• ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ

    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ခေတ်စနစ်တစ်ခုအပေါ် အ‌ခြေခံပြီး ကွဲပြားခြားနားသွားသည့် လူ့သဘော လူ့စရိုက်သဘာဝကို ဖော်ပြထားသည်။
    အခြေခံအုတ်မြစ်ဖြစ်သော တောင်သူလယ်သမားတို့၏ ချွေးစက်များကို တန်ဖိုးထား ကာကွယ်လိုသောစိတ်၊ တောသူတောင်သားတို့အပေါ် ငဲ့ညှာထောက်ထားစေလိုသော စိတ်ရင်းစေတနာတို့ကို ဤဝတ္ထုတွင် စာရေးဆရာ ပုံဖော်ထားသည်ကို တွေ့မြင်ရပေမည်။
    အညာကျေးလက်ဒေသ၏ သာယာအေးချမ်းသော ရှုမျှော်ခင်းအချို့ကို ဖတ်ရှုနေရင်း လိုက်ပါမြင်ယောင် ခံစားစေအောင်လည်း ရေးဖွဲ့သည်။ အညာဒေသ၏ လတ်ဆတ်သော လေကောင်းလေသန့်ကို ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုတွင် ရှူရှိုက်မိစေမည်။ ယာတောသူလေးများ၏ သာယာနာပျော်ဖွယ် တေးသီချင်းသံတို့ကိုလည်း ကြားရမိပြန်မည် ဖြစ်သည်။
    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ယခင်တစ်ချိန်က ရှိခဲ့ဖူးသည့် ခေတ်ကာလတစ်ရပ်ကို ထင်ဟပ်စေသည့် စာကောင်းတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုထဲတွင် ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်သော စိတ်နှလုံးသားတို့ များစွာ ဖူးပွင့်လျက်ရှိပေသည်။
    Ks 6,000
  • ဂေဟာ

    ပထမစာမျက်နှာကို ဖတ်ပြီး အဆုံးထိ ဆွဲခေါ်သွားမယ့် ဝတ္ထုမျိုးမှ ဖတ်ချင်တယ် ဆိုရင်တော့ မဧကံရဲ့ Shelter ဟာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်။ ကေတီဗွီမှာ အလုပ်လုပ်ပြီး မေတ္တာအထားမှားမိလို့ ကိုယ်ဝန်ရသွားတဲ့ ရဲနွယ်လွင် အမည်ရှိ အမျိုးသမီးလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတယ်။ ဒီလို အခင်းအကျင်းမှာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်အဖြစ် Shelter ဝတ္ထု အစကနေ အဆုံး လက်ကမချနိုင်အောင် စာရေးဆရာမ မဧကံက ဘယ်လိုရေးဖွဲ့ထားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှတယ်။

    မိဘဆွေမျိုး ကျောထောက်နောက်ခံမရှိဘဲ မိခင်မေတ္တာတစ်ခုတည်းနဲ့ လွယ်ထားရတဲ့ကလေးကို မရရအောင် မွေးဖို့ဆုံးဖြတ်ခဲ့တဲ့ ရဲနွယ်လွင်။

    ရဲနွယ်လွင်တစ်ယောက် ရှမ်းပြည်နယ်ထဲက ဂေဟာတစ်ခုကို အားကိုးတကြီး ရောက်သွားမိတဲ့အခါ ထင်မှတ်မထားတဲ့ အရာတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။
    တွေ့ဆုံရင်းနှီးမိတဲ့ ကားသမားလေး ထူးမြတ်နောင်နဲ့ကော ဘာတွေဆက်ဖြစ်သွားကြမလဲ။
    အပင်မရှိဘဲ မွှေးနေတဲ့ စန္နကူးနံ့တွေကတစ်ဆင့် အမှတ်မထင် သိရှိလိုက်ရတဲ့ စောမြဝေ။
    သည်မိန်းကလေးရဲ့အဖြစ်အပျက်တွေကိုရော ရဲနွယ်လွင်တစ်ယောက် သိခွင့်ရလာမှာလား။
    ဂေဟာက ဆရာမကြီးဒေါ်သက်ဝေကိုရော ရဲနွယ်လွင် ယုံကြည်အားကိုးရပါ့မလား။
    ရဲနွယ်လွင်ဟာ သူလွယ်ထားရတဲ့ ကလေးကိုရော အပြည့်အဝကာကွယ်နိုင်ပါ့မလား။
    ဒီဂေဟာထဲမှာ ရဲနွယ်လွင်ရဲ့အနာဂတ်ဟာ ဘယ်လိုတွေရှေ့ဆက်ဖြစ်လာမလဲ။

    သူခိုလှုံဖို့ရောက်လာမိတဲ့ ဂေဟာကြီးဟာ လျှို့ဝှက်ချက်တွေပြည့်နေလေတော့ ရဲနွယ်လွင်တစ်ယောက် ဘယ်လို ရင်ဆိုင် ကျော်လွှားသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြက်သီးထအောင် ဖတ်ရှုရပါလိမ့်မယ်။

    စာရေးဆရာမ မဧကံဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့တစ်ခုကို အခြေခံပြီး ဇာတ်လမ်းတစ်ခုလုံးကို သည်းထိတ်ရင်ဖိုဖြစ်အောင် ဖန်တီး ရေးသားသွားပါတယ်။ စဖတ်မိကတည်းက စာဖတ်သူကို တောက်လျှောက် ဆွဲခေါ်သွားမယ့် ဇာတ်အိမ်ဖြစ်ပြီး ဖတ်နေတဲ့လူကိုပါ ဂေဟာထဲ ဆွဲခေါ်သွားနိုင်တဲ့ အရေးအသားမျိုးဖြစ်တယ်။

    Shelter ဝတ္ထုဟာ ဇာတ်လမ်းအဆုံးထိကို ဖတ်ပြီးမှ စိတ်ကျေနပ်ရမယ့် စာအုပ်ဖြစ်ပါတယ်။ ရင်ထိတ် အံ့ဩဖွယ်များ ဖတ်ရှု ခံစားလိုသူတိုင်း လက်မလွတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။

    Ks 8,000

    ဂေဟာ

    Ks 8,000
  • ခိုတွယ်ရာ

    “ရိုးရှင်းတဲ့ အိပ်မက်ရှင် လူငယ်လေးတစ်ယောက်ရဲ့ ကန္တာရထဲက ထူးထွေ ဆန်းပြားတဲ့ အတွေ့အကြုံတွေ”

    လူတိုင်းမှာ မြင်လွယ် သိလွယ်တဲ့ အကျင့်စရိုက်တွေ၊ စိတ်အခြေအနေတွေ ရှိတယ်။ အပေါ်ယံ မျက်နှာဖုံး တစ်ခုလိုပေါ့။ တကယ့်အတွင်းထဲက စိတ်ရဲ့အရောင်ကိုတော့ ကြုံကြိုက်တိုက်ဆိုင်မှသာလျှင် သူတပါးက မြင်ခွင့် သိခွင့်ရကြတယ်။

    သူတကာလို အိပ်မက်ရိုးရိုး ပဲ မက်ခဲ့သူ မင်းမာန်ရဲ့ ဘဝဟာ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ဖအေဖြစ်သူ ကွယ်လွန်သွားတော့ ပြိုကွဲပျက်စီးခဲ့ရတယ်။ ကိုယ်ပိုင် software ထုတ်မယ်၊ အိုင်တီအလုပ်ခန်းလေး ဖွင့်မယ်၊ ချစ်ရသူမိုးနဲ့ နှစ်ယောက်တစ်ဘဝ ထူထောင်မယ် ဆိုတဲ့ ရိုးရိုးရှင်းရှင်း အိပ်မက်လေးတောင် မက်ခွင့်မရဘဲ မိသားစုရဲ့ တာဝန်ကြီးဟာ သူ့ ပခုံးပေါ် ရုတ်တရက် ပြိုဆင်းလာတယ်။

    အဲဒါကြောင့်ပဲ ပါရှန်းပင်လယ် ကျွန်းဆွယ်နိုင်ငံ တစ်ခုဖြစ်တဲ့ ဒါမွန်းပြည်က ဘုရင့်ငှက်ဥယျာဥ်တော် မှာ ငှက်ထိန်းဝန်ထမ်း အဖြစ် တာဝန် သွားရောက် ထမ်းဆောင်ဖို့ လက်ခံလိုက်ရတယ်။

    လှပလွန်းတဲ့ ကန္တာရနိုင်ငံ ၊ ရေနံကုန်ကုန်သွယ်မှုကြောင့် ရွှေပိန်းချကား စီးနိုင်တဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးများ ရှိရာ နိုင်ငံဖြစ်တဲ့ ဒါမွန်း။ ဒါမွန်းပြည် က တယ်ကွန်မယ်လာ ဟာ လင်းယုန် သုတေသနတွေ လုပ်နေတဲ့ ကန္တာရအတွင်းက ဘုရင့်ငှက်ဥယျာဉ်တော် ဖြစ်တယ်။

    အိုင်တီပိုင်း ထူးချွန်တဲ့ နိုင်ငံခြားသားတွေ ဦးစားပေးပြီးခေါ်တဲ့ တယ်ကွန်မယ်လာမှာ လစာကောင်းကောင်းနဲ့ အလုပ်ဝင်ရတာ မင်းမာန်အတွက် မဟာ အခွင့်အရေး တစ်ရပ်ပေပဲ။

    တယ်ကွန်မယ်လာ နဲ့ အနီးဆုံးမြို့ ဖြစ်တဲ့ အယ်မာမြို့လယ် ဒိုင်နက်စတီဟိုတယ် ​​လေးထပ်မှာ အမေရိကန် သီးသန့်ကလပ် တစ်ခုရှိတယ်။ တယ်ကွန်မယ်လာ က သိန်းငှက်ဥယျာဥ် က ဘာတွေ လုပ်နေတာလဲ ဆိုတာ သိချင်စိတ် ငမ်းငမ်းတက်နေတဲ့ အမေရိကန် စစ်အရာရှိတွေ လာနေကျ နေရာပေါ့။

    နေ့စဉ် ဘဝမှာ အပေါ်ယံ အေးခဲ တည်ငြိမ်နေတဲ့ ပုံစံ ရှိပေမဲ့ သွေးဆူလွယ်သော စိတ်ရိုင်းတွေ ရှိတဲ့ မင်းမာန်။ အဲဒီ အမေရိကန် သီးသန့်ကလပ် ကို ရောက်ရှိသွားတဲ့အခါ ဘာတွေများ ကြုံတွေ့ရမလဲ… ။

    ရှေ့က ထွက်ခဲ့တဲ့ ဆရာမ ဆေးဆေ ရဲ့ “ဖွေရှာမောရသူမယ်” ရယ် “တစ်ဘဝဒဏ်ရာ” နှစ်အုပ်နဲ့ လုံဝ တခြားစီ ကွဲထွက်နေတဲ့ ဇတ်လမ်းဆန်းဆန်း တစ်ပုဒ်။ စဖတ်မိလိုက်ရင် စာအုပ် မပြီးမချင်း လက်က မချချင် ဖြစ်မှာပါလို့ ဆိုချင်ပါတယ်။

    Ks 3,000
  • ရွက်ခြောက်

    လမ်းပေါ်က လေလွင့်လူငယ်လေးတွေကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဒီနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ မြို့အများစုက လေလွင့်လူငယ်တို့ရဲ့ ပြောဟန်ဆိုဟန်၊ လှုပ်ရှားသွားလာဟန်၊ စတာတွေကို မကြာခဏ ဆိုသလို မြင်ဖူးကြမှာပါ။ လူတို့ မြင်ကြတာ သူတို့ရဲ့ ပြင်ပပုဂ္ဂလိကဟန်တွေ ဆိုရင် မမှားပါဘူး။ တကယ်တော့ လေလွင့်လူငယ်လေးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ သူတို့မှာ ခံစားချက်တွေ၊ လောဘဒေါသ၊ လိုအင်ဆန္ဒ စတဲ့ အဇ္ဈတ္တတွေ ရှိကြပါတယ်။

    ချစ်ခိုင်စံ ရဲ့ ဝတ္ထုရှည် ရွက်ခြောက်ကို ဖတ်ကြည့်မယ်ဆို စာရှုသူဟာ မြို့ကလေးတစ်မြို့က လေလွင့်လူငယ်လေးတွေရဲ့ ရင်ဘတ်တွေကို ဆွဲဖွင့်ကြည့်မိစေပါမယ်။ လေလွင့်လူငယ်ဆိုရာမှာ မျိုးရိုးအရ မိသားစုလိုက် တောင်းစားကြတာရှိသလို ငယ်စဉ်ကပင် ကလေးခိုးဂိုဏ်လက်ချက်မိပြီး / ရောင်းစားခံရပြီး လေလွင့်လူငယ်ဖြစ်လာသူရယ်လို့ ရှိကြရာ ချစ်ခိုင်စံရဲ့ ရွက်ခြောက်မှာ ဖတ်ရှုရမှာက ဒုတိယအမျိုးအစားပါ။ မြို့လေးက လူဆိုးဂိုဏ်းပုံစံဖွဲ့စည်းထားတဲ့ “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ လက်အောက်ကို တစ်နည်းမဟုတ် တစ်နည်းရောက်လာတဲ့ ကောင်လေး၊ ကောင်မလေးတွေ ဖြစ်တဲ့ ပိန်သေး၊ စိန်ကုလား၊ ဝဲထူ၊ ပေကလုံး၊ ပုံဆိုးမ၊ နှပ်ရှုံ့မ တို့ဟာ မနက်ဆို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တံတားကြီးအောက်ကနေ မြို့အနှံ့ကို အသီးသီး ထွက်ပြီး လှည့်ပတ်တောင်းစားကြတယ်။ တောင်းလို့ ငွေအရများရင် သူတို့ကို ထိန်းသိမ်းထားတဲ့ စိန်ကြီးတို့ရဲ့ လက်သီး၊ခြေထောက်ဒဏ်တွေက လွတ်မြောက်ပါတယ်။ နည်းရင်တော့ ပိုးစိုးပက်စက်ဆဲခံရရုံမက ပုံစံမျိုးစုံ ဗျင်းခံရပါတယ်။ တောင်းရတာ ငွေများများရရ နည်းနည်းရရ ပိန်သေးတို့အုပ်စုရဲ့ ဆုလာဘ်က ကော်ရှူရတာပါ။ အစားကောင်းကောင်းကျွေးစရာမလိုဘဲ သူတောင်းစားလေးတွေကို ကော်ရှူခိုင်းပြီး စိန်ကြီးတို့လို “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ အလိုတွေ လိုက်စေတာ မဆန်းတဲ့ နည်းတွေပါပဲ။

    သာမန်လူတို့အဖို့ အချိန်တွေကြာလာရင် .. အသက်ကြီးလာရင် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်ကြပေမယ့် လေလွင့်လူငယ်လေးတွေရဲ့ ဘဝမှာ ငယ်စဉ်အခါ နေ့တွေ ရက်တွေကနေ လတွေ နှစ်တွေ ကြာလာတော့ ကောင်လေးတွေက သူခိုး၊ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ပြည့်တန်ဆာပွဲစား စသဖြင့် ဖြစ်လာပြီး ကောင်မလေးတွေက အရွယ်ရောက်တော့ ပြည့်တန်ဆာ ဖြစ်ကြရပါတယ်။ သစ်ပင်တစ်ပင်က သစ်ရွက်တွေ ကြွေပြီး သစ်ရွက်တစ်ရွက် ရွက်ခြောက်ဖြစ်လာတဲ့အခါ အသုံးသိပ်မတည့်တော့သလို လူ့လောကမှာ လေလွင့်လူငယ်လာဖြစ်တဲ့ ပိန်သေးတို့ဟာ လူတွေကြားမှာ ရွက်ခြောက်သာသာ။ သူတို့ရဲ့ အနာဂတ်နေ့ရက်တွေက အလင်းရောင်မဲ့။ မျှော်လင့်ချက်နတ္ထိဆိုပေမယ့် ကံကြမ္မာရဲ့ ဇာတ်ရုပ်ရေးမှုမှာ ပိန်သေးတစ်ယောက် ဘာဖြစ်လာမလဲ။ စိန်ကုလားကကော သူလွတ်မြောက်ချင်တဲ့ လေလွင့်လူငယ် ဘဝက အမြန်ဆုံးလွတ်မြောက်ခဲ့လား။ ဝဲထူနဲ့ ပေကလုံးက ဘာဖြစ်လာမှာလဲ။ ကောင်မလေးတွေဖြစ်တဲ့ ပုံဆိုးမနဲ့ နှပ်ရှုံ့မတို့ကော ဘာတွေဖြစ်ခဲ့မလဲ။ စာရေးဆရာ ချစ်ခိုင်စံက ရွက်ခြောက်ကို တစ်ခါဖတ်ပြီးတာနဲ့ မမေ့နိုင်မယ့် ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ပုံဖော်ရေးသားထားတာကို စာရှုသူ ရင်တမမနဲ့ ဖတ်ရှုရမှာပါ။

    Ks 4,500
  • ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

    အသက် ၃၀ အရွယ်တွင်ပင် ထောင်ထဲ ၉ ခါ အဝင်အထွက် လုပ်ပြီးတဲ့ ချစ်သဲ။ ချစ်သဲ ထောင် ၉ ခါကျရခြင်း အကြောင်းကို လူထုဦးလှက “အားလုံးကောင်းကြရဲ့လား” ဆိုတဲ့အမည်နဲ့ စာအုပ်ရေးခဲ့ဖူးတယ်။

    ချစ်သဲက လူမိုက်။ ၁၄ နှစ်သားကတည်းက အမှုတစ်ခုနဲ့ စတင်ရင်ဆိုင်ရပြီး ထောင်နဲ့ အပြင်လောကကို ကူးချည်သန်းချည်လုပ်ရင်း ဘဝကို ကျင်လည်ခဲ့တယ်။ ချစ်သဲ အရွယ်ရောက်လာတော့ လူဆိုးလူပေဖြစ်လာတယ်။ လူအငှားရိုက်ပေးတာ၊ ခိုးတာ၊ လုတာ၊ ချွေးတပ်အငှားလိုက်တာ စတဲ့ လူဆိုးလူပေတို့ရဲ့ အလုပ်တွေကို ကျင်လည်စွာ လုပ်ကိုင်ရင်း ထောင်ထဲ ဝင်လိုက်ထွက်လိုက်ဖြစ်၊ လက်စလက်နရှိသူဆိုတော့ ထောင်ထဲမှာလည်း ထောင့်အဌာရသတွေ ကျွမ်းကျင်စွာ တတ်မြောက်ရင်း ထောင်မင်းသား ဖြစ်လာသူ။ ချစ်သဲထောင်ကျတဲ့ကာလတုန်းက အင်းစိန်ထောင်မှာ ညဘက်ဆို ၁၅ မိနစ် ၁ ခါ ထောင်ဝါဒါတွေက အားလုံးကောင်းကြရဲ့လား လို့ အော်ပြီး မေးတယ်။ ဘဝမှာ ခိုးဆိုးလုနှိုက် ပေတေမိုက်ခဲ့သူ ဘာမှမကောင်းခဲ့တဲ့ ချစ်သဲအဖို့ အဲ့ဒီအော်သံဟာ သူ့ကို တိုက်ရိုက်မေးတယ်လို့ ယုံကြည်ရင်း ထောင်ထဲမှာ တချို့ညတွေဆို အိပ်မပျော်တဲ့အထိပဲ။ လူထုဦးလှက ထောင်ထဲမှာ ချစ်သဲနဲ့ ဆုံတော့ သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးရင်း ချစ်သဲတစ်ယောက် နောက်ထပ် ထောင်မကျတော့ဘဲ လူကောင်းတစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းခဲ့တယ်။ ဆရာမြသန်းတင့်ဟာလည်း ဦးလှရဲ့ စာအုပ်ကို ဖတ်ရင်း ထပ်တူ ဆုတောင်းပြုခဲ့တယ်။ ဒါပေမဲ့ ဆရာတို့ ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး။ ဆရာမြသန်းတင့် ကိုကိုးကျွန်းကနေ အင်းစိန်ထောင် ရောက်လာတဲ့အချိန်မှာ ထောင်ထဲကို ၁၀ ကြိမ်မြောက် ရောက်လာတဲ့ ချစ်သဲနဲ့ တွေ့ပါတော့တယ်။

    ချစ်သဲက သူ ၁၀ ကြိမ်မြောက် ထောင်ကျခဲ့ရင်းအကြောင်းကို ဆရာမြသန်းတင့်ကို လုံးစေ့ပတ်စေ့ ပြောပြပါတယ်။ ၉ ကြိမ်မြောက် ထောင်ကလွတ်ပြီး နောက်ပိုင်း ချစ်သဲရဲ့ ဘဝဇာတ်ကြောင်းက စိတ်ဝင်စားစရာအတိပါ။ တော လူချမ်းသာတွေအတွက် အငှားလူမိုက်လုပ်ပေးခဲ့တာ၊ အစိုးရနဲ့ သူပုန်တပ်တွေကြား နှစ်ဖက်လုံးကို အယုံသွင်းပြီး လိမ်ခဲ့ပုံ၊ ဘုရားပွဲတွေမှာ ကစားဝိုင်းဒိုင်လုပ်ခဲ့တာ၊ ဇာတ်ထဲ မန်နေဂျာရာထူး တစ်နေရာ ရပြီး မင်းသားကို အန္တရာယ်ပေးတာ၊ ဇာတ်မင်းသမီးနဲ့ သံယောဇဉ်ဖြစ်၊ လက်ကြောမတင်းတဲ့ ချစ်သဲအဖို့ ငွေရပြီး လွယ်လွယ်ပြန်ကုန်တာ၊ မထင်မှတ်တဲ့ ကိစ္စကနေ ၁၀ ကြိမ်မြောက် ထောင်ကျရတဲ့ အဖြစ်အပျက် စတဲ့ အကြောင်းတွေဟာ ဆရာမြသန်းတင့်ရဲ့ “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” စာအုပ်ဖြစ်စေခဲ့ပါတယ်။“ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” ဟာ “ကျွန်တော် ဆက်၍ရေးချင်သော ဝတ္ထုများ” စာအုပ်ကို ရေးခဲ့သူ ဆရာမြသန်းတင့်ရဲ့ ကျွန်တော်ဆက်၍ ရေးလိုက်သော ဝတ္ထုတစ်အုပ်လည်း ဖြစ်ပါတယ်

    Ks 3,500
  • ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ

    ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေတဲ့။ ဒီစာအုပ်လေးမှာ ဆရာနေဝန်းနီ(နတ်မောက်)က နိုင်ငံရပ်ခြားကို အခက်အခဲတွေကြား အသက်စွန့်ပြီးသွားရတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝဖြစ်စဥ်ကို ဝတ္ထုဟန် ရေးဖွဲ့ထားတယ်။ ဇာတ်လမ်းအစမှာ ကတည်းက ဇာတ်ကောင်နဲ့ထပ်တူ လိုက်ပါရင်း၊ စိတ်လှုပ်ရှားရင်း၊ ပူပန်ထိတ်လန့်ပေးရင်း … တဖက်နိုင်ငံကို စာဖတ်သူပါ အတူရောက်ရှိသွားသလို ခံစားရမယ်။ တကယ်တမ်း ရောက်သွားပြန်တော့လဲ မမျှော်လင့်ထားတဲ့ အလုပ်ဖြစ်နေတဲ့အခါ ဇာတ်ကောင်တွေနဲ့အတူ ထပ်မောရပြန်တယ်။ မျှော်မှန်းထားသလို မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ ဆန့်ကျင်ဘက် အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရတဲ့အခါ မွန်းကြပ်ပြီး လွတ်မြောက်ချင်သူတွေက အများအပြားပါပဲ။ မခံနိုင်တဲ့အခါ လွတ်မြောက်ရာလမ်းကို ပြေးထွက်ကြရင်း ပြန်လမ်းမဲ့သွားသူတွေလဲ ရှိရဲ့။
    နိုင်ငံရပ်ခြားမှာ တိုင်းတစ်ပါးသားတွေရဲ့ လူလည်ကျမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေက ဒီစာအုပ်ကို ဖတ်နေရင်း ခံပြင်းစရာကောင်းတာကို နားလည်လာပါမယ်။ လည်ရင်လည်သလိုမျိုး မြန်မာနိုင်ငံသားတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာကြပုံဟာ ရင်နာစရာ ကောင်းလှပါတယ်။ နိုင်ငံ အကြီးအသေး ကွာဟပြီး အလုပ်အကိုင် ရှားပါးမှုအရ တက်ဖိခံထားရတဲ့ ဘဝတွေဟာ ပြားချပ်လို့။ လူလူချင်း အမြတ်ထုတ်ကြပုံတွေ၊ လူလူချင်း ချောင်ပိတ်ရိုက်ကြပုံတွေဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ဘာမှမဟုတ်သလိုနဲ့ ကြီးထွားလာကြတယ်။ တဖြည်းဖြည်း ပျောက်ဆုံးလာတဲ့ လူသားပီသမှုတွေကို ဒီစာအုပ်ဖတ်နေရင်း ရင်ထဲမှာ ခံစား တွေ့မြင်ရပါလိမ့်မယ်။
    လူသားတိုင်းဟာ ကိုယ့်ဘဝကိုယ်တော့ ကြယ်တစ်ပွင့်လို တောက်ပချင်ကြတာပါပဲ။ မှေးမှိန်နေရာကနေ အနည်းငယ် ထွန်းလင်းမလားရယ်လို့ နိုင်ငံရပ်ခြားကို မျှော်လင့်တကြီး သွားရောက်လုပ်ကိုင်ကြတဲ့အခါ အဲ့ဒီကြယ်တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ။ သူတို့အားကိုးမိတဲ့ အရပ်ဒေသကရော တကယ့်ကောင်းကင်မှ ဟုတ်ပါလေစ။ သူတို့ဖြစ်ချင်သလို ထွန်းလင်းတောက်ပခွင့်ရော ရှိလာပါ့မလား။ ဒီစာအုပ်လေးထဲမှာ ကြယ်ကလေးတွေ ဘဝအကြောင်း မနီးမဝေး မြင်ကွင်းအချို့၊ ကြယ်ကလေးတွေ ထွန်းလင်းဖို့ ကြိုးစားပုံ၊ ကြယ်ကလေးတွေရဲ့ယုံကြည်ရာ၊ ကြယ်ကလေးတွေရဲ့ ရုန်းကန်ရမှုတို့ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။
    Ks 6,500
  • ဇော်က ကနေသည်

    ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။

    တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။

    ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။

    ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။

    Ks 6,000
  • ဒါ့ကြောင့် … ငါ မရှိ

    ဘဝဟာ ရုပ်ရှင်မဆန်ဘူး၊ တကယ်ရှပ်ထွေး လာပြီဆိုရင်လည်း ဘယ်ရုပ်ရှင်ကမှ လိုက်မမီဘူး …

    “လူသားရဲ့ပြဿနာက နာကျင်ရခြင်းသက်သက် မဟုတ်ဘူး ၊ သို့ပေမဲ့လည်း ဘာကြောင့် ‘ငါ နာကျင်နေရသလဲ’ ဆိုတာကို အော်ညည်းနေတဲ့ မေးခွန်းအတွက် အဖြေက မရှိဘူး ။ ကိုယ်တိုင် မဟုတ်တဲ့ နာကျင်ခြင်းရဲ့ အဓိပ္ပါယ်မဲ့မှုဟာ ယခုအချိန်ထိ လူသားတို့အပေါ် ကျရောက်နေတဲ့ ကျိန်စာတစ်ခုပဲ ”
    ဖရက်ဒရစ်နစ်ရှေး (မိုးသက်ဟန် အမှာစာ မှ)

    နာကျင်ရခြင်း၊ အထီးကျန်ဖြစ်မှု၊ အနီးကပ်ဆုံးမှာရှိနေတဲ့ လူသားတွေရဲ့ သစ္စာပျက်ယွင်းမှုတွေကို ရင်ဆိုင်နေရတဲ့ လူငယ်တစ်ယောက်။ သူ့ရဲ့ထွက်ပေါက်ကတော့ တိရစ္ဆာန် အသေကောင်တွေနဲ့ လူတွေ သေဆုံးမှုတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ပြန်လည်ကြည့်ရှု ခံစားနေတာပဲ ။

    သူ့အတွက် ဘဝဆိုတာ ကျော်ဟိန်း သီချင်းထဲကလို ဝင်လာပြီး ပြန်ထွက်သွားရတဲ့ အခန်းတစ်ခန်းလိုပဲ။ မိဘမေတ္တာ၊ ချစ်ရသူ၊ သူငယ်ချင်း ဘာဆို ဘာမှမရှိတဲ့အခန်းတစ်ခုလို ဘဝကို ပိုင်ဆိုင်ထားသူ တစ်ယောက်ထက်မပို။

    အထီးကျန် ငှက်ကလေးတစ်ကောင်လို နာကျင်မှုတွေ များလာရတဲ့အခါ အမုန်းတရားတွေပဲ စိမ့်ဝင်လာ သလို သူ့ရင်ထဲကိုလည်း အမုန်းတရားတွေပဲ စိမ့်ဝင်လာတယ်လေ။

    “ကိုယ့်သွေးသားကြောင့် ဖြစ်တည်လာရတဲ့ကလေးတစ်ယောက်ကို မိဘဆိုတဲ့ လူတွေဟာ ဘယ်လောက်ထိ မျက်ကွယ်ပြုနိုင်ကြသလဲ။ ကျွန်တော်ကတော့ မကျလာတဲ့ မိုးရေစက်တွေလို မိဘရဲ့ မေတ္တာမိုးတွေကို မမျှော်ချင်တော့ဘူး ” လို့ ဆိုတဲ့ မင်းသက် ။

    သူ က အဘလို့ ခေါ်ရတဲ့ ၊ စစ်မှုထမ်းအရာရှိဘဝကနေ အရပ်ဘက် ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးနဲ့
    စီးပွားရေးလုပ်နေတဲ့ အဖေအရင်းရယ်၊ တစ်နေကုန်တစ်နေခန်း ဈေးဆိုင်မှာပဲ စီးပွားရှာနေတဲ့ အမေရယ်နဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းသက် ဘဝဟာ မိဘရဲ့မေတ္တာကို မခံစားခဲ့ရဘူး။ ကျောင်းမှာဆိုလည်း သူ့အတွက် ရင်းနှီးတဲ့သူငယ်ချင်း တစ်ယောက်ဆိုတစ်ယောက်မှ မရှိပြန်ဘူး။ ‌ဖြေသာတာတစ်ခုက သူ့ကို သိပ်ချစ်တဲ့ အဘွားတစ်ယောက်တော့ ရှိတယ်။ ဒါပေမဲ့ ဘဝတစ်ခုလုံး ဖြတ်သန်းဖို့အတွက်ဆိုရင် အဘွားရဲ့ မေတ္တာနဲ့တင် မလုံလောက်တော့ဘူးလေ။

    သူ့ဘဝ တစ်လျှောက်ဟာ ဘယ်ထဲမှာမှ ဝင်ပါခွင့်မရတဲ့သူ တစ်ယောက်လို၊ ပါခွင့်ရခဲ့ရင်လည်း အ‌ေရးမပါတဲ့ ထမင်းသိုး ဟင်းသိုးလို ဘဝ။ ထမင်းသိုးဟင်းသိုးတွေရဲ့ စိတ်ထဲမှာ ကမ္ဘာကြီးကို ပုံစံတစ်မျိုးနဲ့ မြင်သွားအောင် ဘယ်သူတွေ ဝိုင်းလုပ်ကြသလဲ ။

    နေရဲ့အခြားဘက်ခြမ်းကို ရောက်ရှိနေတဲ့ ကမ္ဘာတစ်ခြမ်းဟာ အမြဲ မှောင်နေသလိုမျိုး စိတ်အမှောင်ခြမ်းတွေ ဟာလည်း လူတိုင်းရဲ့ ဦးနှောက် အတွင်းပိုင်းတွေ ဆီမှာ ပုန်းကွယ် နေနိုင်ပါတယ်။ အဲဒီ အမှောင်ခြမ်းတွေဘက် ရောက်နေတဲ့ ခံစားမှုတွေ၊ အမှောင်ထဲကို နက်သထက် နက်အောင် တိုးဝင်ခဲ့ပုံ‌ေတွကို မင်းသက် ဆိုတဲ့ လူငယ်လေးတစ်ယောက်က ဘယ်လို ဖွင့်ဆိုပြမလဲ နားထောင်ကြည့်ကြရအောင်လားဗျာ ။

    Ks 4,000
  • နေခြည်ဖြာ၍ လင်းစေသား

    “ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်” လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ ‘နေခြည်ဖြာ၍ လင်းစေသား’ ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။

    ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။

    မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ …ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။

    ‘နေခြည်ဖြာ၍ လင်းစေသား’မှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

    Ks 6,000
  • ညို

    နဂို background က မကောင်းရတဲ့ကြား ယောက်ျား စွန့်ပစ်ခြင်းကိုပါ ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝလမ်းခရီးဟာ ဘယ်လိုတွေ ကြမ်းတမ်းနေမလဲ? ဘယ်အခြေအနေထိ ရောက်သွားနိုင်လဲ?

    ဆရာထွန်းတောက်ဋ် (သင်္ချာ) ဟာ ပထမဆုံး လုံးချင်း ‘ခေတ္တ နာကျင်ကြေကွဲခြင်း’ မှာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးရောက် အမျိုးသားတို့ရဲ့ ဘဝကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ယခု ဒုတိယစာအုပ်မှာတော့ ခက်ခဲတဲ့ ဘဝလမ်းကြောင်းပေါ်က ဓနအင်အား ကင်းမဲ့၊ background မကောင်းရှာတဲ့ လင်ပစ်မလေးတစ်ဦးဖြစ်သူ ညိုမီမီခင် ရဲ့ အကြောင်းကို ညို အမည်နဲ့ ရေးဖွဲ့ပါတယ်။ ညို ဆိုတာ အသက် ၂၀ ကျော်အရွယ်မှာတင် အိမ်ထောင်ကျခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန်ရောက် အလုပ်သမတစ်ဦး။ မိဘနေရပ်ကနေ ဝေးရာမှာ ဘဝလမ်းကြောင်းအတွက် အလုပ်လုပ်နေရင်း သူမလိုပဲ ဘဝတူ သိန်းသန်းမောင်နဲ့ လူငယ်သဘာဝ ချစ်ကြိုက်မိရင်း လက်မထပ်လို့ မရတဲ့ အခြေအနေတစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ ညို အိမ်ထောင်သားမွေးဘဝကို ရောက်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ထောင်တစ်ခုကို ရုန်းကန်တည်ဆောက်နေရင်းက ညို့အမျိုးသားဟာ ခြေရှုပ်လာတယ်။ စင်တင်တေးဂီတဆိုင်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်။ အစစအရာရာ နိမ့်ပါးတဲ့ ညို့အတွက် ယောက်ျားကို သဝန်တိုဖို့တောင် ခက်ခဲနေဆဲမှာပဲ သိန်းသန်းမောင် ကားတိုက်မှု ဖြစ်တော့ စင်တင်က ကောင်မလေး မေဘရဏီက ငွေကြေးအကူအညီနဲ့ တခြားလိုအပ်တာတွေ ကူညီရင်း ညို့ရဲ့ မိသားစုဘဝကို ခြယ်လှယ်လာတယ်။ သိန်းသန်းမောင် အချုပ်နဲ့ ထောင်ကလွတ်ပြီး နောက်ပိုင်း မေဘရဏီနဲ့ နိုင်ငံခြားကို အတူထွက်သွားတော့ ညို့ကမ္ဘာဟာ အမှောင်ဖုံးလာတယ်။ ရရာအလုပ်တွေ ဝင်လုပ်ရင်း ကလေးတွေရဲ့ စရိတ်ပေါင်းများစွာနဲ့ ဘဝလမ်းကို ခက်ခက်ခဲခဲ လျှောက်နေရင်းက ကိုဗစ်ကာလမှာတော့ ညို့ကမ္ဘာဟာ လုံးဝ မှောင်မိုက်ထဲ ကျသွားစေခဲ့တယ်။

    အမှောင်လောကထဲက ညိုမီမီခင် ဘဝကို ဘယ်လို ဆက်လက်ရပ်တည်မလဲ။ ဘဝလမ်းကို ဘယ်လို ဆက်လျှောက်မလဲ။

    “ညိုဟာ ဘယ်လို မိန်းမစား၊ ညိုဟာ ဘယ်လို အတန်းအစား ဆိုတာထက် ညို့စိတ်၊ ညို့ဘဝ၊ ညို့ ဆုံးဖြတ်ချက်တွေနဲ့ ညို့ လုပ်ရပ်တွေအပေါ် စာနာ နားလည်ပေးနိုင်ကြမယ် ဆိုရင် ကျေနပ်ပါတယ်” လို့ စာရေးသူက ဆိုပါတယ်။

    တကယ်တော့ ညိုဟာ .. ဘာဖြစ်မလဲ ၊ ညို့ကို ဘယ်လို မြင်ရမလဲ၊ ညို့ရဲ့ ဘဝဇာတ်ကြောင်းက စာရေးသူ မျှော်လင့်သလို ခံစားရစေမှာလား။

    ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ညို ဟာ ဆရာ့စာအုပ်အသစ်ကို မျှော်လင့်နေသူတို့ စိတ်တိုင်းကျ နှစ်ခြိုက်စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။

    Ks 5,000

    ညို

    Ks 5,000
  • ဓမ္မာရုံ

    ရပ်ကွက်ဓမ္မာရုံတစ်ရုံရဲ့ရှေ့တည့်တည့်မှာ နေဖူးကြလား။
    ဓမ္မာရုံလေးရဲ့ရှေ့မှာ နေမိသူတစ်ဦး ကြုံရတဲ့ အကြောင်းတွေရယ်၊ ရပ်ကွက်နဲ့ ဓမ္မာရုံတစ်ရုံအတွင်းက အချို့ဖြစ်ရပ်လေးတွေရယ် အကြောင်းတွေကို ဓမ္မာရုံ ဝတ္ထုအသစ်မှာ ဆရာအကြည်တော်က ဘယ်လိုခွီရအောင် ရေးသားခဲ့သလဲ ..?

    နေ့ညမပြတ် လော်စပီကာအသံက ခပ်ကျယ်ကျယ်၊ ဓမ္မာရုံက သေးသေးသွယ်သွယ်၊
    ဤသည်ကား ရပ်ကွက်၏ ပြယုဂ်။ ဓမ္မာရုံကို ကြည့်လျှင် မြင်နိုင်ပါမည်၊ ယိုင်နဲ့နဲ့ သစ်သားတိုင်ပေါ်မှာ မှီတည်နေပြီး ပျဉ်ကြမ်းကပ် သွပ်ဆွေး ခပ်ရွဲရွဲလေး။
    ရပ်ကွက်က ကြီးကြီးကျယ်ကျယ် မဟုတ်သော်ငြား သိပ်ပြီး လှီလှသည် မဟုတ်။ အခြေခံလူတန်းစား များသည်။ ထိုရပ်ကွက်ကြီးအလယ်မှာ ဆယ်ပေနှစ်ခန်းသာသာ ဓမ္မာရုံလေးက အချက်အချာကျစွာ ရှိနေသည်။

    ၎င်းရပ်ကွက်၊ ၎င်းဓမ္မာရုံရှေ့တည့်တည့်မှာ ဆိုက်ဆိုက်မြိုက်မြိုက် လာနေမိသူက ဖွားငွေခင်။ ဖွားငွေခင်က ရွာမှာ အေးအေးလူလူ တစ်သက်လုံး နေလာခဲ့သူ။ လင်သားဖြစ်သူ ဦးထွန်းတင့် ကွယ်လွန်ပြီးတော့ သားဖြစ်သူက သူတို့နဲ့လဲ နီးနီးနားနား မြို့မှာ အခြေချပါလား ဆိုလို့ အရပ်တစ်ပါးကို ပြောင်းရွှေ့လာတာ။ ပြောင်းမဲ့ပြောင်းတော့လဲ အနှီရပ်ကွက် ဓမ္မာရုံရှေ့တည့်တည့်က အိမ်။
    အဲ့ဒီအိမ် မဝယ်ဖို့ သားဖြစ်သူ ဘယ်လိုနားချချ လက်မခံဘဲ ဝယ်ပြီး နေတယ်။ နေပြီး သကာလမှာတော့ … အင်း ပြောရရင် ဩချရလောက်တဲ့ ရပ်ကွက်ထဲက သာရေးနာရေး ဘာသာရေး ပွဲလမ်းပေါင်းစုံကြောင့် လော်စပီကာဆိုသည့်အရာနဲ့ ဖွားငွေခင်ခမျာ လှလှကြီး တိုးရပါလေရော။ ဖွားငွေခင် ဘာဖြစ်မလဲ?

    ဖွားငွေခင်ရဲ့ အကြောင်းပြီးလေတော့ ဓမ္မာရုံလေးရဲ့ အကျိုးအကြောင်း အဆိုးအကောင်း ဖြစ်ပုံ ဇာတ်စုံကို ဆရာအကြည်တော်က ဆက်ပြီး ရေးသားတင်ပြတယ်။

    သေးသေးသွယ်သွယ် ပိန်လှီလှီ ဆန်ခါပေါက် သွပ်မိုး ဓမ္မာရုံကို ပြင်ဆင်တည်ဆောက်ဖို့ လုပ်ရင်း မုခ်ဦးပဲ ပြီးသွားတာမျိုး၊
    ပြီးတော့ ဓမ္မာရုံပြင်ဆောက်ဖို့ ရပ်ကွက်ထဲက ဓမ္မာရုံလူကြီးတွေ နည်းအမျိုးမျိုး ကြံဖန်စဉ်းစား လုပ်ကြရာက မပြုံးဘဲ ဝါးလုံးကွဲရယ်ရမဲ့ ဟာသတွေကို ဖတ်ရမယ်။
    အို ဘာပြောကောင်းမလဲ … အလွဲတွေနဲ့ ခွီစရာ ဇာတ်လမ်းတွေ … နောက် ရယ်စရာမောစရာ ဆိုတဲ့အတိုင်း ရယ်ပြီး မောသွားရမယ့် အကြောင်းတွေ …
    ရပ်ကွက်ဓမ္မာရုံလေးတစ်ရုံရဲ့ အဖြစ်သနစ်တွေအကြောင်း ဆရာအကြည်တော်ရဲ့ ရေးဟန်အတိုင်း သွက်လက် ရွှင်ပြစွာ ရေးဖွဲ့ထားတဲ့ ဓမ္မာရုံ ဝတ္ထုအသစ်ကို ဖတ်ပြီး ခွီလိုက်ရအောင်လား …

    Ks 4,000
  • ခေတ္တ…နာကျင် ကြေကွဲခြင်း

    “ဒီစာအုပ်ဖတ်ပြီးမှ နိုင်ငံခြားသွား အလုပ်လုပ်ပါ” လို့တော့ မပြောဝံ့ပါဘူး၊
    လူတိုင်း လူတိုင်းရဲ့ ဘဝအခြေခံက မတူညီတာမို့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ဘဝနောင်ရေးအတွက် နိုင်ငံခြားသွား အလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်း ကို ဖတ်ထားဖူးသင့်ပါတယ်။

    ဘာကြောင့်လဲဆို …
    ဒီစာအုပ် (ခေတ္တ..နာကျင် ကြေကွဲခြင်း) ဟာ အမိမြေကိုစွန့်ခွာပြီး တိုင်းတပါးမှာ စီးပွားရှာထွက်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ကိုးစားမှု၊ စိတ်ကူးအိပ်မက်တွေက လက်တွေ့မှာ ဘာတွေ ဖြစ်လာခဲ့လဲ၊ ဘယ်လိုကြုံတွေ့ရသလဲ စတာတွေကို .. အရှိကို အရှိအတိုင်း ချပြထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဝတ္ထုစာအုပ် တစ်အုပ်မို့ပါပဲ။

    ၁၉၉၀ ကျော် နှစ်ကာလတွေမှာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို သွားရောက်အလုပ်လုပ်ကိုင်သူ လူငယ် လူရွယ်များစွာ ရှိခဲ့ကြပြီး မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ ကိုဝင်းထွဋ်လည်း အပါအဝင်ပါ။ ကိုဝင်းထွဋ်ဟာ နေထိုင်ရာ မော်လမြိုင်မြို့ကနေ ရန်ကုန်ကို လာရောက် အလုပ်လုပ်ကိုင်ရင်း အားမရဘဲ နိုင်ငံခြားသွားပြီး ငွေရှာဖို့ မျှော်လင့်ချက် ကြီးမားခဲ့သူပါ။ သူ့ရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေနောက် လိုက်ရင်း မလေးရှားနိုင်ငံဆီ ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ သူကြုံတွေ့ခဲ့ရတာတွေက မျှော်လင့်ခဲ့တဲ့အတိုင်းလား၊ အိပ်မက်ထဲကနဲ့ ဘယ်လိုကွဲခြားနေမလဲ။ စာရေးဆရာ ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်းမှာ ရသမျိုးစုံကို ခံစားရင်း ဖတ်ရှုရပါမယ်။

    ဒီမှတ်တမ်းထဲက ဦးဝင်းထွဋ်ကတော့ “အဲဒီအချိန်ကာလတုန်းက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ဘဝ အတွေ့အကြုံအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ ကျွန်တော် အင်မတန်ထည့်ချင်တဲ့ သတင်းစာကြော်ငြာ ထည့်ဖြစ်ခဲ့မယ်ဆိုရင် ကိုဝင်းထွဋ် ရဲ့(ခေတ္တ ကြေကွဲခြင်းနိုင်ငံ၊ နာကျင်ခြင်းမြို့တော်) လို့ ခေါင်းစဉ်တပ်မှ သဘာဝကျမယ် ထင်ပါတယ်” လို့ ဆိုပါတယ်။

    Ks 5,000

Main Menu