ညို့ကိုဘယ်လိုပြောရပါ့


Featured Image
# ညို့ကိုဘယ်လိုပြောရပါ့ #
ဆရာ ထွန်းတောက်ထဋ် (သင်္ချာ) ရဲ့ ညို တဲ့။
ညိုရဲ့ဘဝကို စာရေးသူက
တိမ်မည်းညို (၂၀၂၂ခုနှစ်)
ညို(သို့မဟုတ် )ညိုမီမီခင် (၂၀၀၉ ခုနှစ်)
ကောင်းကင်ညို (၂၀၁၃ ခုနှစ်)
မိုးသားညို (၂၀၁၈ ခုနှစ်)
တိမ်မည်းညို (၂၀၂၂ခုနှစ်)
ညို (သို့မဟုတ် )မှောင်မိုက်မှာညို ဆိုပြီးခေါင်းစဥ်ခြောက်ခုနဲ့ စီခြယ်ပြသွားပါတယ်။ ကလေးနှစ်ယောက်နဲ့လင်ယောက်ျားကစွန့်ပစ်ပြီး ဘဝနွံမှာအနစ်ကြီးနစ် နေတဲ့မိန်းကလေး၊သစ္စာမဲ့ တာဝန်မဲ့သူ ခင်ပွန်းသည်ကြောင့် လောကဓံလှိုင်းတံပိုးကြားမြုပ်ချီ ပေါ်ချီ ယက်ကန်ရုန်းထနေတဲ့မိန်းကလေး၊ ခင်ပွန်းဖြစ်သူကစိမ်းကားပစ်ပယ်ပေမယ့် သူငယ်ချင်းဖြစ်သူလင်းနိုင်ရဲ့ ဖေးမကူညီမှုတွေက ကျေနပ်စရာ၊ ဒါပေမယ့် လင်းနိုင်ကလက်တွဲဖို့တကယ်ကမ်းလှမ်းတော့ သူမအနေနဲ့လက်တွဲဖို့မရွေးချယ်ခဲ့ပါဘူး။
ဆရာထွန်းတောက်ထွဋ် ဟာစာရေးသက်အတန်ရင့် စာရေးခြင်းအတတ်ပညာနှင့်ကျွမ်းဝင်ပြီးသူပီပီညိုကိုထုဆစ်ရာမှာ ပီပီပြင်ပြင်ထုဆစ်နိုင်ပါတယ်။ကိုဗစ်ကာလဖြတ်သန်းမှုကလည်း ညို့ဘဝကိုပိုမိုမှောင်စေဟန်တူရဲ့။
မိသားစုစားဝတ်နေရေးအတွက် ညိုပလက်ဖောင်းပေါ်ရောက်သွားတာလည်း သဘာဝကျပါတယ်။ ဒီလိုမိန်းကလေးတွေမြန်မာပြည်မှာဘယ်လောက်တောင်များနေလိမ့်မလဲ။
စာရေးဆရာဟာမှန်တစ်ချပ်ကိုကိုင်ပြီး ခေတ်ထဲကိုဖြတ်သန်းသူဖြစ်တယ်စကားအရ စာရေးသူဟာ သူမြင်တွေ့ကြားသိထားတဲ့လောကဖြစ်စဥ်ကို သီကုံးဖွဲ့နွဲ့ထားခြင်းဖြစ်ပါတယ်။ ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။
ကိုယ့်စာဖတ်ရင် ဖြစ်နိုင်ခြေနဲ့ချိန်ထိုးပြီးဖတ်လေ့ရှိတဲ့အခါ ညိုမှာ ဖြစ်နိုင်ခြေမရှိတာ ယုတ္တိမရှိတာ သဘာဝလွန်ဖြစ်နေတာတွေ ဘာတစ်ခုမှ မရှိပါဘူး။ ညိုရဲ့ဇာတ်လမ်းဟာ ဒီမှာတင်ပြီးဆုံးသွားပြီလား။ ဝတ္ထုဆုံးသွားပေမယ့်အတွေးကမဆုံးသေးပါဘူး။
အချိန်ကြာမြင့်မှ ကမ်းလှမ်းလာတဲ့ ခင်ပွန်းသည်ရဲ့ထောက်ပံ့မှုကိုငြင်းဆန်ပြီးကလေးနှစ်ယောက်ရွာပြန်ပို့ ညိုလမ်းပေါ်ပြန်ရောက်တာနဲ့ဇာတ်သိမ်းထားပါတယ်။
ဒီနေရာမှာ ကိုယ်တော်တော်ငေးသွားတယ် ။မိုက်လိုက်တဲ့ညိုရယ်လို့လည်း ဆိုမြည်လိုက်မိတယ်။ ညို့ကိုစိုးရိမ်တယ် ဒီလောက ကရမ်းကားသူပေါတဲ့လောက၊ အကာအကွယ်သုံးတယ်ဆိုဦးတော့ အကာအကွယ်ကိုငြင်းဆန် ၊ညို့ကို အနိုင်ကျင့်တဲ့အဖြစ်မျိုးတစ်ကြိမ်မဟုတ် တစ်ကြိမ်တိုးနိုင်ရဲ့မဟုတ်လား။ဒါဆိုရင် ညို့မှာကပ်ငြိလာနိုင်တဲ့ ရောဂါဘယတွေ ။
ကော့သောင်းသင်္ချိုင်းမှာထိုင်းကရောဂါရလာတဲ့မိန်းကလေးတွေကိုမသေသေးဘဲအုတ်ဂူမှာ လာမှီပစ်ထားတဲ့ အဖြစ်ဆိုးတွေရှိဖူးလေတော့ ညို့ အတွက်စိုးရိမ်မိတယ်။ ရေရှည်မှာဘယ်လိုမှမကောင်းနိုင်ဘူး။
စာရေးတယ်ဆိုတာ ကိုယ်တည်ဆောက်ချင်တဲ့လောကကို စာရေးသူကထုဆစ်ပြရမှာပါ။ စာရေးသူအနေနဲ့ညို့ကို မှောင်ထဲမှာပိတ်လှောင်မထားသင့်ပါဘူး။ အလင်းတစ်ကိုရှာဖွေဖို့ လမ်းကြောင်းရှာပေးသင့် တယ်ထင်ပါတယ်။
နောက်တစ်ချက်က ဝတ္ထုတစ်ပုဒ်လုံးစကားပြောနဲ့ရေးသွားတော့ စကားပြေအလှပျောက်ဆုံးနေတယ်လို့ခံစားရပါတယ်။ လုံးချင်းမှာစကားပြေအလှလိုအပ်ပါတယ်။ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ စကားပြေအလှ ၊ဆရာ ငြိမ်းကျော်ရဲ့စကားပြေအလှ ကိုယ်တို့စွဲခဲ့ကြရဲ့မဟုတ်လား။ စကားပြေအလှနဲ့ကောင်းကောင်းဖွဲ့လိုက်ရင်ညို့ဘဝ ဒီထက်ပိုပြီး `ကြွ´ လာမယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သနားစရာကောင်းတဲ့ညိုကိုချစ်လို့ ထုပ်ထုပ်ဆောင်းပေးလိုက်ပါတယ်။

Main Menu