ချစ်ခိုင်စံ – နေခြည်ဖြာ၍ လင်းစေသား

ဆရာချစ်ခိုင်စံရဲ့ စာအုပ်လေးကို ပထမဆုံးဖတ်ဖူးတာပါ။ အရင်တစ်အုပ် “ရွက်ခြောက်”တုန်းကဖတ်ချင်လွန်းလို့ဝယ်ထားပေမယ့်၊ငှားသွားတဲ့မိတ်ဆွေကပြန်လာမပေးတာကြောင့်မဖတ်လိုက်ရပါဘူး။ သည်တစ်အုပ်ကိုတော့ အစ်မလိုချစ်ခင်ရတဲ့ အစ်မတစ်ယောက်က လက်ဆောင်လှမ်းပို့ပေးတာပါ။ဒါလည်း ကျွန်မဖတ်ချင်တယ်ပြောဖူးတာကိုမှတ်ထားပြီး လှမ်းပို့ရှာတာပါ။ကျေးဇူးတင်ရပါတယ်။ မျက်နှာဖုံးလေးနဲ့ စာအုပ်ခေါင်းစဥ်လေးတွေ့မိကတည်းက ကျောင်းဆရာစာအုပ်လေးဆိုတာ
တော့ရိပ်မိခဲ့သား။
စာရေးသူကိုယ်တိုင်က ကျောင်းဆရာဖြစ်ခဲ့ဖူးတာမို့ထင်ပါရဲ့။ဆရာတပည့်ကြားက သံယောဇဥ်၊ တပည့်တွေအပေါ်ထားရှိတဲ့ဆရာ့စေတနာ၊ မြို့ကျောင်းနဲ့ တောကျောင်းကလေးတွေရဲ့ အစစအရာရာ ကွာဟမှု၊အကျင့်ပျက်ခြစားနေတဲ့ မြန်မာ့ပညာရေးလောက၊ စတာစတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပါတယ်။ ဖတ်စကနေ အခန်း၁၁ အထိတော့ ဖတ်ရတာ သာမာန်ပါပဲ။ (ကျွန်မတကိုယ်စာကိုပြောတာပါ၊ဆရာကြုံရတဲ့အခက်အခဲတွေကတော့ စိတ်ညစ်ညူးစရာတွေကြည့်ပါပဲ)
ကျွန်မလည်း စာအုပ်ကိုဖတ်လိုက်၊ ပြန်ချထားလိုက်နဲ့ပါပဲ။ အဲ…ဒါပေမယ့်၊ အခန်း ၁၂ကစလို့ ဒီစာအုပ်လေးအပေါ်မှာ ကျွန်မရဲ့
စိတ်ဝင်စားမှုဒီဂရီကမြင့်တက်လာခဲ့ပါပြီ။ တိတိကျကျပြောရရင် ပဲခူးရိုးမနားက “ဝါးစိမ်းတော” ဆိုတဲ့ ရွာကလေးကို ရောက်ချိန်ကစလို့ပေါ့။
လမ်းပန်းဆက်သွယ်ရေးကစလို့၊လူနေမှုအဆင့်အတန်း အစစအရာရာနိမ့်ကျတဲ့တောရွာကလေး။ တောဆင်ရိုင်းတွေမကြာခဏဆိုသလိုလာတတ်တဲ့ရွာကလေး။မိုးရွာပြီဆိုရင် ရွှံဗွက်တွေတစ်တောင်လောက်ထူလာတတ်တဲ့ရွာကလေး။ဖုန်းလိုင်းမရှိ၊လျှပ်စစ်မီးမရှိတဲ့ရွာသိမ်ရွာမွှားကလေး။ အစစအရာရာနွမ်းပါးလှတဲ့သည်ရွာကလေးမှာ
ရွာလူကြီး၊ရွာဦးကျောင်းဆရာတော်ဘုရား၊ ကျောင်းအုပ်ဆရာမကြီးနဲ့ရွာသူရွာသားတွေဟာတော့အင်မတန်ကြည်ညို၊လေးစား၊ချစ်ခင်စရာကောင်းလှပါတယ်။ အထူးသဖြင့်တော့ ရရာသင်ထောက်ကူပစ္စည်းကလေးတွေနဲ့ တပည့်တွေနားလည်လာအောင် ကြိုးစားပမ်းစားသင်ပေးရှာတဲ့ ၊အစစအရာရာ သာလွန်တဲ့မြို့ကျောင်းကလေးကနေ၊ ဆီနဲ့ရေလိုကွာဟလွန်းတဲ့တောကျောင်းကလေးဆီအရောက်လာပေးရှာတဲ့၊ ပြည်သူ့ဝန်ထမ်းပီသလွန်းတဲ့ နာသုံးနာနဲ့ကျောင်းဆရာဇာတ်ကောင်လေးကိုတော့ သဘောအကျမိရဆုံးပါပဲ။
ဘာ့ကြောင့်သဘောကျမိသလဲဆိုတာကိုတော့ စာအုပ်လေးထဲမှာသာ ကိုယ်တိုင်ဖတ်ကြည့်စေချင်ပါတယ်။ အသစ်ထွက်လာမယ့် ဆရာ့လက်ရာအသစ်တွေကိုလည်း မျှော်လင့်ရင်း “ရွက်ခြောက်”ကလေးကိုလည်းဖတ်ဖြစ်အောင်ဖတ်ပါဦးမယ်။
#ပျိုး
#၇၊၆၊၂၀၂၃