-
ဇော်က ကနေသည်
အကြည်တော်ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။
တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။
ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။
ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။
Ks 3,000ဇော်က ကနေသည်
Ks 3,000 -
ပြုံးရွှင်သည် ငိုတတ်သည်
အကြည်တော်ပြုံးပျော်ရွှင်နေတဲ့သူတွေ တကယ် ပျော်ကြရဲ့လား။
အထူးသဖြင့် ပရိသတ်ကို ပြုံးပျော်စေဖို့ ဟာသတွေ တရစပ်ထုတ် ၊ ပရိသတ် တဝေါဝေါနဲ့ ပွကျနေချိန် အဲဒီ ဟာသထုတ်နေတဲ့ လူရွှင်တော် ရင်ထဲမှာ တကယ် ပျော်နေပါသလား ။ဒါမှမဟုတ် ပြုံးနေတဲ့ မျက်နှာအောက်က ရင်ဘတ်ထဲမှာ မီးစကြီး မြိုထားရသလိုပဲ ခံစားနေရသလား ။
သူတစ်ပါးကို အားနာတတ်ပြီး ရိုးသားတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝက လူကောင်းမှန်ပေမဲ့ အကျိုးပေး မကောင်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့ ။ တစ်ကိုယ်ကောင်းဆန်တဲ့ ဇတ်ဆရာကြောင့် လေဖြတ်နေတဲ့ မိန်းမနဲ့ မွေးကင်းစ သမီးလေးကို ကျောပိုးပြီး ဇတ်သဘင်လောက ကနေ အနားယူလိုက်ရတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝဟာ ခါးသက်လွန်းခဲ့တယ် ။
စင်ပေါ်ကနေ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေနိုင်သူရဲ့ စင်နောက်က ဘဝဟာ အတော်ဆိုးပါလား နော်။
ဆရာ အကြည်တော်ရေးတဲ့ ဝတ္ထုဆိုရင် ရယ်မောစရာလို့ပဲ မှတ်ယူထားသူတွေအတွက် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားစေနိုင်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်ပါ။
ဇတ်စင်ပေါ်က ဟာသ ပြက်လုံးတွေ တစ်လှေကြီး ပါပြီး ကြေကွဲရတဲ့ ဝတ္ထု တစ်ပုဒ် ။
ကိုယ်တိုင်က ပူပင်သောက ဗရပွ ပေမဲ့ သူများကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ လူရွှင်တော် တွေရဲ့ ဘဝခါးခါး ကို စာနာစိတ်လေး ဝင်သွားစေနိုင်တဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်ပါကြောင်း …Ks 4,000ပြုံးရွှင်သည် ငိုတတ်သည်
Ks 4,000 -
အခါတစ်ပါး
စံပယ်ဖြူနုတချို့တံခါးတွေကတော့ တစ်ကြိမ် ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်သက်စာ ပြန်ဖွင့်ခွင့် မရှိတော့ဘူး။
ချစ်တယ်ဆိုတာ မတွေ့တာ နှစ်နဲ့ချီ ကြာနေတာတောင် သူ ကြိုက်တဲ့ ကော်ဖီအရသာကို မှတ်မိနေတာမျိုး။ချစ်တယ် ဆိုတာ အားလုံးဝိုင်းထိုင်ပြီး မုန့်ဟင်းခါး စားနေချိန်မှ ကြက်သွန်ဥလေးတွေကို ကိုယ့်ပန်းကန်ထဲ တိတ်တိတ်လေး ထည့်ပေးလိုက်တာမျိုး။
ဖွင့်ဟပြောမှ ချစ်တယ်လို့ သိရမှာလားလို့ မေးခွန်းထုတ်ချင်စိတ် ပေါက်လာတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး။ စိတ်ထဲရှိသမျှစကားတွေ အကုန်ပြောပြဖို့ ချစ်တဲ့သူနှစ်ယောက် အတွက် ဘာလို့များ အခွင့်အရေး မရှိခဲ့တာလဲ။မရေရာတဲ့ လမ်းတစ်ခုပေါ်မှာ စောင့်စားသူ ရောက်လာမလာခဲ့တာတောင် ကံကြမ္မာကို ယုံကြည်ပြီးနှစ်ရှည်လများ စောင့်စားနေခဲ့သူ လေးလေးမော်။ ဘယ်တော့မှ မပြောခဲ့တဲ့ စကားတွေဟာ ဘယ်တော့မှလည်း ထပ်ကြားစရာမလိုဘဲ မြေမှုန်လေးတွေ ကြားထဲတိုးဝင်ပျောက်ကွယ်သွားတော့မလားလို့ ခံစားနေရတဲ့ သက်ဇော် ခေါ် ရည်းစားများတဲ့ ကောင်ချောလေး ဖိုးသက်။ သဘောကောင်းသူ တစ်ယောက်လို့ ပတ်ဝန်းကျင်က ယုံမှတ်စေဖို့ စည်းတွေဘောင်တွေ ကြားမှာ အတင်း လူကြီးဆန်နေရတဲ့ ကိုကိုမင်းထက်။ သူတို့သုံးဦးရဲ့ ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်။
အမျိုးသားစာပေဆုရ ဆရာမ စံပယ်ဖြူနုရဲ့ ပထမဦးဆုံး လက်ရာဖြစ်တဲ့ ဝတ္ထုလတ်။လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွင်းအဇ္ဇျတ္တ အတွေးတွေ၊ ရင်ခုန်လှိုက်မောစရာတွေကို ခံစားမိစေမယ့် ဝတ္ထုတစ်ပုဒ်။
Ks 3,500အခါတစ်ပါး
Ks 3,500 -
ထုံးဆက်လက်ကျန်
ခတ္တာခင်အိပ်မက်မက်တယ် … “သူ အိပ်မက်ထဲမှာ မြင်တာက အရိုးစုတစ်စုနဲ့ မြေအိုးတစ်လုံး၊ အဲ့ဒီနှစ်ခုက သပ်သပ်စီ မဟုတ်။ အရိုးစုက မြေအိုးကို ပွေ့ဖက်ထားသလို။ သူကြည့်နေရင်း အရိုးစုထံက ညည်းသံကြားသလား၊ ဒါတင်မက အရိုးစုက သူ့ကို ပြန်ကြည့်နေသလား၊ ကြောက်မိနေသလား မကြောက်မိနေသလားဆိုတာထက် စိတ်ဝင်စားမှုက ပိုနေတော့ ….”
အိပ်မက်ဆိုတာ စိတ်စွဲလို့ မက်တာလား .. ? တစ်စုံတစ်ခုက နိမိတ်ပေးချင်လို့ မက်တာလား .. ?
တချို့အိပ်မက်တွေက မက်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပေမယ့် တချို့အိပ်မက်တွေက လက်တွေ့ဘဝမှာ တိုက်တိုင်ဆိုင်ဆိုင် ဖြစ်လာလေတော့ … ။ဒေါက်တာအောင်နိုင်သူ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ ထားသိုရာ ဗဟိုဌာန၊ (အိုးနှင့်အိုးခြမ်းကွဲဌာန)က အိုးခြမ်းကွဲများ စုဆောင်းထိန်းသိမ်းရေးတာဝန်ခံ။ သုတေသနလုပ်ငန်းမှာ ဘဝကြီးတစ်ခုလုံး စိတ်ပါဝင်စားစွာ အချိန်ပေး မြုပ်နှံထားသူတစ်ဦးဖြစ်ပြီး အလုပ်နဲ့ ဘဝ တစ်ထပ်တည်းကျတဲ့ ပညာရှင်တစ်ဦး။ စာတမ်းတစ်စောင် ပြုစုနေချိန်မှာ အရိုးစုတစ်စုက ထူးခြားတဲ့ ဒီဇိုင်းလက်ရာနဲ့ အိုးတစ်လုံးကို ဖက်ထားတာကို အိပ်မက်မက်မြင်ပြီးတဲ့ နောက်မှာပဲ ဒေါက်တာအောင်နိုင်သူဟာ အပြင်လောကမှာပါ အိပ်မက်ထဲကအတိုင်း အံ့အားသင့်စွာ ထပ်တူမြင်တွေ့ခဲ့ရတယ်။ သူမြင်တွေ့ခဲ့ရတဲ့အိုးပေါ်မှာက သီရိဝစ္ဆတံဆိပ်နဲ့။
ဒီလိုနဲ့ ဒေါက်တာအောင်နိုင်သူနဲ့ ဘဝမှာ ထူးခြားတာတွေ ကြုံလာခဲ့တယ်။ ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်ရာက ရောက်မှန်းမသိ ရောက်သွားတဲ့ မြို့တစ်နေရာက သီရိဝစ္ဆအိုးရုံ၊ သီရိဝစ္ဆအိုးရုံလုပ်ငန်းက မိန်းမချောလေး အိမ်မွန်၊ တစ်ချိန်က မီးလောင်ကျွမ်းမှု၊ အိပ်မက်နဲ့ ပြင်ပလောက ထပ်တူကျတဲ့ အရိုးစုနဲ့ မြေအိုး၊ သီရိနဲ့ အောင် ဆိုတဲ့ ချစ်သူနှစ်ဦး၊ ငယ်သူငယ်ချင်းရဲ့ မနာလိုစိတ်၊ ဖြေရှင်းရခက်တဲ့ အမှန် အမှားပြဿနာနဲ့ နောက်ကွယ်က လာဘ်ပေးလာဘ်ယူ ချစားမှု။
ဆရာမခတ္တာခင်ရဲ့ ရှေ့ကထွက်ရှိခဲ့တဲ့ ဝတ္ထုကောင်းများနည်းတူ .. အစတစ်မျက်နှာ ဖတ်မိတာနဲ့ အဆုံးထိ ရင်တမမနဲ့ ဖတ်ရှုရမယ့် ရသဇာတ်လမ်းကောင်းတစ်ပုဒ် “ထုံးဆက်လက်ကျန်”။ ဒီစာအုပ်မှာ ဆရာမ ခတ္တာခင်ဟာ မြေအိုးနဲ့ အိုးခြမ်းကွဲတွေရဲ့ သုတေသနဆိုင်ရာ အချက်အလက်တွေကို တိတိကျကျ လေ့လာပြီး ဇာတ်လမ်းထဲမှာ ပါးပါးလှပ်လှပ်လေး ထည့်ရေးထားပါတယ်။ စာရေးသူရဲ့ ရသအရေးအသားကျွမ်းကျင်မှု၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်မွေးမြူနိုင်မှုနဲ့ နောက်ခံဇာတ်လမ်းတို့ကြောင့် သုတေသနအချက်အလက်တွေဟာ ဝတ္ထုထဲ ပျင်းစရာ ဖြစ်မနေဘဲ ဇာတ်လမ်းအချိတ်အဆက်တို့မှာ ပိုလို့ အားကောင်းလာစေခဲ့တယ်။ စာအုပ်ဖတ်ပြီးသွားတာတောင် အဓိကဇာတ်ကောင် ဒေါက်တာအောင်နိုင်သူနဲ့ အိမ်မွန်တို့ဟာ စာဖတ်သူရဲ့ အတွေးထဲမှာ ဆက်ပြီး ရှိနေဦးမယ့် စာအုပ်မျိုး ဖြစ်ပါတယ်။
Ks 5,000ထုံးဆက်လက်ကျန်
Ks 5,000 -
မြက်ခင်းပြင်အလွတ်
ခတ္တာခင်စွမ်းရည် .. ဖတဆိုး သမီးလေး၊ ဖခင်ကို မြင်ခွင့်မရဘဲ လောကထဲရောက်လာသူ စွမ်းရည်ရဲ့ အမေကလည်း အော်တစ်ဇင် မို့ အဘွားသာလျှင် စွမ်းရည်ရဲ့ ဘဝမှာ ပဲ့ကိုင်ရှင်။
လေးမြ … စွမ်းရည်ရဲ့ အဒေါ် (အမေ့ညီမ)၊ ငယ်စဉ်ကပင် အကြောင်းတစ်ခုကြောင့် ကွန်းချောင်းရွာကနေ မြို့တက်ကာ ပင်ကိုယ်အရည်အချင်းများကြောင့် ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသူ၊ လေးလေးမြ အမည်နဲ့ စာရေးဆရာမ အဖြစ်ရောက်ပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် စာဆက်မရေးဖြစ်သော်လည်း အောင်မြင်သောအမျိုးသမီးတစ်ဦးဖြစ်နေဆဲ၊ လှပချောမောတဲ့ လေးမြဟာ နှုတ်ဆိတ်လှပြီး ခန့်မှန်းရ ခက်လွန်းသူ။
ဒေါက်တာအောင်ဇော် .. စွမ်းရည်ရဲ့ အဘွား ကွန်းချောင်းမှာ ဆုံးတော့ ခိုကိုးရာမဲ့ဖြစ်နေတဲ့ စွမ်းရည်နဲ့ သူ့အမေကို လေးမေက မြို့မှာနေဖို့ ခေါ်လာရာက စွမ်းရည်ရဲ့ အလုပ်ကိစ္စကြောင့် ရင်းနှီးခဲ့ကြသူ။ စွမ်းရည်နေတဲ့တိုက်ကနေ ညစဉ်တိုင်းလိုလို အခန်းမီးကို မှိတ်လိုက် ဖွင့်လိုက် ပုံမှန်လုပ်လေ့ရှိတဲ့ ကွန်ဒိုတိုက်ကြီးက အခန်းတစ်ခန်းမှာ တစ်ယောက်တည်းနေထိုင်တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်။
အေးမြ .. စွမ်းရည်ရဲ့ မိခင်။ မွေးရာပါ အော်တစ်ဇင်ရောဂါရှင်၊ မြက်ရိုင်းရှည်တွေကိုသာ အချိန်တိုင်းကြည့်နေချင်သူ၊ ကွန်းချောင်းမှာတုန်းက အေးမြပျောက်ရင် စွမ်းရည်က မြက်ခင်းထဲမှာပင် အမြဲလိုက်ရှာရသူ။
ဆရာမခတ္တာခင်ရဲ့ စာအုပ်တွေဟာ ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်တွေရဲ့ သိစိတ်၊ မသိစိတ်တွေကို စာရေးသူနဲ့ ထပ်တူ စာဖတ်သူတို့က လိုက်ပြီး မြင်တွေ့စေတယ်ဆိုတာ အရင်က ထွက်ဖူးတဲ့ ဆရာမရဲ့ စာအုပ် ၂ အုပ် (ငေးရင်း ဝေးကျန်ရစ်တဲ့ .. ကမ္ဘာ ၊ အနောက်အရပ်ဆီမှာ ငို ..) တို့မှာ စာဖတ်ပရိသတ်တို့ မြင်ခဲ့ပြီးပါပြီ။ ဒီစာအုပ်မှာလည်း ခတ္တာခင်က ထူးပြီး ဆန်းမနေတဲ့ လူတွေကြားက လူတွေရဲ့ မသိစိတ်နောက်ကွယ်က အဇ္ဈတ္တ အချို့ကို ချပြထားတယ်။
လျှို့ဝှက်ပြီး ဝေခွဲရခက်လှပါတယ်ဆိုတဲ့ လူမျိုးတွေဟာ ဘာကြောင့် ဒီလိုမျိုး နေထိုင်ရပ်တည်ရလဲ။ လူ့ဘဝကို အများလို ရေလိုက်ငါးလိုက် မနေဘဲ ထူးထူးခြားခြား ရှင်သန်ဖို့ ဘယ်လိုအကြောင်းတွေက ရေသောက်မြစ်ဖြစ်ခဲ့လဲ။
ဆရာမခတ္တာခင်ရဲ့ ကလောင်ကနေ စွမ်းရည်၊ ကွန်းချောင်းရွာလေး၊ စွမ်းရည်ရဲ့ အဘွား မှသည် လေးမေ၊ အော်တစ်ဇင်ရောဂါသည် အေးမေ၊ ဒေါက်တာအောင်ဇော်တို့ရဲ့ စိတ်ဝင်စားဖွယ် အဖြစ်သနစ်တွေကို “မြက်ခင်းပြင်အလွတ်” ထဲမှာ ဖွေရှာရင်းနဲ့ သူတို့တွေရဲ့ ဘဝတွေ၊ မသိစိတ်တွေကို စာရှုသူတို့ မြင်လာ၊ နားလည်လာပါလိမ့်မယ်။
Ks 4,000မြက်ခင်းပြင်အလွတ်
Ks 4,000 -
နေခြည်ဖြာ၍ လင်းစေသား
ချစ်ခိုင်စံ“ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်” လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ ‘နေခြည်ဖြာ၍ လင်းစေသား’ ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။
ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။
မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ …ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။
‘နေခြည်ဖြာ၍ လင်းစေသား’မှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Ks 6,000နေခြည်ဖြာ၍ လင်းစေသား
Ks 6,000 -
ရွက်ခြောက်
ချစ်ခိုင်စံလမ်းပေါ်က လေလွင့်လူငယ်လေးတွေကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဒီနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ မြို့အများစုက လေလွင့်လူငယ်တို့ရဲ့ ပြောဟန်ဆိုဟန်၊ လှုပ်ရှားသွားလာဟန်၊ စတာတွေကို မကြာခဏ ဆိုသလို မြင်ဖူးကြမှာပါ။ လူတို့ မြင်ကြတာ သူတို့ရဲ့ ပြင်ပပုဂ္ဂလိကဟန်တွေ ဆိုရင် မမှားပါဘူး။ တကယ်တော့ လေလွင့်လူငယ်လေးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ သူတို့မှာ ခံစားချက်တွေ၊ လောဘဒေါသ၊ လိုအင်ဆန္ဒ စတဲ့ အဇ္ဈတ္တတွေ ရှိကြပါတယ်။
ချစ်ခိုင်စံ ရဲ့ ဝတ္ထုရှည် ရွက်ခြောက်ကို ဖတ်ကြည့်မယ်ဆို စာရှုသူဟာ မြို့ကလေးတစ်မြို့က လေလွင့်လူငယ်လေးတွေရဲ့ ရင်ဘတ်တွေကို ဆွဲဖွင့်ကြည့်မိစေပါမယ်။ လေလွင့်လူငယ်ဆိုရာမှာ မျိုးရိုးအရ မိသားစုလိုက် တောင်းစားကြတာရှိသလို ငယ်စဉ်ကပင် ကလေးခိုးဂိုဏ်လက်ချက်မိပြီး / ရောင်းစားခံရပြီး လေလွင့်လူငယ်ဖြစ်လာသူရယ်လို့ ရှိကြရာ ချစ်ခိုင်စံရဲ့ ရွက်ခြောက်မှာ ဖတ်ရှုရမှာက ဒုတိယအမျိုးအစားပါ။ မြို့လေးက လူဆိုးဂိုဏ်းပုံစံဖွဲ့စည်းထားတဲ့ “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ လက်အောက်ကို တစ်နည်းမဟုတ် တစ်နည်းရောက်လာတဲ့ ကောင်လေး၊ ကောင်မလေးတွေ ဖြစ်တဲ့ ပိန်သေး၊ စိန်ကုလား၊ ဝဲထူ၊ ပေကလုံး၊ ပုံဆိုးမ၊ နှပ်ရှုံ့မ တို့ဟာ မနက်ဆို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တံတားကြီးအောက်ကနေ မြို့အနှံ့ကို အသီးသီး ထွက်ပြီး လှည့်ပတ်တောင်းစားကြတယ်။ တောင်းလို့ ငွေအရများရင် သူတို့ကို ထိန်းသိမ်းထားတဲ့ စိန်ကြီးတို့ရဲ့ လက်သီး၊ခြေထောက်ဒဏ်တွေက လွတ်မြောက်ပါတယ်။ နည်းရင်တော့ ပိုးစိုးပက်စက်ဆဲခံရရုံမက ပုံစံမျိုးစုံ ဗျင်းခံရပါတယ်။ တောင်းရတာ ငွေများများရရ နည်းနည်းရရ ပိန်သေးတို့အုပ်စုရဲ့ ဆုလာဘ်က ကော်ရှူရတာပါ။ အစားကောင်းကောင်းကျွေးစရာမလိုဘဲ သူတောင်းစားလေးတွေကို ကော်ရှူခိုင်းပြီး စိန်ကြီးတို့လို “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ အလိုတွေ လိုက်စေတာ မဆန်းတဲ့ နည်းတွေပါပဲ။
သာမန်လူတို့အဖို့ အချိန်တွေကြာလာရင် .. အသက်ကြီးလာရင် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်ကြပေမယ့် လေလွင့်လူငယ်လေးတွေရဲ့ ဘဝမှာ ငယ်စဉ်အခါ နေ့တွေ ရက်တွေကနေ လတွေ နှစ်တွေ ကြာလာတော့ ကောင်လေးတွေက သူခိုး၊ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ပြည့်တန်ဆာပွဲစား စသဖြင့် ဖြစ်လာပြီး ကောင်မလေးတွေက အရွယ်ရောက်တော့ ပြည့်တန်ဆာ ဖြစ်ကြရပါတယ်။ သစ်ပင်တစ်ပင်က သစ်ရွက်တွေ ကြွေပြီး သစ်ရွက်တစ်ရွက် ရွက်ခြောက်ဖြစ်လာတဲ့အခါ အသုံးသိပ်မတည့်တော့သလို လူ့လောကမှာ လေလွင့်လူငယ်လာဖြစ်တဲ့ ပိန်သေးတို့ဟာ လူတွေကြားမှာ ရွက်ခြောက်သာသာ။ သူတို့ရဲ့ အနာဂတ်နေ့ရက်တွေက အလင်းရောင်မဲ့။ မျှော်လင့်ချက်နတ္ထိဆိုပေမယ့် ကံကြမ္မာရဲ့ ဇာတ်ရုပ်ရေးမှုမှာ ပိန်သေးတစ်ယောက် ဘာဖြစ်လာမလဲ။ စိန်ကုလားကကော သူလွတ်မြောက်ချင်တဲ့ လေလွင့်လူငယ် ဘဝက အမြန်ဆုံးလွတ်မြောက်ခဲ့လား။ ဝဲထူနဲ့ ပေကလုံးက ဘာဖြစ်လာမှာလဲ။ ကောင်မလေးတွေဖြစ်တဲ့ ပုံဆိုးမနဲ့ နှပ်ရှုံ့မတို့ကော ဘာတွေဖြစ်ခဲ့မလဲ။ စာရေးဆရာ ချစ်ခိုင်စံက ရွက်ခြောက်ကို တစ်ခါဖတ်ပြီးတာနဲ့ မမေ့နိုင်မယ့် ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ပုံဖော်ရေးသားထားတာကို စာရှုသူ ရင်တမမနဲ့ ဖတ်ရှုရမှာပါ။
Ks 4,500ရွက်ခြောက်
Ks 4,500 -
ပင်လယ်ဆီသို့
မြစ်ကျိုးအင်းရည်ရွယ်ချက်တိုင်းရဲ့ ခရီးအဆုံးမှာ ပန်းတိုင်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်အောင်ကြိုးစားမယ် ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိမယ်ဆိုရင် ပန်းတိုင်ကို ရောက်ကို ရောက်ပါတယ်။ ဒီစာအုပ်လေးမှာလည်း မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့တဲ့ လူငယ်တစ်ဦးအကြောင်း ဖတ်ရှုရမှာပါ။
မျှော်လင့်ချက်နဲ့ အစပျိုးခဲ့တဲ့ ခရီးစဉ်တို့ဟာ အမြဲတစေတိုင်းတော့ မချောမွေ့ပါဘူး။ တတိယနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို ထွက်လာခဲ့တဲ့ ‘ကိုထက်ပိုင်’တို့ လူစုဟာ ပန်းတိုင်မရောက်ခင် လမ်းတစ်ထောက်နေရာဖြစ်တဲ့ ထိုင်းမှာ အခက်အခဲ၊ အဆုံးအရှုံးတွေ များစွာကို ကြုံတွေ့ရတယ်။ အောင်မြင်လိုသူတို့ရဲ့ အိပ်မက်အတိုင်း တိုင်းတစ်ပါးမှာ ကြိုးစားငွေရှာဖို့ စီစဉ်ခဲ့ပေမယ့်လည်း လမ်းခရီးအဆုံးမရောက်ခင်မှာတင် မထင်မှတ်တဲ့ အခက်အခဲတွေနဲ့ ကြုံရတယ်ဆိုတာ ဆရာမြစ်ကျိုးအင်း ရဲ့ ပင်လယ်ဆီသို့ မှာ ဖတ်ရှုရပါမယ်။
ထက်ပိုင် အပါအဝင် ကိုဝင်းမော်၊ ကိုစိုးဝင်း၊ ရဲလေး၊ မင်းမင်း၊ စည်သူတို့ဟာ မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့ကြပါတယ်။ သူတို့ ကြိုမတွက်ထားမိတာက ပင်လယ်မရောက်ခင် လမ်းခရီးမှာ မြစ်ကွေ့တွေလို အခက်အခဲမျိုးစုံကို ကြုံရတော့တာပါပဲ။
ဆရာမြစ်ကျိုးအင်းဟာ #မျှော်လင့်ခြင်းကို မျှားတဲ့ညနေ (ဝတ္ထုတိုပေါင်းချုပ်) စာအုပ်နဲ့ အမျိုးသားစာပေဆုကို ဆွတ်ခူးထားသူဖြစ်ပြီး ၎င်းစာအုပ်ဟာ အကြိမ်ကြိမ် ရိုက်နှိပ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ #ပင်လယ်ဆီသို့ ဆိုတဲ့စာအုပ်လေးဟာ ဆရာမြစ်ကျိုးအင်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည်ဖြစ်ပြီး ဒီစာအုပ်က ဆရာ့ရဲ့ ပြေပြစ်တဲ့ အရေးအသား၊ ပီပြင်တဲ့ ဇာတ်ကောင်စရိုက်၊ ဖတ်နေရင်း ဟာခနဲ ဖြစ်သွားစေမယ့် ဇာတ်လမ်းဇာတ်ကွက် တည်ဆောက်မှုတို့က ပရိသတ်တို့ကို အကြိုက်တွေ့ဖို့ သေချာပါတယ်။
Ks 5,000ပင်လယ်ဆီသို့
Ks 5,000 -
နာဂိုဒေး မိုင်ဒူဂူရီ
မယ်ကျွိအာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။
မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။
အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။
Ks 3,500နာဂိုဒေး မိုင်ဒူဂူရီ
Ks 3,500 -
အရှက်သည်းသည်း
ကိုပေါက် (မန္တလေး)“ရှက်ဖူးကြသလား …”
မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။
အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။
“စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
“ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
“မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။
“ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။
Ks 3,500အရှက်သည်းသည်း
Ks 3,500 -
အချစ်ရယ် ပြယ်တလွင့်
အေထူးအောင် (အဏ္ဏဝါ)ချစ်သူ နှစ်ယောက် တွေ့ဆုံကြခြင်းဟာ ရေစက်လို့ ပြောရင် ခွဲခွာကြတယ် ဆိုရင်ရော ဘာလို့ပြောရမလဲ ။
တချို့သော အတွေ့အကြုံတွေက တသက်လုံး မှတ်မိနေတတ်တာမျိုး။ အထူးသဖြင့် ကျောင်းသားဘဝပေါ့။ ပန်းကလေးတွေဟာ သဘာဝလောကကြီးမှာ ကျောင်းတက်သလိုမျိုး၊ အခု ဒီ ဇာတ်လမ်းထဲက ရေကြောင်းတက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရန်ထက်ကျော် ဆိုတဲ့ ကျောင်းသားလေးနဲ့ သဲပွင့်မေ ဆိုတဲ့ ကျောင်းသူလေးတို့ရဲ့ အဖြစ်အပျက်တွေ။
အချစ်ရှိရာ ကောင်းကင်ပြာ၌
တိမ်လွှာနှစ်မျှင် ချစ်ငင်ကြသည်
သွင်သွင် စီးမျောနေကြသည်…
လေနှင်အလာ ထိုတိမ်လွှာတို့
နှစ်မြွှာကွဲပြတ် ခွဲထွက်ကြသည်
သက်သက် ဝေးလွင့် ကုန်ကြသည်..
တဲ့ …နူးညံ့တဲ့ အရေးအသား၊ လှပတဲ့ အဖွဲ့အနွဲ့တွေနဲ့ ပုံဖော်ထားတဲ့ ဒီ ဇာတ်လမ်းက စာဖတ်သူကို တက္ကသိုလ် ကျောင်းတော်သားဘဝကို ပြန်ရောက်စေမှာ ဖြစ်ပါတယ်။
ရေကြောင်းတက္ကသိုလ် ကျောင်းသားလေးနဲ့ မန္တလေးတက္ကသိုလ် ကျောင်းသူတစ်ဦးတို့ရဲ့ ကြည်နူးလွမ်းမောစရာ ဇာတ်လမ်းလေးတစ်ပုဒ်။ လွမ်းမောရခြင်းတွေထဲမှာ တက္ကသိုလ် ကျောင်းသားဘဝကို လွမ်းတမ်းတခြင်းဟာ ကြည်နူးစရာ အကောင်းဆုံး ပါပဲ ။
Ks 4,000အချစ်ရယ် ပြယ်တလွင့်
Ks 4,000 -
ငါ့အခန်းမျက်နှာကြက်က ကြယ်ကလေးတွေ
မင်းဝေဟင်အရွယ်ရောက်ပြီးသူတိုင်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ လူတွေဟာ လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသ၊ အသားအရောင်၊ ရုပ်ရည် မည်သို့ပင် ကွဲပြားပါစေ .. ဆယ်ကျော်သက်ဘဝမှာ ကိုယ်စီကိုယ်စီ အမှတ်တရတွေ ရှိကြတာချင်းတော့ တူညီကြပါလိမ့်မယ်။ ဆရာ’မင်းဝေဟင်’ရဲ့ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’မှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ဖြတ်သန်းတဲ့ ဘဝမျက်နှာစာတွေကို ဖတ်ရှုရမှာပါ။ ကျော်စည်သူဆက်ဟာ မောင်နှမရင်းချာ မရှိသူ တစ်ဦးတည်းသောသား၊ မိခင်က ပလာဇာမှာ ဖက်ရှင်ဆိုင်ဖွင့်ထားပြီး ဖခင်က သုံးသုံးဖြုန်းဖြုန်း စီးပွားရေးသမား၊ ပျော်သလိုနေတတ်တဲ့ မိဘနှစ်ပါးရဲ့ ကြားက ကလေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် .. တိတိကျကျဆို ဆယ်တန်းအရွယ်မှာ ကျော်စည်သူဆက်ရဲ့ ဖခင်ဟာ ဘောလုံးပွဲအလောင်းအစားကြောင့် အဆင့်မြင့်အိမ်ရာထဲ ခြံနဲ့တိုက်နဲ့ နေရတဲ့ဘဝကနေ တောင်ဒဂုံဘက်ကို အထည်ကြီးပျက်ဘဝနဲ့ ရောက်သွားတယ်။ မိဘရဲ့ ဂရုအစိုက်မခံရမှု၊ ကျဆင်းသွားတဲ့ မိသားစုအခြေအနေတွေကြောင့် သူ့ဘဝရဲ့ ရွှေရောင်နေ့ရက်ကာလတွေဟာ မျှော်လင့်သလို ဖြစ်မလာတာတွေ ကြုံခဲ့ရတယ်။ ခပ်ကြမ်းကြမ်း ရိုက်ခတ်လာတဲ့ ဘဝနေ့ရက်တွေကို ရင်ဆိုင်ရတဲ့ ဇာတ်ကောင်လူငယ်လေးရဲ့ ရင်တွင်းစကားတွေကို ဒီဝတ္ထုမှာ စာဖတ်သူတို့ကို တိုက်ရိုက်ပြောဟန်နဲ့ ရေးဖွဲ့ထားတယ်။
“ငါတို့အခန်းရဲ့ အတန်းပိုင်ဆရာမလား၊ ထိုင်ပြောနေရရင် ညနေကျောင်းဆင်းချိန်တောင် ပြီးမှာမဟုတ်၊ ၃၁ ဘုံမှာ အရစ်နိုင်ဆုံးသော ဆရာမ”
“အခု တောင်ဒဂုံပြောင်းလာရတော့ ပင့်ကူအိမ်လေးနဲ့ ဟမ်းစတားအိမ်လေးတွေ ငါ ဒီအိမ်အထိ သယ်လာခဲ့တယ်ဆိုပေမဲ့ မျက်နှာကြက်မှာ ကြယ်ကလေးတွေ ရှိတဲ့ ဒီအိမ်လေးရဲ့ ငါ့အခန်းကျဉ်းကျဉ်းလေးထဲမှာ သူတို့တွေလည်း အနေကျပ်ကျပ်၊ ငါလည်း အနေကျပ်ကျပ်”
“ဟင် .. ဒါဆို ဖေဖေကရော … ငါရခဲ့တဲ့ အနံ့တွေရပြီး တစ်ညလုံး တစ်နေ့လုံး နောက်ထပ် အဲ့ဒီအနံ့တွေကိုပဲ ထပ်ကာထပ်ကာရပြီး ငါ့လို အိပ်မရဘဲ ဖြစ်နေမှာမျိုးလား”
.
မင်းဝေဟင်ဟာ ရွှေအမြုတေ(ဝတ္ထုတို)ဆု ၁ ကြိမ်၊ ရွှေအမြုတေပရိသတ်အကြိုက်ဆု ၂ ကြိမ်၊ နှင်းဆီသူရဲကောင်းစာပေဆု ၁ ကြိမ် ရခဲ့ကာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားစာပေ(ဝတ္ထုတို)ဆုကို ဆွတ်ခူးထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ္ထုတိုစုစည်းမှုစာအုပ်များ၊ မဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှုတို့ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ကာ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’ က ဆရာမင်းဝေဟင်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုစာအုပ်ဖြစ်ပါတယ်။Ks 4,000ငါ့အခန်းမျက်နှာကြက်က ကြယ်ကလေးတွေ
Ks 4,000