသားတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝက လူကောင်းမှန်ပေမဲ့ အကျိုးပေး မကောင်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့ ။ တကိုယ်ကောင်းဆန်တဲ့ ဇတ်ဆရာကြောင့် လေဖြတ်နေတဲ့ မိန်းမနဲ့ မွေးကင်းစ သမီးလေးကို ကျောပိုးပြီး ဇတ်သဘင်လောက ကနေ အနားယူလိုက်ရတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝဟာ ခါးသက်လွန်းခဲ့တယ်။
    စင်ပေါ်ကနေ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေနိုင်သူရဲ့ စင်နောက်က ဘဝဟာ အတော်ဆိုးပါလား နော်။
    ဆရာ အကြည်တော်ရေးတဲ့ ဝတ္ထုဆိုရင် ရယ်မောစရာလို့ပဲ မှတ်ယူထားသူတွေအတွက် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားစေနိုင်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်ပါ။
    ဇတ်စင်ပေါ်က ဟာသ ပြက်လုံးတွေ တစ်လှေကြီး ပါပြီး ကြေကွဲရတဲ့ ဝတ္ထု တပုဒ်၊ ကိုယ်တိုင်က ပူပင်သောက ဗရပွပေမဲ့ သူများကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ လူရွှင်တော်တွေရဲ့ ဘဝခါးခါး ကို စာနာစိတ်လေး ဝင်သွားစေနိုင်တဲ့ ဝတ္ထု တပုဒ် ဖြစ်ပါကြောင်း …။

  • တစ်ဘဝဒဏ်ရာ

    ချစ်​ခြင်း​ကြောင့် ဆင်းရဲခြင်း ဖြစ်​ရတယ်​

    ကိုယ်​စိတ်​နှစ်​ပါး ဆင်​းရဲရတာဟာ ချစ်​ခြင်​း​ကြောင်​့ ဖြစ်​တယ်​ ၊ ချစ်​ခြင်​းသာ အမွန်​အစ ဖြစ်​တယ်​လို့ တရား​တော်​မှာ ပါပါတယ်​ ။
    အချစ်​နဲ့ မကင်​းကြတဲ့ လူသား​တွေဟာ ချစ်​ခြင်​း​ကြောင်​့ ဆင်​းရဲကြရတာ အမှန်​တရား ပါပဲ ။ ချစ်​ခြင်​း ဆိုတာမှာလည်​း ၁၅၀ဝ အချစ်​​ကြောင်​့မှ ဆင်​းရဲခြင်​း ကြုံရတာ မဟုတ်​ပါဘူး ။ ၅၂၈ ​မေတ္တာ ​ကြောင်​့လည်​း ဆင်​းရဲခြင်​း ကို ကြုံ​တွေကြရတာပဲ ။

    စစ်​ကိုင်​းတိုင်​း ၊ က​လေးမြို့ ဝန်​းကျင်​ ၊ မြစ်​သာမြစ်​ နား ၊ သာယာကုန်​းရွာ​လေးက လူ​နေမှုဘဝ​တွေ ။ သူတို့ ဝမ်​းစာ ဘယ်​လို ရှာကြသလဲ ၊ ​ခေတ်​ဆိုး စနစ်​ဆိုးကြီး ​အောက်​မှာ ရှင်​သန်​​နေကြရတဲ့ လူ​တွေရဲ့ ​ပင်​ပန်​း ခက်​ခဲရတဲ့ ဘဝ​တွေ ။ ​ရေနံထွက်​လို့ ​ရေနံ​မှော်​ လုပ်​ကြ ၊ ထုံးဖုတ်​ကြ ၊ သစ်​လုပ်​ငန်​း လုပ်​ကြနဲ့ စုံလင်​လှတဲ့ ဘဝ​များ။ ရင်​​မောစရာ ထိုထို ဘဝ​တွေကြားက ​မေတ္တာ စမ်​း​ချောင်​း​လေးပမာ သက်​လယ်​ ဆိုတဲ့ ​ကောင်​းမ​လေးရဲ့ သူ့ ​မောင်​​လေး ပိုးလုံး​လေး အ​ပေါ် ထားတဲ့ ​မေတ္တာတရားဟာ ကြည်​လင်​​အေးမြတဲ့ စမ်​း​ရေ ပမာ ။

    နတ်​ကိုးကွယ်​မှုကို အယုံကြည်​လွန်​ပြီး အယူသီး အစွဲအလမ်​းကြိီးတဲ့ အဘွား ။ ​ခေါင်​းမာပြီး တ​စောက်​ကန်​း လုပ်​တတ်​တဲ့ ​ဖေ​ဖေ ​ ။ ရပ်​ရွာအကျိုးအတွက်​ တစ်​ပြားတစ်​ချပ်​ မှ ခံစားခွင်​့ မယူဘဲ မှန်​မှန်​ကန်​ကန်​ လုပ်​တတ်​လို့ လူအချို့ရဲ့ မုန်​းတီးခြင်​း ခံရသူ တစ်​ဦးလည်​း ဖြစ်​တယ်​ ။ ကျိန်​စာတိုက်​ ခံရတဲ့ အထိကို တချို့က က မုန်​းကြတယ်​ ။

    လင်​​ယောက်​ျား နဲ့ သားသမီး အတွက်​ ​ယောက္ခမ ဖြစ်​သူ ညွှန်​ကြားသမျှ လိုက်​လုပ်​​ပေးရတဲ့ ​မေ​မေ ။ ​မောင်​က​လေး ပိုးလုံး​လေး ​မွေးကတည်​းက အသက်​နဲ့အမျှ ချစ်​ရတဲ့ အစ်​မ သက်​လယ်​ ။ အရွယ်​မတိုင်​ခင်​ ကတည်​းက အ​ဖေ့အလုပ်​ကို ကူညီချင်​စိတ်​ အမြဲရှိတဲ့ သားလိမ္မာ​လေး ပိုးလုံး​လေး ။ သူတို့ မိသားစု အ​ပေါ် ရိုက်​ခတ်​လာတဲ့ ​လောကဓံ မုန်​တိုင်​းထဲမှာ ​မောင်​က​လေး အ​ပေါ် ချစ်​တဲ့စိတ်​နဲ့ သက်​လယ်​ တစ်​​ယောက်​ ပင်​ပန်​း ဆင်​းရဲခဲ့ရတယ်​ ။ တစ်​ဘဝစာဒဏ်​ရာ ပိုင်​ရှင်​ သက်​လယ်​ ရယ်​​လေ ။

    က​လေးမြို့ နားက သာယာကုန်​း ရွာ ရဲ့ လူမှု စီးပွား​ရေး​တွေ ၊ ​ရေနံ​မှော်​ မှာ ရုန်​းကန်​ကြရတဲ့ ဘဝ​တွေ ။ အဲဒီ လူ​တွေ ​မျှော်​လင်​့ချက်​ အပြည်​့နဲ့ ဆင်​းရဲပင်​ပန်​းစွာ ​ရေနံတူးကြရတဲ့ ဇာတ်​လမ်​း​တွေ ။အဆိုးထဲက အ​ကောင်​းဖြစ်​တဲ့ ​မောင်​နဲ့ နှမ ရဲ့ ကြည်​နူးဖွယ်​ ချစ်​ခြင်​း ​မေတ္တာတရား ​တွေကို ဆရာမ ​ဆေး​ဆေ က သပ်​ရပ်​ လှပစွာ ​ရေးဖွဲ့ထားပါတယ်​ ။

    ပထမ တစ်​အုပ်​တုန်​းကလိုပဲ နိုင်​ငံခြား ​နောက်​ခံ စိတ်​ဝင်​စားစရာ အဖြစ်​အပျက်​​တွေနဲ့ ချစ်​ခြင်​း​မေတ္တာကို အခြား​သော ရှု​ထောင်​့တစ်​ခုမှ ထူးခြားစွာ ​ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်​လမ်​း​လေးဟာ စဖတ်​မိလိုက်​ရင်​ စာအုပ်​ကို လက်​က မချနိုင်​​အောင်​ပဲ စာဖတ်​သူကို ဆွဲ​ခေါ်သွားမှာပါ ။
    ​ဖွေရှာ​မောရသူမယ်​ စာအုပ်​နဲ့ လုံချင်​း​လောကမှာ ပွဲထွက်​​ကောင်​းခဲ့တဲ့ ဆရာမ ​ဆေး​ဆေရဲ့ ဒုတိယ​မြောက်​ လက်​ရာ ၊ ပင်​ကို​ရေး ဝတ္ထု​ အသစ်​တစ်​ပုဒ်​ ဖြစ်​ပါတယ်​ ။

  • ပင်လယ်ဆီသို့

    ရည်ရွယ်ချက်တိုင်းရဲ့ ခရီးအဆုံးမှာ ပန်းတိုင်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်အောင်ကြိုးစားမယ် ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိမယ်ဆိုရင် ပန်းတိုင်ကို ရောက်ကို ရောက်ပါတယ်။ ဒီစာအုပ်လေးမှာလည်း မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့တဲ့ လူငယ်တစ်ဦးအကြောင်း ဖတ်ရှုရမှာပါ။

    မျှော်လင့်ချက်နဲ့ အစပျိုးခဲ့တဲ့ ခရီးစဉ်တို့ဟာ အမြဲတစေတိုင်းတော့ မချောမွေ့ပါဘူး။ တတိယနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို ထွက်လာခဲ့တဲ့ ‘ကိုထက်ပိုင်’တို့ လူစုဟာ ပန်းတိုင်မရောက်ခင် လမ်းတစ်ထောက်နေရာဖြစ်တဲ့ ထိုင်းမှာ အခက်အခဲ၊ အဆုံးအရှုံးတွေ များစွာကို ကြုံတွေ့ရတယ်။ အောင်မြင်လိုသူတို့ရဲ့ အိပ်မက်အတိုင်း တိုင်းတစ်ပါးမှာ ကြိုးစားငွေရှာဖို့ စီစဉ်ခဲ့ပေမယ့်လည်း လမ်းခရီးအဆုံးမရောက်ခင်မှာတင် မထင်မှတ်တဲ့ အခက်အခဲတွေနဲ့ ကြုံရတယ်ဆိုတာ ဆရာမြစ်ကျိုးအင်း ရဲ့ ပင်လယ်ဆီသို့ မှာ ဖတ်ရှုရပါမယ်။

    ထက်ပိုင် အပါအဝင် ကိုဝင်းမော်၊ ကိုစိုးဝင်း၊ ရဲလေး၊ မင်းမင်း၊ စည်သူတို့ဟာ မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့ကြပါတယ်။ သူတို့ ကြိုမတွက်ထားမိတာက ပင်လယ်မရောက်ခင် လမ်းခရီးမှာ မြစ်ကွေ့တွေလို အခက်အခဲမျိုးစုံကို ကြုံရတော့တာပါပဲ။

    ဆရာမြစ်ကျိုးအင်းဟာ #မျှော်လင့်ခြင်းကို မျှားတဲ့ညနေ (ဝတ္ထုတိုပေါင်းချုပ်) စာအုပ်နဲ့ အမျိုးသားစာပေဆုကို ဆွတ်ခူးထားသူဖြစ်ပြီး ၎င်းစာအုပ်ဟာ အကြိမ်ကြိမ် ရိုက်နှိပ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ #ပင်လယ်ဆီသို့ ဆိုတဲ့စာအုပ်လေးဟာ ဆရာမြစ်ကျိုးအင်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည်ဖြစ်ပြီး ဒီစာအုပ်က ဆရာ့ရဲ့ ပြေပြစ်တဲ့ အရေးအသား၊ ပီပြင်တဲ့ ဇာတ်ကောင်စရိုက်၊ ဖတ်နေရင်း ဟာခနဲ ဖြစ်သွားစေမယ့် ဇာတ်လမ်းဇာတ်ကွက် တည်ဆောက်မှုတို့က ပရိသတ်တို့ကို အကြိုက်တွေ့ဖို့ သေချာပါတယ်။

  • ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း

    မီးရထားကြီးတစ်စီး ဥဩတွေဆွဲရင်း ဘူတာထဲက ထွက်ခွာသွားသည်ဖြစ်စေ .. ဘူတာထဲ ဝင်လာသည်ဖြစ်စေ .. အဲ့ဒီမြင်ကွင်းတွေကို အများစု မြင်ဖူးကြမှာပါ။ မီးရထားကြီးပေါ်မှာ ပါသွားတဲ့ ချစ်သူနဲ့ ဝေးရလို့ လွမ်းရတာ၊ ရထားနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်က မုန့်ဝယ်လာလို့ ပျော်တာ၊ စသဖြင့် မီးရထားတွေဟာ လူသားတွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။

    တကယ်တော့ မီးရထားတွေ အချိန်မှန်မှန် ဘူတာတွေက ထွက်ခွာပြီး အချိန်မှန်မှန် ဆိုက်ဖို့၊ ခရီးလမ်းတစ်လျှောက် ဘေးကင်းဖို့၊ ရထား အတွင်းအပြင် သန့်ရှင်းမှုနဲ့ စီးနင်းသူတို့ သက်သောင့်သက်သာရှိမှုတို့အတွက် ရထားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တစ်နည်း မီးရထားလုပ်ငန်းခွင်က သူတို့တွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိသလို သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေ၊ အတွေးအမြင်တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဒါတွေကို ထုံးလိုချေ ရေလိုနှောက် သိရှိ နားလည်တဲ့ စာရေးဆရာကောင်းတစ်ဦးက ဇာတ်လမ်းအဖြစ် စာစီလိုက်တဲ့အခါ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။

    ဘူတာကြီးရဲ့ အနီးတဝိုက် ဝန်းကျင်က ဝန်ထမ်းဘဝတွေ၊ ဘူတာနဲ့ ရထားတွေကို အမှီပြုပြီး ဝမ်းစာရှာ နေထိုင်ရှင်သန်သူတွေ အကြောင်းကို ဆရာရဲသျှမ်းက “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ ရသမြောက်စွာ ပုံဖော်ခဲ့တယ်။ ဆရာဟာ ရန်ကုန်ဘူတာကြီးမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ရေးသားလိုက်တဲ့ စာများဟာ ကြွရွလှပနေခဲ့တယ်။ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက ရသစာပေဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဟာ “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ မီးရထားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတင်မက ကိုယ်တိုင်ဖြတ်သန်းကြုံတွေခဲ့ရတဲ့ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရသစာဖတ်ဝိုင်းအကြောင်းကို ရသမြောက်စွာ မှတ်တမ်းပြုရေးသားထားတာ ဖတ်ရှုရပါမယ်။

    “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”က ဆရာရဲသျှမ်းရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်ပါတယ်။ ခေတ် ကာလ အဖြစ်အပျက် နေရာ အခင်းအကျင်းတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတို့ ရှိကြတဲ့ ဇာတ်ကောင်များကို ဖွဲ့တည်ထားသည် လို့ အမှာစာမှာ ဖော်ပြထားပြီး စာဖတ်သူ၏ ခံစားမှုသည် အမှန်တရားလို့ ဆိုတဲ့ ဒီဝတ္ထုရှည်မှာ စာဖတ်သူတို့ မီးရထားတစ်စင်းကို နောက်ကွယ်က ခုတ်မောင်းစေသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တာတွေကို ခံစားရမှာပါ။

Main Menu